နေပြည်တော် ၁၀  မတ်

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်အပေါ် အဂတိလိုက်စားမှုများကျူးလွန်ကြောင်း တိုင်ကြားစာများနှင့်စပ်လျဉ်း၍ ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း၍ စစ်ဆေးခဲ့သည်။ စုံစမ်းစစ်ဆေးရေးအဖွဲ့သည် ဖေဖော်ဝါရီ ၄ ရက်မှ ၆ ရက်အထိ နေပြည်တော်၊ရန်ကုန်နှင့်ထားဝယ်မြို့များတွင် စုံစမ်းစစ်ဆေးရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးဖော်ထုတ်ချက်များအရ-၂၀၁၆ ခုနှစ် ဧပြီလတွင် မဟာသြင်္ကန်ပွဲတော် ဗဟိုမဏ္ဍပ် တည်ဆောက်ရေးလုပ်ငန်း၊ ၂၀၁၆ ခုနှစ် နိုဝင်ဘာလတွင် ထားဝယ်တက္ကသိုလ်ဝင်းအတွင်း ချုံနွယ်ရှင်းလင်းခြင်းလုပ်ငန်း၊ ထားဝယ်လေယာဉ်ကွင်း အပြင်ဘက် ချုံနွယ်ရှင်းလင်းခြင်းလုပ်ငန်းများအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့က ထိုက်သင့်သည့်တန်ဖိုးမပေးဘဲ F-22 Sunny Construction Co.,Ltd. သို့ တာဝန်ပေး ဆောင်ရွက်စေခဲ့ပြီး မကြာမီ ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်တွင် တင်ဒါခေါ်ယူခြင်း၊ အစိုးရအဖွဲ့အစည်းအဝေး၌ အတည်ပြုဆုံးဖြတ်ခြင်းတို့မရှိဘဲ ထားဝယ်လေယာဉ်ကွင်း အတွင်း ချုံနွယ်ရှင်းလင်းခြင်းလုပ်ငန်းတစ်ခုတည်းကို ခွင့်ပြုငွေကျပ်သိန်း ၄၀ဝ၀ ဖြင့် ဝန်ကြီးချုပ်၏ ရာထူးတာဝန်ကို အလွဲသုံးစားပြု၍F-22 Sunny Construction Co.,Ltd. သို့တိုက်ရိုက်ခွင့်ပြုဆောင်ရွက်စေခြင်းသည် တံစိုးလက်ဆောင်ကို အဖွဲ့အစည်းအတွက် ရယူခြင်းဖြစ်ကြောင်းနှင့် တိုင်းဒေသကြီးများ၏ဒေသန္တရပေါက်ဈေးများနှင့် နှိုင်းယှဉ်တွက်ချက်မှုအရ နိုင်ငံတော်ဘဏ္ဍာငွေများ နစ်နာဆုံးရှုံးရကြောင်း။

ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်သည် ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းများ၊ ပြည်ထောင်စုအစိုးရအဖွဲ့၏ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ခြင်းမရှိဘဲ လမ်းဦးစီးဌာနသို့ တစ်လုံးတစ်ခဲတည်း ငွေကျပ် ၁ဒသမ၉ ဘီလီယံခန့် ထုတ်ယူရန် အခွင့်အရေး ပေးအပ်ခဲ့ပြီး ၂၀၁၈ ခုနှစ် အောက်တိုဘာလခန့်တွင် တိုင်းဒေသကြီးလမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးအား သူ၏ခင်ပွန်း ဦးထွန်းမင်းက ဦးမြင့်ဟို အမည်ဖြင့် ဝယ်ယူထားသော ထားဝယ်မြို့ ဆေးရုံလမ်းနှင့် ဂေါ်သဇင် လမ်းထောင့်ရှိ အိမ်အမှတ် (၁၀၆၈) နှင့် (၁၀၇၀) မြေကွက် နှစ်ကွက်ကို အုတ်ခြံစည်းရိုး ကာရံပေးရန် စေခိုင်းခဲ့ရာ ငွေကျပ်သိန်း (၁၄၀) ကျော် ကုန်ကျခဲ့ပြီး သူအား စုံစမ်းစစ်ဆေးသည့်အခါမှ ယင်းငွေကို ပြန်လည်ပေးချေကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ထိုက်သင့်သည့်တန်ဖိုးပေးချေခြင်းမရှိဘဲ အုတ်ခြံစည်းရိုး ကာရံပေးစေခြင်းဖြင့် တံစိုးလက်ဆောင်အဖြစ် ရယူခဲ့ကြောင်း။    

