တရားမဝင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် မေ ၁၆

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မေလ ၁၂ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် လက်ပံလှ-စဉ့်ကူး ယာယီစစ်ဆေးရေးဂိတ်၌ တာဝန်ကျပူးပေါင်းအဖွဲ့က ဗန်းမော်မြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်(၁)စီးပေါ်မှ ပဲဖတ်အိတ်များဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် အကောက်ခွန်မဲ့ ပစ္စည်းများအား တွေ့ရှိရသဖြင့် မန္တလေးမြို့နယ်အကောက်ခွန်ဦးစီးဌာနမှူး ရုံးသို့ပို့ဆောင်ပြီး အသေးစိတ် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားဝင် တင်သွင်းခွင့် အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်း မရှိသည့် သကြားစက်ရုံသုံး အပိုပစ္စည်း (၁၀)ဖာ အပါအဝင် ကုန်ပစ္စည်း(၂)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆,၂၀၀,၀၀၀)ကိုလည်းကောင်း၊ အဆိုပါပစ္စည်းများအား ဖုံးအုပ်သယ်ဆောင်လာသည့် ဆီကြိတ်ပြီး ပဲဖတ်အိတ် (၇၀၀၀)ကီလိုဂရမ် အပါအဝင် ကုန်ပစ္စည်း(၂)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၁၂၅,၀၀၀)ကိုလည်းကောင်း၊ အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Truck မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀,၀၀၀,၀၀၀)ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၀,၃၂၅,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထပ်မံ၍ မေ ၁၃ ရက်တွင် ကချင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က မိုင်းနောင်ကျေးရွာအနီးတွင် တရားမဝင် ရွှေတူးဖော်ရေး နယ်မြေရှင်းလင်းခြင်း ဆောင်ရွက်ခဲ့ရာ ပိုင်ရှင်မဲ့ Hyundai အဝါရောင်ဘက်ဟိုးယာဉ်(၃)စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၀၀,၀၀၀,၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး မြန်မာ့သတ္တုတွင်းဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ မေ ၁၄ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်း၌ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၁)စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည် ထက် ပိုမိုတင်ဆောင်လာသည့် France Polyester ချည်မျှင်ချည် (၄၅၀၀)ကီလိုဂရမ် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃,၆၀၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Hino Tractor Head မော်တော်ယာဉ် (၁)စီးနှင့် နောက်တွဲယာဉ် (၁)တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၅,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၈,၆၀၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများ နှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် မေ ၁၄ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ခရိုင်သစ်တောဦးစီးဌာနအလိုက် ဦးဆောင်သော ပူးပေါင်းအဖွဲ့များက ပဲခူးခရိုင်နှင့် ပြည်ခရိုင်အတွင်း စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားမဝင် ကျွန်းသစ်(၀ ဒသမ ၇၁၆)တန်၊ သစ်မာ (၅ ဒသမ ၄၃၂)တန်နှင့် အခြားသစ် (၁ ဒသမ ၈၆၈)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၃၁၉,၇၄၀)ကို သစ်တောဥပဒေအရ လည်းကောင်း၊ အင်းတကော်နယ်မြေရဲစခန်းမှ ပူးပေါင်းအဖွဲ့သည် အင်းတကော် မြို့ အတွင်း ကင်းလှည့် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဝမ်းဘော်ဒက်စစ်ဆေးရေးဂိတ်အနီး၌ တရားဝင်စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်း မရှိသည့် Nissan X Trail မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၀၀၀,၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်း ကောင်း၊ စုစုပေါင်း(ခန့်မှန်း တန်ဖိုးငွေကျပ် ၈,၃၁၉,၇၄၀)ကို ဖမ်းဆီး အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ မေ ၁၂ ရက်၊ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၇)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ်  ၄၅၇,၂၄၄,၇၄၀)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီမှ သိရသည်။

သတင်းစဉ်