ဆောင်းပါး - နိုင်လင်းကြည်၊ ဓာတ်ပုံ - သော်ဖုန်းခန့်

ပြည်ထောင်စုရှေ့နေချုပ်ရုံးသည် ဥပဒေ၏ ကာကွယ်စောင့်ရှောက်မှုကို အများပြည်သူတို့ ရရှိခံစားနိုင်ရေး၊ တရားဥပဒေစိုးမိုးမှု တိုးတက်ကောင်းမွန်ရေးနှင့် တရားမျှတမှုကို အားလုံးလက်လှမ်းမီရေးဆိုသည့် အဓိကရည်မှန်းချက်များဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ စတုတ္ထ (၁) နှစ်တာကာလအတွင်း ဥပဒေပြုကဏ္ဍတွင် ဝန်ကြီးဌာနများမှ ပေးပို့လာသည့် ဥပဒေ ၁၃၀၊ နည်းဥပဒေ၊ စည်းမျဉ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်း ၂၉၆ ခုတို့ကို စိစစ်အကြံပြုပေးနိုင်ခဲ့ကြောင်း သိရသည်။

အစိုးရဌာနအဖွဲ့အစည်းများ၏ စာချုပ် စာတမ်းကိစ္စများ၊ ဥပဒေအကြံဉာဏ်တောင်းခံသော ကိစ္စများနှင့် စပ်လျဉ်းသည့် စာချုပ် စာတမ်း ၁၄၇၃ ခုနှင့် အထွေထွေ ၅၄၀ ကို စိစစ်အကြံပြုပြန်ကြားနိုင်ခဲ့သည့်အပြင် တရားစီရင်ရေးလုပ်ငန်းတွင် ရာဇဝတ်မှုများကို တရားမစွဲမီ ဥပဒေအကြံဉာဏ်ပေးခြင်းနှင့် နိုင်ငံတော်ကိုယ်စား အမှုလိုက်ပါခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။

ဝန်ကြီးဌာနများက ဥပဒေအကြံဉာဏ် တောင်းခံသည့် ရာဇဝတ်မှုနှင့် တရားမမှုများကို အကြံပြုပြန်ကြားခြင်း၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် ရာဇဝတ်မှု/တရားမမှုများ နှင့်စပ်လျဉ်း၍ အယူခံမှု၊ ပြင်ဆင်မှု၊ အထူးအယူခံမှုများကို လိုက်ပါဆောင်ရွက်ပေးခြင်းများ ပြုလုပ်ခဲ့သည်။

“ဒီမိုကရေစီစနစ် တစ်ခုအတွက် တရား ဥပဒေစိုးမိုးရေးဟာ အခြေခံအုတ်မြစ်ဖြစ်ပါတယ်။ ဒါကြောင့် ပြည်ထောင်စုအစိုးရအဖွဲ့က တရားဥပဒေစိုးမိုးရေးဌာနနဲ့ တရားမျှတမှုဆိုင်ရာလုပ်ငန်းတွေ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ကို ၂၀၁၇ ခုနှစ်မှာ ဖွဲ့စည်းပေးခဲ့ပါတယ်။ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ရဲ့ “ပြည်သူ့အတွက် တရားမျှတမှု”ဆိုတဲ့ မဟာဗျူဟာစီမံကိန်း ၂၀၁၉ - ၂၀၂၃ ကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် ထုတ်ပြန်နိုင်ခဲ့ပါတယ်။ ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့နဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အဖွဲ့ခွဲ တွေဆီ တင်ပြစာ/ တိုင်ကြားစာတွေ ပေးပို့တဲ့ အတွက် ညှိနှိုင်းဆောင်ရွက်ပေးခဲ့တဲ့ အမှုပေါင်း ၁၇၉ မှု ရှိပါတယ်။ အဖွဲ့ခွဲတွေအနေနဲ့ အသိပညာပေးဆွေးနွေးပွဲ ၃၄ ကြိမ်ခန့် ဆောင်ရွက်နိုင်ခဲ့ပါတယ်” ဟု ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦး က ပြောသည်။

တစ်ဖက်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးက “တရားဥပဒေစိုးမိုးရေးဆီသို့” ဆိုသည့် မဟာဗျူဟာစီမံကိန်းတစ်ရပ်ကို ၂၀၁၅ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ငါးနှစ်စီမံကိန်း ချမှတ် ဆောင်ရွက်ခဲ့သည်။ အဆိုပါ စီမံကိန်းကာလ အတွင်း ဆောင်ရွက်မှုများကို ပြန်သုံးသပ်ပြီး ပိုမိုကောင်းမွန်သည့် ဥပဒေဝန်ဆောင်မှုများပေးနိုင်ရန် ဒုတိယ ၅ နှစ်စီမံကိန်း (၂၀၂၀ - ၂၀၂၄) ကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။

