နေပြည်တော် နိုဝင်ဘာ ၁၇

 

ဧရာဝတီတိုင်းဒေသကြီးအတွင်း ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ မြစ်ဝကျွန်းပေါ်နေ ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် အတွက် တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သည့် တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု) တို့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ အမှတ်(၄)ရေတပ်ဗောတံတားမှလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့နယ် အတွင်းရှိ ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သည့် တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ အမှတ်(၂) ရေတပ်ဆိပ်ခံတံတားမှ လည်းကောင်း အသီးသီး ထွက်ခွာကြရာ တပ်မတော် (ရေ)မှ အရာရှိကြီးများနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများက ပို့ဆောင်နှုတ်ဆက်ကြသည်။

 

အဆိုပါ တပ်မတော်မြစ်တွင်းသွားဆေးရုံ ရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)၊ တပ်မတော် ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) တို့တွင် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုအရာရှိများ၊ သူနာပြုစစ်သည်များနှင့် သူနာပြုရဲမေများ လိုက်ပါသွားကာ ဒေသခံပြည်သူများအား ခွဲစိတ်ကုသ မှုဆိုင်ရာရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ ကလေးရောဂါ၊ အရိုးရောဂါ၊ မျက်စိရောဂါ၊ နား/နှာခေါင်း/လည်ချောင်း ရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးသွားမည်ဖြစ်ပြီး X-Ray ရိုက်ခြင်း၊ Ultrasound ရိုက်ခြင်း၊ ရောဂါဗေဒပါရဂူများဖြင့် ရောဂါရှာဖွေစမ်းသပ်ကုသခြင်း၊ ECG စက်၊ ဓာတ်မှန် ရိုက်စက်များဖြင့် ရောဂါရှာဖွေစမ်းသပ် ကုသပေးခြင်းနှင့် ဓာတ်ခွဲစမ်းသပ်စစ်ဆေးပေးခြင်းများကိုလည်း ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

 

ထို့ပြင် အရေးပေါ်အခြေအနေပေါ်ပေါက်ပါက ဆေးရုံတင်ကုသမှုများ ဆောင်ရွက်ပေးရန် တပ်မတော် မြစ်တွင်းသွားဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ် (စကု)တို့ပေါ်တွင် လူနာ ၃၀ အထိလည်းကောင်း၊ တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)ပေါ်တွင် လူနာ ၂၅ ဦးအထိ လည်းကောင်းတင်ဆောင် ကုသနိုင်သည့် ခွဲစိတ်ခန်း၊ သားဖွားမီးယပ်ခန်း၊ စမ်းသပ်ခန်းနှင့် အထူးကြပ်မတ်ကုသဆောင်များ လည်းပါရှိကြောင်း သိရသည်။

 

တပ်မတော်အထူးကုဆေးအဖွဲ့များပါဝင်သည့် တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ် (ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့အနေဖြင့် ၂၀၁၃ ခုနှစ်မှစတင်၍ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသနှင့် မြစ်ကြောင်းများ တစ်လျှောက် ဆေးကုသရန် ခက်ခဲသောကျေးရွာများရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယခုခရီးစဉ်သည် အကြိမ်(၂၀) မြောက်ဖြစ်ပြီး (၁၉) ကြိမ်မြောက်အထိ ဒေသခံပြည်သူစုစုပေါင်း ၁၈၅၅၆၈ ဦးတို့အား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဆေးရုံရေယာဉ်ပေါ်ရှိ သားဖွားခန်း၌ ကိုယ်ဝန်ဆောင်မိခင် ၃၁ ဦးတို့အား အောင်မြင်စွာမွေးဖွားပေးနိုင်ခဲ့သည်။

 

ဆောင်ရွက်ပေးလျက်ရှိ

အလားတူ တပ်မတော်အထူးကုဆေးအဖွဲ့ဝင်များပါဝင်သည့် တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်)အနေဖြင့် ၂၀၁၆ ခုနှစ်မှစ၍ မြန်မာ့ပင်လယ်ကမ်းရိုးတန်းဒေသများနှင့် ပတ်ဝန်းကျင် ကျေးရွာများရှိဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယခုခရီးစဉ်သည်(၁၉)ကြိမ်မြောက်ဖြစ်ပြီး (၁၈)ကြိမ်မြောက်အထိ ဒေသခံပြည်သူ ၁၆၃၆၄၆ ဦးတို့ကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဆေးရုံရေယာဉ်ပေါ်ရှိ သားဖွားခန်း၌ ကိုယ်ဝန်ဆောင်မိခင် ၂၂ ဦးတို့အား အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်