နေပြည်တော် ၁၀ မတ်
ထိုင်းနိုင်ငံတွင်ကျင်းပပြုလုပ်သည့်(၁၆)ကြိမ်မြောက် အာဆီယံတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များအစည်းအဝေး (16th ACDFM) သို့တက်ရောက်ခဲ့သော တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီးဒေါ်ကြူကြူလှ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် တပ်မတော်အရာရှိကြီးများ၊ မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ)ဗိုလ်မှူးချုပ် ခင်ဇော်နှင့် တာဝန်ရှိသူများလိုက်ပါပြီး မတ် ၇ ရက် ညနေပိုင်းတွင် ပတ္တရားမြို့ရှိ Nongnooch Garden သို့သွားရောက်ကြည့်ရှုလေ့လာသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင်အဖွဲ့ဝင်များသည် Nongnooch Garden သို့ ရောက်ရှိရာ တာဝန်ရှိသူများကကြိုဆိုနှုတ်ဆက်ကြပြီး ဥယျာဉ်အတွင်း ပန်းပင်များနှင့် မြေအိုးများအလှဆင်ထားရှိမှုဥယျာဉ်၊ မော်တော်ယာဉ်ပြခန်း၊ Dinosaur Valley နှင့် ရှားပါးသစ်ပင်များအား စိုက်ပျိုးထားရှိမှုဥယျာဉ်များအားလှည့်လည်ကြည့်ရှုလေ့လာကြရာ ဥယျာဉ်မှတာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။
အဆိုပါ Nongnooch Garden အား ၁၉၅၀ ခုနှစ်တွင် အသီးများနှင့် သစ်ခွများ စိုက်ပျိုး ထားသည့် အပူပိုင်းဥယျာဉ်တစ်ခုအဖြစ်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အများပြည်သူများ လာရောက် လေ့လာနိုင်ရန်နှင့် ကမ္ဘာ့လှည့်ခရီးသည်များအား စွဲဆောင်နိုင်ရန်အတွက် ဥယျာဉ်အတွင်း ထိုင်းရိုးရာအိမ်များ၊ အစည်းအဝေးခန်းမနှင့် ဧည့်ခံပွဲခန်းမများ၊ ရေကူးကန်နှင့် စားသောက်ခန်းမ များအားထည့်သွင်းတည်ဆောက်၍ ၁၉၈၀ ခုနှစ်တွင် ဥယျာဉ်တစ်ခုအဖြစ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
ယခုအချိန်တွင်အဆိုပါဥယျာဉ်အတွင်း ထိုင်းရိုးရာယဉ်ကျေးမှုဆိုင်ရာပြပွဲများနှင့် ဆင်ပြပွဲများပြသခြင်းနှင့် ရုက္ခဗေဒဥယျာဉ်အဖြစ် သစ်ပင်အမျိုးအစားမျိုးစုံအား စိုက်ပျိုးထားပြီး အပင်မျိုးစိတ်ပေါင်း ၂ သောင်းခန့်စုဆောင်း ထားကာကမ္ဘာ့စတုတ္ထအဆင့်ရှိသော ဥယျာဉ်တစ်ခုဖြစ်သည်။
ဗာဆိုင်းနန်းတော်ဥယျာဉ် ကဲ့သို့သော ပုံစံတူဥယျာဉ်များ၊ အခြားအထင်ကရနေရာများရှိ ဥယျာဉ်ပုံစံတူများကိုလည်း ထည့်သွင်းပြသထားသည်။ ဥယျာဉ်အတွင်း တိရစ္ဆာန်ရုပ်တုများအား သဘာဝကျစွာ ထည့်သွင်းထားပြီး နေ့စဉ်ကမ္ဘာ့လှည့်ခရီးသည်များနှင့် ထိုင်းပြည်သူများ တစ်သောင်းခန့် လာရောက်လေ့လာကြကြောင်းသိရှိရသည်။
ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ယနေ့မွန်းလွဲ ပိုင်းတွင် ရရောင်ခရိုင်ရှိ 3 Seasons သစ်သီးစက်ရုံသို့ရောက်ရှိကြရာ စက်ရုံမှတာဝန်ရှိ သူများကကြိုဆိုနှုတ်ဆက်ကြပြီး အစည်းအဝေးခန်းမတွင် စက်ရုံမန်နေဂျာမှ စက်ရုံမှ သစ်သီးခြောက်များနှင့် သစ်သီးအမှုန့်များ ထုတ်လုပ်နေမှုအားရှင်းလင်းပြောကြားပြီး စက်ရုံ လည်ပတ်နေမှုဗီဒီယိုဖိုင်အားပြသသည်။