တရားလွှတ်တော် ရှေ့နေများကောင်စီသည် တရားလွှတ်တော်ရှေ့နေအဖြစ် ဝင်ခွင့်လျှောက်ထားသူများကို စိစစ်ကာ ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ သဘောထားပေးပို့ခြင်းနှင့် တရားလွှတ်တော် ရှေ့နေများ၏ ကျင့်ဝတ်သိက္ခာဖောက်ဖျက်မှု များနှင့်ပတ်သက်၍ အရေးယူဆောင်ရွက်ရန် သင့်/မသင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ သဘောထားပေးပို့ခြင်းများကို အဓိကထား ဆောင်ရွက်လျက်ရှိသည်။

တရားလွှတ်တော် ရှေ့နေများကောင်စီ နှင့်စပ်လျဉ်း၍ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက “၂၀၁၉ ခုနှစ် ဇွန်လမှာ တရားလွှတ်တော် ရှေ့နေများကောင်စီ အက်ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေပြဋ္ဌာန်းခဲ့ ပါတယ်။ ဥပဒေသစ်အရ အဖွဲ့ဝင် ၁၅ ဦးအနက် ရွေးကောက်တင်မြှောက်ခံရတဲ့ တရား လွှတ်တော်ရှေ့နေ ၁၁ ဦး ပါဝင်မှာ ဖြစ်ပါတယ်။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ရွေးကောက်တင်မြှောက်ရမယ့် နည်းလမ်းနဲ့ နည်းဥပဒေရေးဆွဲပြီး လွှတ်တော်ကို ပေးပို့ တင်ပြထားပါတယ်။ လွှတ်တော်က ယခုနှစ် ဇန်နဝါရီလကုန်မှာ ရှေ့နေများကောင်စီနှင့် ရှေ့နေလိုက်သူများဆိုင်ရာ ဥပဒေကြမ်းကို တင်သွင်းပြီး လွှတ်တော်က လက်ခံဆွေးနွေးဖို့ အတည်ပြုထားပါတယ်။ လွှတ်တော်ရဲ့ ပြဋ္ဌာန်းချက်အပေါ်မူတည်ပြီး တရားလွှတ်တော်ရှေ့နေများ ကောင်စီကို ပြင်ဆင် ဖွဲ့စည်းသွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

ဥပဒေအသိပညာပြန့်ပွားရေး

ပြည်ထောင်စုရှေ့နေချုပ်ရုံးသည် ဥပဒေ အသိပညာပြန့်ပွားရေးအတွက် နှစ်အလိုက် ဥပဒေစာအုပ်၊ နည်းဥပဒေစာအုပ်၊ ဘာသာပြန် ဥပဒေစာအုပ်၊ ဥပဒေလက်စွဲ၊ ဥပဒေရည်ညွှန်း စာစောင်၊ ဥပဒေပညာ ဂျာနယ်နှင့် အခြားဥပဒေ စာအုပ်စာတမ်းများကို ပြုစုထုတ်ဝေလျက်ရှိသည်။

ထို့ပြင် ဥပဒေများ၊ တစ်ဆင့်ခံဥပဒေများကို လွယ်ကူစွာရှာဖွေကြည့်ရှုနိုင်မည့် မြန်မာဥပဒေ သတင်းအချက်အလက်စနစ်(MLIS)ကို ပြည်ထောင်စုရှေ့နေချုပ်ရုံးက ဝန်ဆောင်မှု ပေးနေသည့်အပြင် ပြည်သူများအနေဖြင့် လွယ်ကူစွာ ရှာဖွေဖတ်ရှုနိုင်ပြီဖြစ်သည်။ လက်ရှိတွင် MLIS Website သို့ ဝင်ရောက် ကြည့်ရှုသူပေါင်း ၅၁၀၀၀၀ ကျော်ရှိသည်။

တည်ဆဲဥပဒေများ မြန်မာဘာသာပြန်ဆို

အခြားဆောင်ရွက်ချက်အဖြစ် ယခင်က အင်္ဂလိပ်ဘာသာဖြင့် ပြဋ္ဌာန်းခဲ့သည့် တည်ဆဲ ဥပဒေများကို မြန်မာဘာသာပြန်ဆိုခြင်း ဖြစ်သည်။ ဥပဒေဘာသာပြန်ကော်မရှင်က ဘာသာပြန်ဆိုရမည့် ဥပဒေ ၈၁ ခုရှိသည့် အနက် ဥပဒေ ၂၀ ကို ဘာသာပြန်ဆိုကာ ဥပဒေ စာအုပ်အမှတ်စဉ် (၆)အထိ ထုတ်ပြန်ခဲ့ပြီး ဆက်လက်၍ ဥပဒေ ၄ ခုကို အမှတ်စဉ်(၇)အဖြစ် ထုတ်ဝေရန် စီစဉ်ထားကြောင်း သိရ သည်။

