တရားမဝင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော်၊ စက်တင်ဘာ ၄

 

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများ ကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

 

ထိုသို့ဆောင်ရွက်လျက်ရှိရာ သြဂုတ် ၂၉ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ဆားမလောက်ကျေးရွာ၌ တရားမဝင်သစ် (၀.၇၃၃၈)တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၁၀,၀၇၀) ကိုလည်းကောင်း၊ ရန်ကုန်-ပုသိမ်ကားလမ်းမကြီး ဗိုလ်မြတ်ထွန်းတံတားအနီး၌ မော်တော်ယာဉ်(၁)စီးပေါ်မှ တရားမဝင်သစ်မျိုးစုံ (၄ ဒသမ ၀၈၈)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၅၃,၃၁၅) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၆၃,၃၈၅)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့ပြင် သြဂုတ် ၃၁ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တမူးမြို့၊ စော်ဘွား(၁၁)ရပ်ကွက်၌ တရားမဝင် သစ်(၃ ဒသမ ၉၅၄)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၉၃,၂၂၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့အပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၁ ရက်တွင် ပဲခူးခရိုင်၊ တောင်ငူခရိုင်နှင့် သာယာဝတီခရိုင်များအတွင်း၌ တရားမဝင် ကျွန်းသစ်(၇ ဒသမ ၃၉၀)တန်၊ သစ်မာ (၁ ဒသမ ၅၄၉) တန်နှင့် အခြားသစ်(၃ ဒသမ ၁၁၈)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၀၉၇,၇၈၈)ကို သစ်တောဥပဒေအရ လည်းကောင်း၊ စက်တင်ဘာ ၂ ရက်တွင် ညောင်ခါးရှည် X-Ray စက် စစ်ဆေးရေးဂိတ်၌ မော်တော်ယာဉ် (၂)စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ကော်ဇော(Used)(50 cm x 50 cm) (၂၁၆၀) ခု၊ ၂၄ လက်မ စက်ဘီး(Used) (၆)စီးအပါအဝင် ကုန်ပစ္စည်း (၈)မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၈,၆၅၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Toyota Dyna (၁)စီးနှင့် Joylong Mini Bus (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၀၀၀,၀၀၀)ကို အကောက်ခွန် လုပ်ထုံးလုပ်နည်းများအရ လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၂,၇၄၇,၇၈၈)ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက် ရှိသည်။

 

ထို့ပြင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျအကောက်ခွန်အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၁ ရက်တွင် အေးရှားဝေါလ်ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ (၁)လုံးအတွင်းမှ သွင်းကုန်လိုင်စင် တင်ပြနိုင်ခြင်းမရှိသည့် Protective Film (၃၀၃၈) ကီလိုဂရမ် အပါအဝင် ကုန်ပစ္စည်း(၃)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၈,၄၉၇,၆၁၀)ကိုလည်းကောင်း၊ စက်တင်ဘာ ၂ ရက်တွင် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်း၌ မော်လမြိုင်မြို့မှ နေပြည်တော်သို့ မောင်းနှင်လာသော မော်တော် ယာဉ်(၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Homettler Mop ကြမ်းတိုက်တံ အခု (၅၀၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၅၀၀,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Joylong Mini Bus(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃,၀၀၀,၀၀၀) ကိုလည်းကောင်း စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၇၃,၉၉၇,၆၁၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။

 

ထို့ပြင် စက်တင်ဘာ ၃ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြို့နယ်သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ လှည်းကူးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၂၂/၀)နှင့် (၂၂/၁)ကြား၌ မော်တော်ယာဉ်(၁)စီးပေါ်မှ တရားမဝင် သစ်မျိုးစုံ (၀ ဒသမ ၈၇၂)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၂၅,၄၇၆)နှင့် အဆိုပါသစ်များ တင်ဆောင်လာသည့် Nissan Diesel Canter (၁)စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၅,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅,၅၂၅,၄၇၆)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

သို့ဖြစ်ပါ၍ ဩဂုတ် ၂၉ ရက်၊ ၃၁ ရက်နှင့် စက်တင်ဘာ ၁ ရက်၊ ၂ ရက်၊ ၃ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ(၁၃)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၇,၆၂၅,၂၆၇)ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

(သတင်းစဉ်)