ရှင်းလင်းပြောကြားမှုများအပေါ်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က သိရှိလိုသည်များအားမေးမြန်းပြီး ယခုကဲ့သို့လာရောက်လေ့လာ ခွင့်ရရှိသည့်အတွက်ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့နိုင်ငံသည်လည်းစိုက်ပျိုးရေးနိုင်ငံ တစ်ခုဖြစ်သဖြင့် မိမိတို့နိုင်ငံတွင်လာရောက်၍ရင်းနှီးမြှုပ်နှံမည်ဆိုပါကကြိုဆိုပါကြောင်း၊ ထိုင်းနိုင်ငံမှထွက်ရှိသည့် အသီးအနှံများသည် ရာသီမရွေးထွက်ရှိစေရန်အတွက် မျိုးရိုးဗီဇ ပြုပြင်ထားသည့်အသီးအနှံများဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင်ယခုကဲ့သို့ သစ်သီးခြောက် စက်ရုံတည်ဆောက်မည်ဆိုပါက ကုန်ကြမ်းသီးနှံများ ရာသီမရွေးရရှိအောင်ဆောင်ရွက်ရန် လိုကြောင်းပြောကြားသည်။
ထို့နောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် စက်ရုံအတွင်း သစ်သီးခြောက်များထုတ်လုပ်နေမှု လုပ်ငန်းအဆင့်အဆင့်အားလိုက်လံကြည့်ရှုလေ့လာ ကြရာ စက်ရုံမန်နေဂျာမှလိုက်လံရှင်းလင်းပြသသည်။ အဆိုပါ 3 Seasons သစ်သီးစက်ရုံ သည် သရက်သီး၊ ပိန္နဲသီး၊ မင်းကွတ်သီး၊ ငှက်ပျောသီး၊ ဒူးရင်းသီး၊ နာနတ်သီး အစရှိသည့် သစ်သီးများအား ခေတ်မီနည်းပညာများအသုံးပြုပြီး သစ်သီးများ၏ မူလအနံ့အရသာ မပျက်ယွင်းစေဘဲ အခြောက်ခံခြင်းနှင့် အမှုန့်ပြုလုပ်ခြင်းများကိုဆောင်ရွက်၍ တစ်နှစ်လျှင် အခြောက်ခံပြီး သစ်သီးကုန်ချောတန်ချိန် ၃၀ဝ ခန့်ထုတ်လုပ်ကာ ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် Siam Agro-Food Industry Public Co.Ltd ( SAICO) သစ်သီး စည်သွပ်ဗူးထုတ်လုပ်သည့် စက်ရုံသို့ ရောက်ရှိရာ အစည်းအဝေးခန်းမတွင် ထိုင်းနိုင်ငံထုတ်ကုန်များ သင်္ဘောဖြင့်ပြည်ပ ပို့ဆောင်ရေးအသင်းဥက္ကဋ္ဌ ဖြစ်သူစက်ရုံပိုင်ရှင်မှသစ်သီးများအား စည်သွပ်ဗူး ထုတ်လုပ်နေမှု အခြေအနေများအား ရှင်းလင်းပြောကြားပြီး စက်ရုံလုပ်ငန်းဆောင်ရွက်မှု မှတ်တမ်း ဗီဒီယိုအားပြသသည်။ ရှင်းလင်းပြောကြားမှုများအပေါ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကသိရှိလိုသည်များမေးမြန်းပြီး စားသောက်ကုန်များထုတ်လုပ်ရာတွင် ဓာတုဆေးဝါး ကင်းလွတ်ထုတ်ကုန်များဖြစ်ရန်နှင့် အော်ဂဲနစ်သီးနှံများဖြင့် ထုတ်လုပ်နိုင်ပါကပိုမိုကောင်းမွန်ကြောင်း၊ မိမိတို့နိုင်ငံနှင့်လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ပါကလည်း အော်ဂဲနစ်ထုတ်ကုန်များသာဖြစ်စေလိုကြောင်း ပြောကြားပြီး လိုအပ်သည်များကို အကြံပြု ဆွေးနွေးပြောကြားသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် စက်ရုံအတွင်း သရက်သီးနှင့် ငှက်ပျောသီးများအား စည်သွပ်ဗူးထုတ်လုပ်နေမှုအခြေအနေများအား လိုက်လံကြည့်ရှုလေ့လာကြရာ စက်ရုံပိုင်ရှင်ကရှင်းလင်းပြသသည်။ အဆိုပါ Saico သစ်သီးစည်သွပ်ဘူး ထုတ်လုပ်သည့်စက်ရုံတွင် နာနတ်သီးနှင့် ငှက်ပျောသီးများကို အဓိကထားပြီး စည်သွပ်ဘူးဖြင့်ထုတ်လုပ်၍ ပြည်ပနိုင်ငံများသို့တင်ပို့ရောင်းချလျက် ရှိသည့် စက်ရုံတစ်ခုဖြစ်ပီး စက်ရုံအနေဖြင့်တစ်နှစ်လျှင်ကုန်ကြမ်းတန်ချိန် တစ်သိန်းခွဲခန့် အသုံးပြု၍ ကုန်ချောထုတ်လုပ်နိုင်ပြီး စက်ရုံလုပ်သား ၁၀ဝ၀ ခန့်ရှိသည်။ ထုတ်လုပ်သော ကုန်ချောများအား အမေရိကန်နှင့် ဥရောပသို့အဓိကတင်ပို့လျက်ရှိသည်။
၎င်းကုမ္ပဏီ အနေဖြင့် ထိုင်းနိုင်ငံတွင်စက်ရုံနှစ်ခုရှိပြီး စက်ရုံများအတွက်လိုအပ်သည့် ကုန်ကြမ်းရရှိရေးအတွက် စိုက်ခင်းဧကပေါင်း ၂၈၀ဝ၀ ကျော်မှ သစ်သီးမျိုးစုံ ထုတ်လုပ်ပေးသွင်းလျက်ရှိကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


