မင်းဘူး နိုဝင်ဘာ ၄
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့ရှိ စက္ကိန်းတဲ စေတီတော်မြတ်ကြီးတွင် တန်ဆောင်မုန်း လပြည့် (သာမညဖလ) အခါတော်နေ့ ညက မီးပုံးပျံများလွှတ်တင်ကာ ဆီမီးများ ထွန်းညှိပူဇော်ကြပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
ထွန်းညှိပူဇော်
ဆီမီးပူဇော်ရာတွင် မင်းဘူးမြို့နယ်/ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဦးဆောင်၍ ဘုရားဂေါပက အဖွဲ့ဝင်များ၊ ဒေသခံပြည်သူများနှင့် ဘုရားဖူးလာရောက်သူများက မီးပုံးပျံများ လွှတ်တင်ကာ ဆီမီးများ ထွန်းညှိပူဇော်ကြပြီး ဘုရားဖူး လာရောက်ကြသူများကို မြို့နယ်/ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ စုပေါင်း၍ ကြာဆံချက်များဖြင့် ဧည့်ခံကျွေးမွေးခဲ့သည်။
ထိုသို့ တန်ဆောင်တိုင် ရုံးပိတ်ရက် ကာလနှင့် တန်ဆောင်မုန်းလပြည့်နေ့တွင် မင်းဘူး(စကု)မြို့နယ် အတွင်းရှိ အထင်ကရနေရာများဖြစ်သော မန်းရွှေစက် တော်ဘုရား၊ ရှင်ပင်စက္ကိန်းတဲ စေတီတော်၊ နဂါးပွက်တောင်တော်၊ ရှင်မင်းပူးစေတီတော်၊ ရှင်ပင်ချမ်းသာကြီး စေတီတော်နှင့် ဘုရားကျောင်းကန် စေတီပုထိုးစသည့် အထင်ကရ နေရာများ၌ ဥပုသ်သီလ ဆောက်တည်ကြသူများ၊ ပရိတ်/ ပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ် ပူဇော်ကြသူများ၊ အလှူအတန်းနှင့် ကောင်းမှု ကုသိုလ်ပြုလုပ်သူများ၊ ဆီမီး၊ ပန်း၊ ရေချမ်း ကပ်လှူပူဇော် ကြသူများအပြင် အနယ်နယ် အရပ်ရပ်မှ ဘုရားဖူး လာရောက် လည်ပတ်ကြသူများဖြင့် စည်ကားခဲ့ကြောင်း သိရသည်။
ဇေယျာနိုင်(ရွှေကန်မြေ)


