နေပြည်တော်  ၁၃  မတ်

 

ကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်းနိုင်ခြင်း မရှိသေးမီ ရေယာဉ် ဝင်၊ ထွက်သွားလာမှု များပြားရှုပ်ထွေးပြီး ထောက်လှမ်း စောင့်ကြည့်စိစစ်ခွဲခြားရန် ခက်ခဲသည့် ရေလမ်းကြောင်းများအား တပ်မတော်(ရေ)အနေဖြင့် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပူးပေါင်း၍ မြန်မာ့ပင်လယ်ပြင် ရေကြောင်းလုံခြုံရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ပြောသည်။

 

ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးတွင် ကျောက်တန်းမဲဆန္ဒနယ်မှ ဒေါ်အေးမြမြမျိုး မေးမြန်းသည့် “မြန်မာ့ပင်လယ်ရေကြောင်း လုံခြုံရေးအတွက် လုံခြုံရေးအင်အား တိုးမြှင့်ပေးခြင်း နည်းပညာအပါအဝင် အခြေခံလိုအပ်ချက်များ တိုးမြှင့်ထောက်ပံ့ပေးနိုင်ခြင်း ရှိ မရှိ မေးမြန်းမှုကို ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

 

ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က “ကမ်းခြေစောင့်တပ်ဖွဲ့များအနေဖြင့်  မြန်မာ့ပင်လယ်ပြင် တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ ပင်လယ်ဓားပြရန် ကာကွယ်ရေး၊ ကုန်သွယ်ရေကြောင်းလမ်းများ၊ ရေယာဉ်နှင့် ဆိပ်ကမ်းများ ဘေးကင်းလုံခြုံရေး၊ ရေကြောင်း မတော်တဆမှုများ စုံစမ်းစစ်ဆေးရေး၊ ပင်လယ်ပြင်ရှိ စွမ်းအင်သယံဇာတနှင့် ငါးလုပ်ငန်း စသည့် ရေကြောင်းအကျိုးစီးပွားများအား ကာကွယ်စောင့်ရှောက်ရေး၊ ပင်လယ်ပြင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး၊ ရေထုညစ်ညမ်းမှု ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး၊ ရေကြောင်းနယ်နိမိတ် စောင့်ကြပ်ကြည့်ရှုရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် သွားလာနေသော အပန်းဖြေ စက်တပ်ရွက်လေ ခရီးစဉ်များ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဆောင်ရွက်နေသော ကျွန်းများရှိ အပန်းဖြေပြည်သူများနှင့် ရေလုပ်သား များ၏ လုံခြုံရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့်  ကူညီစောင့်ရှောက်ပေးရေး စသည်တို့ကို အဓိကဆောင်ရွက်ရသော်လည်း မြန်မာနိုင်ငံ၌ လက်ရှိအချိန်တွင် ကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်းထားခြင်း မရှိသေး၍ ၄င်းတာဝန်ဝတ္တရားများကို တပ်မတော်(ရေ)မှ တာဝန်ယူ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

 

ကမ်းခြေစောင့်တပ်ဖွဲ့အား ဖွဲ့စည်းပြီးပါက  တပ်မတော်(ရေ)၏ ကွပ်ကဲမှုဖြင့် မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့၊ မြန်မာနိုင်ငံရေကြောင်း ရဲတပ်ဖွဲ့၊ အကောက်ခွန်ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန စသည့် ရေကြောင်းဆိိုင်ရာ အဖွဲ့အစည်းများမှ  ကျွမ်းကျင်သူ ကိုယ်စားလှယ်များပါဝင်သော Integrated Command Centre (ICC) တစ်ခု ဖွဲ့စည်းတည်ထောင်၍  တပ်မတော် (ရေ)မှ ဦးဆောင်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းများအကြား သတင်းအချက်အလက်များ ရယူဖလှယ်ကာ အချိန်နှင့်တပြေးညီ ဆုံးဖြတ်တုံ့ပြန်ဆောင်ရွက်ခြင်းဖြင့် မြန်မာပင်လယ်ပြင်အား ပိုမိုလုံခြုံစိတ်ချစွာ ကာကွယ် စောင့်ရှောက်သွားရမည် ဖြစ်ပါကြောင်း။

 

ကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်းနိုင်ခြင်း မရှိသေးမီ ရေယာဉ် ဝင်၊ ထွက်သွားလာမှု များပြားရှုပ်ထွေးပြီး ထောက်လှမ်း စောင့်ကြည့်စိစစ်ခွဲခြားရန် ခက်ခဲသည့် ရေလမ်းကြောင်းများအား တပ်မတော်(ရေ)အနေဖြင့် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပူးပေါင်း၍ မြန်မာ့ပင်လယ်ပြင်ရေကြောင်း လုံခြုံရေးအတွက် ဆောင်ရွက်လျက်ရှိ ပါကြောင်း” ရှင်းလင်းဖြေကြားခဲ့သည်။

 

MDN