တရားမဝင် စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် စက်တင်ဘာ ၃

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ သြဂုတ်လ ၃၀ ရက်တွင် ကချင်ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲ မှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က ဗန်းမော်မြို့နယ်၊ စီဟဲ စုပေါင်းစစ်ဆေးရေးဂိတ်၌ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဗန်းမော်မြို့မှ မန္တလေးမြို့သို့ သွားရောက်မည့် မော်တော်ယာဉ်(၁)စီး ပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် တရုတ်နိုင်ငံထုတ် လက်ဖက်ခြောက် (၁၃၃၀)ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၃၂၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Canter (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅,၀၀၀,၀၀၀)ကို အကောက်ခွန် လုပ်ထုံးလုပ်နည်း များအရလည်းကောင်း၊ ဝိုင်းမော်မြို့၊ ရွှေညောင်ပင်ကျေးရွာ၌ တရားမဝင် ရွှေတူး ဖော်ရာတွင် အသုံး ပြုသည့် (၈)လက်မခန့် ပိုက် (၁၂)ချောင်း၊ Changchai အင်ဂျင်(၁)လုံးနှင့် အလျား ၆ ပေ၊ အနံ(၂)ပေ ခန့်ရှိ အစိမ်းရောင်မျှောဖတ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၀,၀၀၀)တို့ကို မြန်မာ့သတ္တု တွင်းဥပဒေအရ လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀,၈၂၀,၀၀၀)ကို ဖမ်းဆီးအရေးယူ ဆောင်ရွက် လျက်ရှိသည်။

ထို့အတူ ရှမ်းပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သြဂုတ် ၃၀ ရက်တွင် မူဆယ်မြို့၊ ဆင်ဖြူစစ်ဆေးရေးဂိတ်အကျော် လမ်းဘေးတစ်နေရာတွင် စုပုံထားသော အကောက်ခွန်မဲ့ပစ္စည်းများ ဖြစ်သည့် Gootie Water Proof Coating (၄)ကီလိုဂရမ် အပါအဝင် ကုန်ပစ္စည်း(၁၀)မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆,၁၉၅,၀၀၀)ကိုလည်းကောင်း၊ သြဂုတ် ၃၁ ရက်တွင် ကျိုင်းတုံမြို့၊ ပန်ဥ/ပန်ဆန်းကျေးရွာ အနီး၌ မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် Duckhams Top Quality Motor Oil (၆၀၀)ပုလင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၀၀၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Toyota Hilux မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂,၀၀၀,၀၀၀)ကိုလည်းကောင်း၊ မယ်ယန်းပူးပေါင်းစစ်ဆေးရေးစခန်း၌ တာချီလိတ်မြို့မှ တောင်ကြီး မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်(၁)စီးပေါ်မှ PUMPKIN တံဆိပ်ပါ Rotary Hammer (၄)ခု အပါအဝင် ကုန်ပစ္စည်း(၅)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆,၁၁၄,၉၀၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၇,၃၀၉,၉၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျအကောက်ခွန်အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သြဂုတ်လ ၃၀ ရက်တွင် မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်းမှ (၃)မိုင် (၂)ဖာလုံခန့်အကွာ မုပ္ပလင်-စွပ္ပနူး-အင်္ဂဘိုရှောင်ကွင်းလမ်းအဝင် ရာဘာတောအတွင်း၌ ရပ်တန့် ထားသော လိုင်စင်မဲ့ Toyota Crown မော်တော်ယာဉ်(၁)စီးနှင့် Toyota Kluger မော်တော် ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄,၀၀၀,၀၀၀)ကိုလည်းကောင်း၊ သြဂုတ်လ ၃၁ ရက်တွင် မြန်မာစက်မှု ဆိပ်ကမ်း၌ ကုန်သေတ္တာ(၃)လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာနှင့် ကွဲလွဲစွာ ပါရှိလာသည့် ဓါတုပစ္စည်းဟု ယူဆရသော Toluene (၂၂၇၂၅)ကီလိုဂရမ် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၈,၁၇၈,၀၀၀)ကို လည်းကောင်း၊ အေးရှားဝေါလ်ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ(၄) လုံးအတွင်းမှ သွင်းကုန် ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသည့် Koyo Base Oil (၁၀၁၇၂ ဒသမ ၄)ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈,၁၅၇,၇၃၄)၊ သွင်းကုန်လိုင်စင် တင်ပြ နိုင်ခြင်း မရှိ သည့်FRP Fiberglass ပလပ်စတစ်ဇကာ (၁၁၀၈၄)ကီလိုဂရမ် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၃,၂၇၆,၄၀၀) နှင့် သွင်းကုန်ကြေညာ လွှာတွင် ကြေညာထားသည်နှင့် ကွဲလွဲစွာပါရှိလာသည့် Porcelain Tiles အချပ်(၉၀၄၀) (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၀,၇၅၄,၀၈၀) ကိုလည်းကောင်း၊ ရေပူ အမြဲတမ်းစစ်ဆေးရေးစခန်း၊ နမ့်အွမ်ကျေးရွာအနီး ရှောင်ကွင်းလမ်းတစ်နေရာ၌ စုပုံထားသော အကောက်ခွန်မဲ့ ပစ္စည်း များ ဖြစ်သည့် DAILI အမှတ် တံဆိပ်ပါ တရုတ်နိုင်ငံထုတ်ဘီယာ(၂၉၄၀)ပုလင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၄၁၀,၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၈,၇၇၆,၂၁၄) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင် ရွက်လျက်ရှိသည်။

ထို့ပြင် သြဂုတ် ၃၁ ရက်တွင် ကရင်ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူး အဖွဲ့ ၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က သံလွင်တံတား (ဘားအံ)ပူးပေါင်းစစ်  ဆေးရေးဂိတ်၌ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ တောင်ငူမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၁)စီး ပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် YumYum ခေါက်ဆွဲ ခြောက် ထုပ် (၁၅၀၀) ၊ Lactasoy ပဲနို့ ဘူး (၄၈၀၀) အပါအဝင် ကုန်ပစ္စည်း(၈)မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၉,၁၉၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Toyota Voxy (၁)စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၅,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄,၁၉၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ သြဂုတ် ၃၁ ရက်တွင် တနင်္သာရီတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က ကော့သောင်းမြို့၊ တော်ဝင်လမ်း၊ အေးရိပ်ငြိမ် ရပ်ကွက်၌ တရားမဝင် တင်သွင်းထားသည့် Wai Wai ခေါက်ဆွဲခြောက် (၁၈၀၀)ထုပ်၊ Singha Beer ပုလင်း (၇၂၀) အပါအဝင် ကုန်ပစ္စည်း(၂)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၇၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဩဂုတ် ၃၀ ရက်နှင့် ၃၁ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၉)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁၃,၇၉၆,၁၁၄)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်