ရခိုင်ပြည်နယ် ဖြစ်စဉ်နှင့် စပ်လျဉ်းသည့် ICOE အစီရင်ခံစာကို နိုင်ငံတော်သမ္မတထံ ၂၀-၁-၂၀၂၀ ရက်တွင်တင်ပြခဲ့ရာ နိုင်ငံတော်သမ္မတရုံးက ၂၁-၁-၂၀၂၀ ရက်စွဲဖြင့် ရာဇဝတ်မှု ဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ ဆက်လက် ပြုလုပ်သွားရန်နှင့် အထောက်အထားခိုင်လုံပါက တရားစွဲဆိုမှုများ ပြုလုပ်သွားရန် ပြည်ထောင်စုရှေ့နေချုပ်ရုံးကို ညွှန်ကြားခဲ့သည်။

အဆိုပါ လုပ်ငန်းတာဝန်များကို ဆောင်ရွက်နိုင်ရေး နိုင်ငံတော်သမ္မတရုံးက ဇန်နဝါရီလ ၂၄ ရက်တွင် ပြည်ထောင်စု ရှေ့နေချုပ် ဥက္ကဋ္ဌအဖြစ် ပါဝင်သည့် အဖွဲ့ဝင် ၁၀ ဦးဖြင့် “ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေး ခြင်းနှင့် တရားစွဲဆိုခြင်းများ ဆောင်ရွက်ရေး အဖွဲ့”ကို ဖွဲ့စည်းပေးခဲ့သည်။ အဆိုပါ အဖွဲ့ဝင် များထဲတွင် သက်ဆိုင်ရာဌာနများမှ ဒုတိယ ဝန်ကြီးများ၊ ဒုတိယစစ်ဥပဒေချုပ်၊ ညွှန်ကြား ရေးမှူးချုပ်များနှင့် ဒုတိယရဲချုပ်တို့ ပါဝင် သည်။ ပထမအကြိမ် အစည်းအဝေးကို ၁၄-၂-၂၀၂၀ ရက်တွင် ကျင်းပခဲ့ပြီး ဆောင်ရွက် မည့် လုပ်ငန်းအစီအစဉ်များကို ဆွေးနွေးခဲ့ ကြောင်း သိရသည်။

“အစီရင်ခံစာအရ တိုက်ခိုက်မှုဖြစ်စဉ် အတွင်း ရာဇဝတ်မှုတွေကို ARSA အကြမ်းဖက် အဖွဲ့ဝင်တွေနဲ့ ၎င်းတို့ရဲ့ အလိုတူ ပူးပေါင်း ပါဝင်ခဲ့သူတွေ၊ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ အရပ်သားတွေက ကျူးလွန်ခဲ့ကြောင်း၊ ဒီကျူးလွန်မှုတွေဟာ နေရာဒေသ ၁၃ ခုမှာ အဓိက ဖြစ်ပွားခဲ့တယ်လို့ တွေ့ရှိရပါတယ်။ ဒီဖြစ်စဉ် ၁၃ ခု ဖြစ်ပွားခဲ့တဲ့ ရာဇဝတ်မှုတွေ အနက် ရဲတပ်ဖွဲ့က အမှုဖွင့်လှစ် အရေးယူ ဆောင်ရွက်ဆဲအမှုတွေ ရှိပါတယ်။ အမှုဖွင့်လှစ် အရေးယူဆောင်ရွက်ထားခြင်း မရှိသေးတဲ့ အမှုတွေ ရှိပါတယ်။ ဒီအမှုတွေကို အသေးစိတ် စိစစ်ပြီး ဆက်လက်စုံစမ်းဖော်ထုတ် အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ် ဖြစ်စဉ်အတွင်း လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုတွေအပေါ် နိုင်ငံတကာရာဇဝတ်မှု တရားစီရင်ရေးဆိုင်ရာ ဆောင်ရွက်ချက်တွေနဲ့ စပ်လျဉ်းပြီး နိုင်ငံတော်သမ္မတရုံးက ၂၅-၁၁-၂၀၁၉ ရက်မှာ “နိုင်ငံတကာ ရာဇဝတ်မှု တရားစီရင်ရေးဆိုင်ရာ အထူးအဖွဲ့”ကို ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနတို့မှ ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားပါတယ်။ ပြည်ထောင်စုရှေ့နေချုပ်ရုံးက ဦးဆောင်ပြီး ဥပဒေဆိုင်ရာ အထောက်အကူပြုလုပ်ငန်း တွေကို ဆောင်ရွက်လျက်ရှိပါတယ်”ဟု ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက ဆက်လက်ပြောကြားသည်။

