ထားဝယ် အောက်တိုဘာ ၂၂
“အမြင်အာရုံကောင်းစေဖို့ အသိပညာမျှဝေလို့ မျက်စိကျန်းမာရေးအလေးပေးစို့”ဟူသည့် ဆောင်ပုဒ်နှင့်အညီ ကမ္ဘာ့မျက်မမြင် ပပျောက်ရေးနေ့ အထိမ်း အမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ မြို့တော်ခန်းမ(၂)၌ ကျင်းပသည်။
ပြောကြား
အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကိုက နှစ်စဉ် အောက်တိုဘာလ၏ ဒုတိယရက် သတ္တပတ်ကို “ကမ္ဘာ့မျက်မမြင် ပပျောက်ရေးနေ့”အဖြစ် သတ်မှတ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဝင် နိုင်ငံများက နှစ်စဉ်ကျင်းပရာ မြန်မာနိုင်ငံတွင်လည်း ၂၀၀၀ ပြည့်နှစ်မှစပြီး စတင် ကျင်းပကြောင်း၊ ရည်ရွယ်ချက်အနေဖြင့် မျက်စိကွယ်ခြင်းနှင့် အမြင်အာရုံ ချို့ယွင်းခြင်းများသည် ပြည်သူ့ကျန်းမာရေး ပြဿနာတစ်ခု ဖြစ်ကြောင်းကို သိရှိနားလည်ပြီး ကျန်းမာရေးဝန်ကြီးဌာန အပါအဝင် အခြားနှီးနွှယ်ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့များ၊ မိတ်ဖက် အဖွဲ့အစည်းများနှင့် စေတနာ့ဝန်ထမ်းများ အားလုံးက ပြည်သူလူထုနှင့်အတူ တက်ညီလက်ညီပူးပေါင်း၍ မျက်စိ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လာစေရန်နှင့် ကာကွယ်ကုသ၍ရသော မျက်စိ ရောဂါများကြောင့် အမြင်အာရုံချို့ယွင်းမှုနှင့် မျက်မမြင်ဖြစ်ပွားမှု လျော့နည်း ပပျောက်သွားစေရန်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီး ဝန်ကြီးများက ခုတင်(၃၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီး ထားဝယ်မှ ဆေးရုံအုပ်ကြီး မျက်စိအထူးကု ဆရာဝန်ကြီး ဦးဆောင်သော ဆေးအဖွဲ့က ကမ္ဘာ့မျက်မမြင် ပပျောက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဘိုးဘွားများအား မျက်စိစမ်းသပ် ကုသပေး၍ ကုသိုလ်ယူနေမှုကို ကြည့်ရှုအားပေးပြီး ပါဝါမျက်မှန်နှင့် လှူဖွယ်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


