နေပြည်တော် ဒီဇင်ဘာ ၂

 

ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်မြစ်တွင်း သွားဆေးရုံရေယာဉ် (ရွှေပုဇွန်)၊ မြစ်ရေယာဉ်(စကု)တို့နှင့်အတူ လိုက်ပါလာသည့် တပ်မ‌တော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများ ပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့တွင် လပွတ္တာမြို့နယ် ဘီတွတ်ကျေးရွာရှိ သာသနာ့ဇေယျုံကျောင်းတိုက်၌ အခြေပြု၍ အဆိုပါကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၅၆၄ ဦးအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။

 

ထိုသို့ ဆောင်ရွက်ပေးရာ ဆေးကုသမှုဆိုင်ရာရောဂါ ၂၄၁ ဦး၊ ခွဲစိတ်ရောဂါ ၃၂ ဦး၊ သားဖွား/မီးယပ်ရောဂါ ၄၀၊ ကလေးရောဂါ ၂၉ ဦး၊ အရိုးရောဂါ ၉၆ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၃၅ ဦး၊ မျက်စိရောဂါ ၄၅ ဦးနှင့် သွားနှင့် ခံတွင်းရောဂါ ၄၆ ဦး စုစုပေါင်း ဒေသခံပြည်သူ ၅၆၄ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ၎င်းတို့အနက် အထွေထွေခွဲစိတ်လူနာ ကိုးဦး၊ မျက်စိခွဲစိတ်ကုသလူနာ ငါးဦး၊ သွားနုတ်/သွားဖာ ၁၉ ဦး၊ ဓာတ်မှန်ရိုက်လူနာ ၁၉ ဦး၊ Ultra-sound စက်ဖြင့် စမ်းသပ်စစ်ဆေး လူနာ ၂၄ ဦး၊ ECG စက်ဖြင့် နှလုံး စမ်းသပ်လူနာ ၁၄ ဦးနှင့် ဓာတ်ခွဲ စမ်းသပ်လူနာ ၄၉ ဦးတို့ကို ရောဂါ ရှာဖွေစမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။ ထို့ပြင် အဆိုပါကျောင်းတိုက်၌ ဖွင့်လှစ်ထားသော လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာမှ ကျောင်းသား ကျောင်းသူများအား သွားနှင့်ခံတွင်း ရောဂါအကြောင်း သိကောင်းစရာ အသိပညာပေးဟောပြော ဆောင်ရွက်ပေးသည်။

 

ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများအပေါ် ဒေသခံပြည်သူများ၏ စကားသံများကို ယခုကဲ့သို့ ကြားသိရပါသည် -

ကျွန်တော့် နာမည်က ဦးတင်ဆန်းဖြစ်ပါတယ်၊ ကျွန်တော်က ဘီတွတ်ရွာမမှာပဲနေတာပါ။ နံရိုးနာကျင်ကိုက်ခဲမှုရယ်၊ မျက်လုံးရယ်လာပြတာပါ။ အဆင်ပြေပါတယ်၊ တိုက်ရိုက်လာလုပ်တဲ့ အတွက် စရိတ်ကအစ သက်သာတာရယ်၊ ကျန်းမာရေးဝန်ဆောင်မှုတွေ ကောင်းမွန်တာကြောင့် အများကြီး ဝမ်းသာပါတယ်။ သွားပြရမယ်ဆိုရင် ခရီးစရိတ်၊ စားစရိတ်၊ သွားစရိတ်တွေက အများကြီး အခက်အခဲရှိတယ်။ လူမျိုးလည်းမခွဲခြားဘူး၊ လူတန်းစားလည်း မခွဲခြားဘူး၊ ကုသရတဲ့ နေရာကလည်း ကျယ်ဝန်းတယ်။ ဧည့်ခံကြိုဆိုမှုနဲ့ ဆရာဝန်ကြီးတွေရဲ့ နွေးထွေးစွာ စောင့်ရှောက်မှုတို့ကြောင့် လူတွေအားလုံးက လာကြတာ၊ ဦးစီးလုပ်ဆောင်ပေးကြတဲ့ ဒီကနယ်လှည့်ဆေးကုသရေးအဖွဲ့တွေ၊ ဆရာဝန်ကြီးတွေအားလုံးကို ကျွန်တော်တို့ ကျေးရွာသူ ကျေးရွာသားများကိုယ်စား ကျွန်တော်က အများကြီးကျေးဇူးတင်ပါတယ်။

သတင်းစဉ်