တရားမဝင် သစ်မျိုးစုံ၊ သတ္တုတွင်းထွက်ပစ္စည်းများ၊ နိုင်ငံခြားငွေစက္ကူများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် ဇွန် ၂၂

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇွန် ၁၃ ရက်တွင် ရခိုင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် သံတွဲခရိုင်သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းအဖွဲ့က သံတွဲမြို့နယ်အတွင်း စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သံတွဲမြို့နယ်၊ ဂဏန်းမယ်ချောင်းအနီး၌ တရားမဝင် သစ် (၂ ဒသမ ၆၀၇)တန် (ခန့်မှန်း တန်ဖိုး ငွေကျပ် ၁၈၂,၄၉၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဇွန် ၁၈ ရက်တွင် နေပြည်တော်ကောင်စီနယ်မြေ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ခရိုင်သစ်တောဦးစီးဌာနအလိုက် ဦးဆောင်သော ပူးပေါင်းအဖွဲ့များက လယ်ဝေးမြို့နယ်နှင့် ဥတ္တရသီရိ မြို့နယ်များအတွင်း စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားမဝင် ကျွန်းသစ် (၄ ဒသမ ၄၁၀)တန်နှင့် အခြားသစ် (၁ ဒသမ ၃၅၆)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၄၅၂,၂၂၈) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် ဇွန် ၂၀ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ရေဖြူမြို့နယ်၊ ကံပေါက်နယ်မြေရဲစခန်းမှ ဒုရဲအုပ် ဦးဆောင်သော ပူးပေါင်း အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကံပေါက်ကျေးရွာ၊ မဂ္ဂင်ရပ်ကွက်ရှိ နေအိမ်တစ်ခုအတွင်း၌ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် ခဲသတ္တုဆာလာအိတ် (၅၆)အိတ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀,၄၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး မြန်မာ့သတ္တုတွင်းဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထပ်မံ၍ ချင်းပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တီးတိန် မြို့မရဲစခန်းမှ ရဲအုပ် ဦးဆောင်သော ပူးပေါင်းအဖွဲ့က တီးတိန်မြို့၊ မြို့မရပ်ကွက်၊ ငင်နှုန်း လမ်းဆုံ၌ စစ်ဆေးမှုများ ‌ဆောင်ရွက်ခဲ့ရာ မော်တော်ယာဉ်(၁)စီးပေါ်မှ နိုင်ငံခြားသုံးငွေလုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင် မရှိဘဲ သယ်ဆောင်လာသည့် အိန္ဒိယရူပီးငွေ ၅၀၀ တန် (၁၄၂၀၉)ရွက်၊ ၂၀၀ တန် (၂၈၃)ရွက်၊ ၁၀၀ တန် (၃၀၇)ရွက်၊ ၅၀ တန် (၁၃၄)ရွက်၊ စုစုပေါင်း(၇,၁၉၈,၅၀၀)ရူပီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၄,၈၀၇,၀၉၀)နှင့် အဆိုပါ ရူပီးများ သယ်ဆောင်လာသည့် Honda CR-V (၁)စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၇,၈၀၇,၀၉၀)ကို ဖမ်းဆီးရမိခဲ့ပြီး နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

၎င်းအပြင် ဇွန် ၂၂ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပဲခူးမြို့နယ်၊ ပေါက်တောကျေးရွာ၊ ရန်ကုန်-မော်လမြိုင်ကားလမ်း၊ ရွှေသံလွင် တိုးဂိတ်အနီး၌ တာဝန်ကျပူးပေါင်းအဖွဲ့က ဝေါမြို့မှ ဘုရားကြီးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၂)စီးအား စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် TOYOTA CROWN (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈,၅၀၀,၀၀၀)နှင့် NISSAN X-TRAIL (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅,၅၀၀,၀၀၀)ကို ဖမ်းဆီး ရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဇွန် ၁၃ ရက်၊ ၁၈ ရက်၊ ၂၀ ရက်နှင့် ၂၂ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၇)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၅,၃၄၁,၈၀၈)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်