တပ်ကုန်း အောက်တိုဘာ ၂၂

 

နေပြည်တော် တပ်ကုန်းမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မီးဘေးအန္တရာယ် ကင်းဝေးစေရေး၊ အသိပညာပေး နှိုးဆော်ခြင်းကို အောက်တိုဘာ ၂၂ ရက် ညနေပိုင်းက မီးသတ်ယာဉ်ဖြင့် မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်နှိုးဆော် ဆောင်ရွက်ခဲ့သည်။

 

အသိပေးနှိုးဆော်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဟိန်းအောင်ကျော် ကြီးကြပ်၍ ဒုတိယမီးသတ်ဦးစီးမှူး ဦးသော်ခန့်ဝေ နှင့်ဝန်ထမ်းများက မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးများ၊ မီးသတ်ဆေးဘူးများထားရှိရန်၊ ဖယောင်းတိုင်မီး၊ ခြင်ဆေးမီး၊ မီးဖိုမီးများအား စနစ်တကျ ငြှိမ်းသတ်ပြီးမှ အိပ်ကြပါရန်၊ လျှပ်စစ်မီးအား သတိထားကိုင်တွယ်ကြရန်၊ တရားမဝင် လောင်စာဆီများ သိုလှောင်ခြင်း၊ ရောင်းချခြင်းများ မပြုလုပ်ရန်၊ လမ်းသွားရင်း ဆေးလိပ်သောက်သုံးခြင်း မပြုလုပ်ရန်၊ မိမိတို့နေအိမ် ပတ်ဝန်းကျင်ရှိ ရေအိုး၊ ရေစည်များကို ရေဖြည့်ထားရှိရန်နှင့် မီးလောင်မှု၊ မီးလန့်မှုများ ဖြစ်ပွားပေါ်ပေါက်လာပါကလည်း မြို့နယ် မီးသတ်ဦးစီးဌာနထံသို့ သတင်းပေးပို့ ဆောင်ရွက်သွားရန်တို့ကို မြို့တွင်း ရန်ကုန် - မန္တလေးကားလမ်းနှင့် မြဝတီ၊ ဘုရင့်နောင်၊ အောင်ဇေယျရပ်ကွက်များအတွင်း လမ်းများတစ်လျှောက် မီးသတ်ကားဖြင့် လှည့်လည် အသိပေးနှိုးဆော်ကြောင်း သိရသည်။ 

 

တင်စိုးလွင်