ရန်ကုန်    နိုဝင်ဘာ  ၁

 

ပွင့်လင်းခရီးသွားရာသီဖြစ်သည့် တန်ဆောင်တိုင်ပိတ်ရက်ကာလတွင် ပုဂံယဉ်ကျေးမှုဒေသ နှင့်  လိုက်ဖက်ညီသည့်   မြင်းလှည်းများဖြင့် ခရီးသွားလာနိုင်ရန် အစီးရေ ၆၀ ကျော်ဖြင့် ပြည်တွင်း/ပြည်ပခရီးသွားများကို ဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း ပုဂံ မြင်းလှည်းအသင်းမှ သိရသည်။

 

ပုဂံတွင်   မြင်းလှည်းဂိတ်ကြီး နှစ်ခုဖြစ်သည့် သဗ္ဗေညုနှင့်  အာနန္ဒဘုရားမှ အခြားသောနေရာများသို့ ပုံမှန်ပြေးဆွဲပေးခြင်းနှင့် စင်းလုံးငှားခြင်းတို့ကို ဝန်ဆောင်မှုပေး သည့်အပြင်   အထင်ကရဘုရားစေတီများသို့ ဆာကူရာ၊ သရပါ၊ ပုဂံသံတဲနှင့် ပုဂံဟိုတယ်များအနီးရှိ မြင်းလှည်းများကလည်း သွားလိုရာခရီးစဉ်အလိုက် ပြည်တွင်း/ပြည်ပခရီးသွားများကို ဝန်ဆောင် မှု ပေးလျက်ရှိသည်။

 

“ ခရီးသွားတွေက သဗ္ဗေညု ဘုရားကနေ အခြားနေရာမျိုးစုံကို အစီးများကြတယ်။ နိုင်ငံခြားသား တွေဆိုရင် စင်းလုံးငှားပြီးစီးတာ များတယ်။ ပြည်တွင်းခရီးသွားတွေ ကတော့    မိသားစုလိုက်ရော၊ အုပ်စုလိုက်ရော  စီးကြတာများတယ်။    ဝန်ဆောင်ခဈေးနှုန်း နည်းနည်းမြင့်သွားတာတော့ရှိတယ်  သီတင်းကျွတ်ပိတ်ရက်မှာ ပုဂံက မြင်းလှည်းတွေ အဆင်ပြေခဲ့ကြတဲ့အတွက်    လာမယ့်တန်ဆောင်တိုင်ပိတ်ရက်မှာလည်း ဟိုတယ်အခန်းတွေ   ကြိုတင် မှာယူထားကြတာကြောင့်  ခရီးသွားဝင်မယ်လို့ အားလုံးမှန်းထား ကြပါတယ်။ ပုဂံ‌ဒေသဟာ ခရီးသွားတွေနဲ့   ရပ်တည်ရတာဖြစ်တဲ့အတွက် ခရီးသွားမရှိတဲ့အချိန်မှာ ကိုင်းလုပ်ငန်းနဲ့  အသက်မွေးကြရပါတယ်။ အခြားပို့ဆောင်မှုကဏ္ဍတွေလည်း   ဝင်လာနေကြတာကြောင့် တစ်ချိန်မှာ မြင်းလှည်းတွေ    ပျောက်ကွယ်သွားမှုမရှိအောင် ထိန်းသိမ်းနေကြပါတယ်။ အသင်းအနေနဲ့ တန်ဆောင်တိုင် ပွဲတော်ကာလမှာ ခရီးသွားတွေ စိတ်အေးချမ်းစွာ လည်ပတ်နိုင်အောင် အကောင်းဆုံးဝန်ဆောင်မှုပေးဖို့ ခရီးစဉ်တွေ ပြင်ဆင်ထား ကြပါတယ်”ဟု ပုဂံမြင်းလှည်း အသင်းဥက္ကဋ္ဌ ဦးမြတ်သူက ပြေ သည်။

 

ပုဂံဒေသအတွင်း မြင်းလှည်း ရာ‌ကျော်ရှိပြီး လက်ရှိတွင် ပွဲတော် ကာလ၌ အစီးရေ ၆၀ ကျော် ပြေး ဆွဲလျက်ရှိရာ   အခြားရက်များ၌ ပင်မဂိတ်နှစ်ခုဖြစ်သည့် သဗ္ဗေညု နှင့် အာနန္ဒာဘုရားအနီးမှ အစီးရေ ၃၀ ကျော် ပြေးဆွဲပေးလျက်ရှိသည်။ ပြည်တွင်း/ပြည်ပ ခရီးသွားများ အနေဖြင့် သဗ္ဗေညုဘုရားဖူး၍ ဘုရားတစ်ပတ်      မြင်းလှည်းစီး ခြင်း၊ ထိုဘုရားမှ ရွှေကွန်ချာဘုရား (ဧရာဝတီမြစ်ဘေး)၊ နတ်ထောင် ကျောင်း (ရှေးဟောင်းရုပ်စုံကျောင်း)၊ ရွှေကူကြီး၊ ယင်မနားတောင်ကုန်း (ပုဂံရှုခင်း)နှင့် အထင်ကရ ဘုရား၊ စေတီများသို့    မြင်းလှည်းစီး၍ ပုဂံဒေသ၏    သဘာဝအလှကို ကြည့်ရှုလည်ပတ်မှုများကြောင်း သိရသည်။

 

ပွင့်လင်းခရီးသွားရာသီ အစဖြစ်သည့်   သီတင်းကျွတ်ပွဲတော်ကာလတွင် ပုဂံယဉ်ကျေးမှုဒေသ၌ ဟိုတယ်အခန်းများပြည့်ခဲ့ပြီး တန်ဆောင်တိုင်ပွဲတော်ပိတ်ရက် ဖြစ်သည့် နိုဝင်ဘာ ၁ ရက်မှ ၄ ရက်တွင်လည်း ဟိုတယ်အခန်း များ ကြိုတင်မှာယူထားကြောင်း၊  တန်ဆောင်တိုင်ပွဲတော်ကာလတွင်လည်း ပုဂံဒေသ၏ ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်ဒေသ၏ သဘာဝအလှကို ကြည့်ရှုလေ့လာ နိုင်ရန် ပုဂံမြင်းလှည်းအသင်းက ခရီးစဉ်များရေးဆွဲ၍    ကြိုတင် ပြင်ဆင်ထားပြီးဖြစ်ကြောင်း   သိရ သည်။     

 

ဥဿ၊ ဓာတ်ပုံ-ဇွဲမာန်