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်သည် ၎င်း၏ မိသားစုပိုင်သည့် သရက်ချောင်းမြို့နယ်၊ မြို့မရပ်၊ မြိတ်-ထားဝယ် ကားလမ်း၊ အိမ်အမှတ် (၆)ရှိ နှစ်ထပ်နေအိမ်နှင့် ဝိုင်းမြေကို ကာလတန်ဖိုး ငွေကျပ် သိန်း (၃၂၀) ကျော် ခန့်သာ တန်ဖိုးရှိသော်လည်း ကျပ်သိန်း(၂၀ဝ၀)ဖြင့် GGS ကုမ္ပဏီသို့ ရောင်းချခဲ့ကြောင်း၊ GGS ကုမ္ပဏီအား သရက်ချောင်း ငါးလေလံဈေးတည်ဆောက်ခြင်း၊ ထားဝယ်ခရိုင်လျှပ်စစ် ဓါတ်အား ထုတ်လုပ်ဖြန့်ဖြူးခြင်း၊ ထားဝယ်မြို့ ခြင်းလုံးရုံ တည်ဆောက်ခြင်း၊ ပုလောမြို့ မြို့တော်ခန်းမ တည်ဆောက်ခြင်း၊ ထားဝယ်နှင့် မြိတ်တွင် ခြောက်ခန်းတွဲ လေးထပ်တန်ဖိုးနည်း အငှားအိမ်ရာ(၄)လုံး တည်ဆောက်ခြင်း၊ နေပြည်တော်တွင် တနင်္သာရီတိုင်း ဧည့်ရိပ်သာနှင့် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ခြင်းလုပ်ငန်းများကို လုပ်ကိုင်ခွင့်ပြုခြင်းဖြင့် အခွင့်အရေးပေးခဲ့ကြောင်း၊ နေအိမ်ကို ဝယ်ယူသူ ဦးသူရအုံသည် GGS ကုမ္ပဏီနှင့် အကျိုးစီးပွားဆက်စပ် ဆောင်ရွက်သူဖြစ်ပြီး ကုမ္ပဏီအထွေထွေမန်နေဂျာဖြစ်ကြောင်း၊ GGS ကုမ္ပဏီမှတာဝန်ရှိသူများဖြစ်သော ဦးသိန်းထွေး၊ ဦးအောင်မြတ်နှင့် ဦးသူရအုံတို့သည် အိမ်နှင့်မြေကိုကာလတန်ဖိုးထက် (၆)ဆခန့် ပိုသည့်တန်ဖိုးဖြင့် ဈေးပိုပေး၍ဝယ်ယူခဲ့ပြီး အကျိုးအမြတ်ရရှိမည့် လုပ်ငန်းများ လုပ်ကိုင်ခွင့်ရရှိခဲ့ကြကြောင်း။

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်အတွင်း လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရောင်းချခြင်းဆိုင်ရာ သဘောတူစာချုပ်ကို ၂၀၁၆ခုနှစ် ဒီဇင်ဘာ (၆) ရက်တွင် ချုပ်ဆိုခဲ့ပြီး လုပ်ကိုင်ခွင့်ပြုသူ နေရာတွင် တိုင်းအစိုးရအဖွဲ့ကိုယ်စား အတွင်းရေးမှူးနှင့်၊ လုပ်ကိုင် ခွင့်ရသူနေရာတွင် GGS ကုမ္ပဏီကိုယ်စား ဦးသိန်းထွေးတို့ လက်မှတ်ရေး ထိုးခဲ့ကြကြောင်း၊ စာချုပ်ပါစည်းကမ်းချက်များအတိုင်း အကောင်အထည်ဖော် ရေးကြီးကြပ်ရန် ပျက်ကွက်သဖြင့် စည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်းများကို ဖောက်ဖျက်ရာရောက်ကြောင်း၊ ၂၀၁၇ခုနှစ် ဇူလိုင် ၁ ရက်မှစ၍ စစ်ဆေးသည့်အချိန်အထိ သဘာဝဓါတ်ငွေ့ဖိုး ကျပ်သန်း (၈၀ဝ၀) ကျော်ကို ပေးချေရန် တာဝန်ရှိသည့် GGS ကုမ္ပဏီဘက်မှ ပေးချေရန် ပျက်ကွက်နေကြောင်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ စိုက်ထုတ်ကျခံခဲ့ရသဖြင့် နိုင်ငံတော်ဘဏ္ဍာငွေများ ထိခိုက်နစ်နာဆုံးရှုံးမှုရှိကြောင်း ပေါ်ပေါက်မှုအပေါ် အဆိုပါ လုပ်ငန်းစဉ်တွင် ပါဝင်ခဲ့သည့် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် GGS ကုမ္ပဏီမှ ဦးသိန်းထွေး နှင့် ဦးအောင်မြတ်တို့သည် အဂတိလိုက်စားမှုဖြင့် ငြိစွန်းကြောင်း တွေ့ရှိရသည်။

သို့ဖြစ်ပ၍ စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်များအရ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်အား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရလည်းကောင်း၊ GGS ကုမ္ပဏီမှ MD ဦးသိန်းထွေး၊ ဒါရိုက်တာ ဦးအောင်မြတ်နှင့် ဦးသူရအုံတို့အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅/၆၃ အရလည်းကောင်း သီးခြား ပြစ်မှုများအတွက် သီးခြားစွဲချက်များဖြင့် အမှု(၄)မှုခွဲ၍ အရေးယူ ဆောင်ရွက်ရန် ထားဝယ်မြို့၊ မြို့မရဲစခန်း၌ ယနေ့ရက်စွဲဖြင့် ပထမ သတင်းပေး တိုင်ကြားချက်ဖွင့်လှစ်ပြီး တရားစွဲဆိုအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ သတင်းရရှိသည်။

(သတင်းစဉ်)