တပ်ကုန်း အောက်တိုဘာ ၂၆
ပြည်ထောင်စုနယ်မြေ နေပြည်တော် တပ်ကုန်းမြို့နယ်တွင် မိုးစပါးအပါအဝင် သီးနှံများ ပန်းတိုင် အထွက်နှုန်းရရှိရေး တောင်သူနည်းပညာပေးနှင့် သဘာဝမြေဆွေးပုံပြုလုပ်ခြင်း သင်တန်းကို အောက်တိုဘာ ၂၅ ရက် နံနက်ပိုင်းက ရေအေးကျေးရွာ စိုက်ပျိုးစီးပွား အသိပညာပေး စင်တာ(KC)ခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါပညာပေးသင်တန်းတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးအေးမင်းထွန်းက စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ သီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေး၊ သီးနှံစိုက်စွမ်းအား တိုးတက်ရေး၊ သီးနှံထွက်ကုန်များ ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်ရေး၊ သဘာဝပိုးသတ်ဆေးများ သုံးစွဲရေးနှင့် စိုက်ပျိုးရေများ အလေအလွင့်မရှိ အကျိုးရှိစွာသုံးစွဲရေး ပညာပေးပြောကြားခဲ့သည်။
ထို့နောက် စိုက်ပျိုးရေးတောင်သူများ သဘာဝမြေသြဇာများ ကိုယ်တိုင်ပြုလုပ် အသုံးချတတ်စေရေး အတွက် ဦးစီးအရာရှိ ဦးအေးမင်းထွန်းက ကြီးကြပ်၍ စိုက်ပျိုးရေး ပညာပေးဝန်ထမ်းများက သဘာဝမြေသြဇာပြုလုပ်ခြင်း နည်းပညာရပ်ဖြင့် လက်တွေ့မြေဆွေးပုံပြုလုပ်ခြင်း သင်ကြားပေးခဲ့ပြီး စိုက်ပျိုးရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
တင်စိုးလွင်(ပြန်/ဆက်)


