နေပြည်တော်  ၁၃   မတ်

 

နယ်စပ်ရေးရာဝန်ကြီးဌာနမှ နယ်စပ်ဒေသဖွံ့ဖြိုးရေးစီမံကိန်းအရ ၂၀၁၃ - ၂၀၁၄  ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်အတွင်း သဘာဝဘေးဒဏ်ကြောင့် ပျက်စီးသွားခဲ့သည့် ဇာဒက်ကြီးကျွန်းပတ်လမ်း လမ်းပိုင်းများကို ပြုပြင်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 

ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် လမ်းပြုပြင်ရေးရှင်းလင်းဆောင်၌ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လမ်းလုပ်ငန်း အရည်အသွေး စံချိန်စံညွှန်းများနှင့်အညီ ရေရှည်တည်တံ့ခိုင်မာကောင်းမွန်အောင် ဆောင် ရွက်ကြရန်မှာကြားပြီး  လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးကာ ပြုပြင်ပြီးလမ်းပိုင်းများ အား မော်တော်ယာဉ်ဖြင့် ကြည့်ရှုစစ်ဆေးသည်။ယနေ့တွင် ပြည်ထောင်စုဝန်ကြီးသည် ဘုတ်ပြင်းမြို့နယ်အတွင်း ၁၉၉၈ ခုနှစ်က မဟာဗျူဟာလမ်းအစီအစဉ်အရ ဖောက်လုပ်ခဲ့သည့် ဟန်ကပြု - ရွာဟေ့လူလမ်း (၃၄/၄) မိုင် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းခွင်၌ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ် ပထမ(၆)လပတ်  ခွင့်ပြု ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော မြေလမ်းပြုပြင်ထိန်းသိမ်းခြင်းနှင့် ကျောက်ချောလမ်း ဆောင်ရွက်ပြီးစီးမှုများ၊ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် သံကူကွန်ကရစ် တံတား ပေ ၁၀ဝ တစ်စင်းနှင့် ၆၅ ပေ တစ်စင်း၊ Box Culvert ၉ ခု တည်ဆောက်ရေး လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ခံအင်ဂျင်နီယာများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

 

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများဆောင်ရွက်ရာတွင် သတ်မှတ်အရည်အသွေး စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်သွားကြရန်၊ ဖြစ်နိုင်ချေရှိ သည့် သဘာဝဘေးဖြစ်စဉ်များကို ထည့်သွင်းစဉ်းစားဆောင်ရွက်သွားရန်နှင့် လုပ်ငန်းများ ပြီးစီးပါက ရေရှည်တည်တံ့ခိုင်မြဲရေးအတွက်  ဒေသခံပြည်သူများ ဝိုင်းဝန်းကူညီထိန်းသိမ်း စောင့်ရှောက်သွားကြရန် မှာကြားသည်။

 

(သတင်းစဉ်)