တောင်ကြီး အောက်တိုဘာ ၂၂

တပ်မတော်သား မိသားစုဝင်များ ဝင်ငွေတိုးပွားလာစေရေးနှင့် အသေးစားစက်မှုလက်မှု လုပ်ငန်းများ ပေါ်ထွက်လာရေးအတွက် ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် တပ်မတော်သား မိသားစုဝင်များအတွက် ဖွင့်လှစ်ခဲ့သည့် စက်ချုပ်နည်းပညာ သင်တန်းဆင်းပွဲကို ယမန်နေ့ နံနက် ၉ နာရီတွင် တောင်ကြီးမြို့ သံလွင်ခန်းမ၌ ကျင်းပသည်။

သင်တန်းဆင်းပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က အမှာစကား ပြောကြားပြီး သင်တန်းဆင်း လက်မှတ်များ၊ သင်တန်းထွက် ကုန်ချောပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများကို လည်းကောင်း၊ အရှေ့ပိုင်းတိုင်းစစ် ဌာနချုပ် တိုင်းဦးစီးချုပ်နှင့် တာဝန်ရှိသူများ၊ ပြည်နယ်ဝန်​ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက လုပ်ငန်းသုံး ပစ္စည်းများကိုလည်းကောင်း ပေးအပ်ကြရာ သင်တန်းသူများက လက်ခံရယူကြပြီး သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် သင်တန်းသူများ လက်တွေ့ချုပ်လုပ်ထားသည့် အထည်ချောများ၊ လုပ်ငန်းသုံး ပစ္စည်းနှင့် အပ်ချုပ်စက်များကို လှည့်လည်ကြည့်ရှုကြသည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည့် တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာနနှင့် ECOCARE COMPANY LIMITED တို့အကြား တောင်ကြီးမြို့ မြို့ပြရေပေးဝေ ဖြန့်ဖြူးခြင်းလုပ်ငန်းကို တည်ဆောက်၊ လုပ်ကိုင်၊ ပိုင်ဆိုင် (Build-Operate-Own) စနစ်ဖြင့် ဆောင်ရွက်မည့် BOO သဘောတူစာချုပ် ချုပ်ဆိုပွဲသို့ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်က အမှာစကား ပြောကြားပြီး ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာန ညွှန်ကြားရေးမှူးက တောင်ကြီးမြို့ မြို့ပြ ရေပေးဝေဖြန့်ဖြူးခြင်း လုပ်ငန်း ဆောင်ရွက်ခဲ့မှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် ECOCARE COMPANY LIMITED မှ ဒါရိုက်တာ Mr.Ichiro Uesawa နှင့် ဦးမျိုးအောင်တို့က တောင်ကြီးမြို့ မြို့ပြ ရေပေးဝေဖြန့်ဖြူးခြင်း လုပ်ငန်းဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ နှစ်ဦးနှစ်ဖက် လုပ်ငန်းသဘောတူ စာချုပ်ချုပ်ဆို၍ စာချုပ်များ အပြန်အလှန် လဲလှယ်ကြပြီး ECOCARE COMPANY LIMITED မှ ဒါရိုက်တာ က ရေပေးရေးဆိုင်ရာလုပ်ငန်း နှင့်စပ်လျဉ်း၍ သရုပ်ပြပုံစံငယ် Model များအား ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ခန်းမအတွင်း ခင်းကျင်းပြသထားသည့် ရေပေးဝေရေး စက်ရုံပုံစံငယ်များကို ကြည့်ရှုခဲ့ကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)