တရားမဝင် သစ်မျိုးစုံ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် စက်တင်ဘာ ၇

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၁ ရက်တွင် ဧရာဝတီတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူး‌ပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ ပုသိမ်-မုံရွာကားလမ်း မိုင်တိုင်(၇၀/၆)၌ တရားမဝင်သစ် (၁ ဒသမ ၉၇၆)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၈,၃၇၆) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် စက်တင်ဘာ ၃ ရက်တွင် တနင်္သာရီတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူး‌ပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ထားဝယ်မြို့၊ အိမ်ရှေ့ပြင်စစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့ Honda Insight မော်တော်ယာဉ်(၁)စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၆,၀၀၀,၀၀၀)ကိုလည်းကောင်း၊ ဘုတ်ပြင်းမြို့နယ်၊ ကမာချောင်းကျေးရွာ၊ ဘုတ်ပြင်း-ကော့သောင်းလမ်းမကြီးပေါ်၌ လိုင်စင်မဲ့ Honda Fit မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၅၀၀,၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၈,၅၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

၎င်းအပြင် စက်တင်ဘာ ၄ ရက်တွင် မန္တလေးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူး‌ပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မူဆယ်-မန္တလေးကားလမ်း၊ မိုင်တိုင်အမှတ်(၂၅)မိုင် (၃)ဖာလုံ၌ မူဆယ်မြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသော
မော်တော်ယာဉ်(၁)စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်း မရှိသည့် DoDo Toe Post Sandal ဖိနပ် အရံ (၂၁၀၀) အပါအဝင် ကုန်ပစ္စည်း(၃)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉,၂၀၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Condor Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅,၀၀၀,၀၀၀)ကိုလည်းကောင်း၊ မူဆယ်-မန္တလေးကားလမ်း၊ မိုင်တိုင်အမှတ်(၂၅)မိုင် (၁)ဖာလုံ၌ လားရှိုးမြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် ကြွေပန်းကန်ပြား (၈၆၁)ချပ် အပါအဝင် ကုန်ပစ္စည်း(၂)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၀၈၂,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Hyundai Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅,၀၀၀,၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၁,၂၈၂,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် စက်တင်ဘာ ၅ ရက်တွင် ကရင်ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူး‌ပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဘားအံမြို့၊ ကမော့ကစင်ကျေးရွာ၌ မြဝတီမြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၁)စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုတင်ဆောင်လာသည့် Lactasoy Soy Milk
ဘူး(၂၈၈၀) ၊ Lipovitan-D အချိုရည် (၁၀၅၀၀)ပုလင်း၊ Oyster Sauce (၂၄)ပုလင်း အပါအဝင် ကုန်ပစ္စည်း(၁၀)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၇,၇၉၀,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင် လာသည့် Nissan Diesel (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၀၀၀,၀၀၀)၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၇,၇၉၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ စက်တင်ဘာ ၅ ရက်တွင် ပဲခူးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူး‌ပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဘုရားကြီးမြို့၊ Famous ဆီဆိုင်အနီး၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၁)စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်း မရှိသည့် Paint ကီလိုဂရမ် (၂၅၀၀) ၊ Plastic Roll ကီလိုဂရမ် (၃၀၀၀) ၊ Flexo Graphic Printing Plate ကီလိုဂရမ် (၁၉၂၀) အပါအဝင် ကုန်ပစ္စည်း(၅)မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၉,၃၄၅,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Shacman Tractor Head (၁)စီးနှင့် နောက်တွဲယာဉ်(၁)တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၅,၀၀၀,၀၀၀)ကိုလည်းကောင်း၊ ရွှေသံလွင် တိုးဂိတ်အနီး၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်(၁)စီးပေါ်မှ သွင်းကုန် ကြေညာလွှာတွင် ကြေညာထားခြင်း မရှိသော အသုံးပြုနိုင်သည့် ကားကြီးတာယာအဟောင်း (၁၁၅)ခု (ခန့်မှန်းတန်ဖိုးငွေကျပ် ၈,၀၅၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso (၁)စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၀,၀၀၀,၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၂,၃၉၅,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

၎င်းအပြင် စက်တင်ဘာ ၆ ရက်တွင် ကချင်ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဝိုင်းမော်မြို့၊ လဘန်ကျေးရွာ၊ ဝါရှောင်-ဝိုင်းမော် ကားလမ်းမပေါ်၌ မောင်းနှင်လာသော မော်တော်ယာဉ်(၄)စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် တရုတ်နိုင်ငံထုတ် စားသောက်ကုန် ပစ္စည်းများဖြစ်သည့် ဟော့တော့ (၃၇၂)ဖာ၊ ကြာဇံ အိတ် (၃၀) အပါအဝင် ကုန်ပစ္စည်း(၆)မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၅,၂၀၂,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Toyota Hiace (၄)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၅,၀၀၀,၀၀၀)၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၀,၂၀၂,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ စက်တင်ဘာ ၁ ရက်၊ ၃ ရက်၊ ၄ ရက်၊ ၅ ရက်နှင့် ၆ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ(၁၈)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၄၀,၃၀၇,၃၇၆)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်