မြန်အောင် ၂၁ စက်တင်ဘာ
မြန်အောင်မြို့ အမှတ် ၆ ရပ်ကွက် ဧရာဝတီမြစ်ရွှေဘုံသာကမ်းနား ဂုံလျော်ဂိုဒေါင်ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော ထွန်းမေတ္တာ တွန်းသင်္ဘောမှာ ယနေ့ညနေ ၅ နာရီခန့်က မီးလောင်မှုဖြစ်ပွား၍ ဧရာဝတီမြစ်အတွင်း မျောပါသွားပြီး ရှားတောကျေးရွာအနီး မြစ်ကမ်းသောင်စပ်တွင် ကပ်၍ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
မီးလောင်မှုဖြစ်ပွားသော တွန်းသင်္ဘောအား မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသပိုင်မီးသတ်တပ်ဖွဲ့ဝင်များနှင့် အနီးအနားရှိ ကျောက်စုပ်မော်တော်ဖြင့် မီးငြှိမ်းသတ်ခဲ့ရကြောင်း၊ အဆိုပါတွန်းသင်္ဘောပေါ်ရှိ လုပ်သား ရဲထွန်းနိုင်၊ ချစ်ကိုကို၊ သန့်ဇင်ဖြိုး သုံးဦးမှာ မြန်အောင်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိပြီး လုပ်သားမျိုးနိုင်မှာ မီးလောင်စဉ် ရေထဲသို့ ခုန်ချခဲ့ရာ ယခုအချိန်အထိ ရှာဖွေနေလျက်ရှိကြောင်း သိရှိရသည်။
ထွန်းမေတ္တာ တွန်းသင်္ဘောတွင် သင်္ဘော သံတက်မကောက်နေမှုကို Gas အိုးအသုံးပြု၍ ဂဟေဆော်နေစဉ် မီးအပူရှိန်ကြောင့် အနီးရှိ ဆီတိုင်ကီ မီးလောင်ပေါက်ကွဲမှုဖြစ်ပွားပြီး မီးလောင်ခဲ့ရာ သင်္ဘောချည်ထားသည့် ကြိုးအားဖြတ်တောက်၍ ဆိပ်ကမ်းနှင့်ဝေးရာသို့ ဧရာဝတီမြစ်ကြောင်းအတွင်းသို့ မျောခဲ့ကြောင်းနှင့် ရှားတောကျေးရွာအနီးရှိ သောင်ပြင်တွင် ရပ်တန့်၍ မီးလောင်ကျွမ်းလျက်ရှိရာ ည ၆ နာရီ ၃၅ မိနစ်ခန့်တွင် မီးငြိမ်းခဲ့ကြောင်း သိရှိရသည်။
ဝင်းဗိုလ် (ပြန်/ဆက် မြန်အောင်)