ပြည်သူရှေးရှု ဥပဒေဝန်ဆောင်မှုစနစ် ပေါ်ထွန်းရေး

Universal Periodic Review (UPR) သည် ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေး အခြေအနေကို ပုံမှန်သုံးသပ်သည့်လုပ်ငန်းစဉ် ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၁ ခုနှစ် တွင် ပထမအကြိမ်၊ ၂၀၁၅ ခုနှစ် ဒုတိယအကြိမ် တင်သွင်းခဲ့ရာ ဒုတိယအကြိမ် သုံးသပ်မှု ခံယူစဉ်က အဖွဲ့ဝင်နိုင်ငံပေါင်း ၉၃ နိုင်ငံမှ အကြံပြုတိုက်တွန်းချက် ၂၈၁ ချက်ကို လက်ခံ ရရှိခဲ့ပြီး အကြံပြုချက် ၁၆၆ ချက်ကို မြန်မာ နိုင်ငံက လက်ခံခဲ့သည်။ အဆိုပါလက်ခံခဲ့သည့် အချက်များအနက် ဆောင်ရွက်ပြီးစီးမှု၊ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို ပြည်ထောင်စုရှေ့နေချုပ် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် စာတမ်းပြုစုရေး လုပ်ငန်း ကော်မတီက အစည်းအဝေးများ ပြုလုပ်ပြီး တတိယမူကြမ်းကို အမျိုးသားအဆင့်ကော်မတီ သို့ တင်ပြရန် ဆောင်ရွက်ပြီးဖြစ်သည်။

ပြည်ထောင်စုရှေ့နေချုပ်ရုံးသည် နိုင်ငံတော်၏ ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးကဏ္ဍ များတွင် ဥပဒေအကြံဉာဏ်များ ပံ့ပိုးပေးနိုင်ခဲ့သည့်အပြင် တရားစီရင်ရေးကဏ္ဍတွင် နိုင်ငံတော်ကိုယ်စား အမှုလိုက်ပါ ဆောင်ရွက်ခြင်း၊ နစ်နာသူများအတွက် ဥပဒေအခွင့်အရေးများရရှိစေရေးတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ပြည်သူရှေးရှုဥပဒေဝန်ဆောင်မှုစနစ် ပေါ်ထွန်းရေးအတွက် ရည်မှန်းချက်တစ်ရပ်အဖြစ် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဥပဒေအကြံဉာဏ်ပေးခြင်း တာဝန်ကို ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အစိုးရဌာန၊ အဖွဲ့အစည်းများ ကနဦးရေးဆွဲပြီးပေးပို့သည့် ဥပဒေမူကြမ်းများကို ဥပဒေများ စိစစ်အကြံပြုရေးဦးစီးဌာနက စိစစ်အကြံပြု ဆောင်ရွက်လျက်ရှိသည်။

“စိစစ်အကြံပြုရာမှာ ပြဋ္ဌာန်းမယ့် ဥပဒေ တစ်ရပ်က နိုင်ငံတော်ရဲ့ လက်ရှိချမှတ် ဆောင်ရွက်လျက်ရှိတဲ့ မူဝါဒတွေနဲ့ ညီညွတ်မှုရှိဖို့၊ နိုင်ငံတော်နဲ့ အများပြည်သူရဲ့အကျိုးစီးပွား ဖြစ်ထွန်းစေဖို့နဲ့ ကာကွယ်စောင့်ရှောက်နိုင်ဖို့၊ နိုင်ငံတော်က လက်ခံထားတဲ့ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းတွေ၊ ဒေသဆိုင်ရာ သဘောတူညီချက်တွေမှာပါတဲ့ တာဝန်အရ ရေးဆွဲတဲ့ ဥပဒေမူကြမ်းဖြစ်ပါက အဲဒီ ကွန်ဗင်းရှင်း၊ သဘောတူညီချက်တွေနဲ့ လိုက်လျောညီထွေရှိစေဖို့၊ နိုင်ငံတော်ရဲ့ အချုပ် အခြာအာဏာကို ထိပါးခြင်းမရှိစေဖို့နဲ့ အများပြည်သူလက်ခံနိုင်တဲ့ ဥပဒေဖြစ်ဖို့ဆိုတဲ့ အချက်တွေကို အခြေခံပြီး စိစစ်ဆောင်ရွက် ရပါတယ်”ဟု ပြည်ထောင်စုရှေ့နေချုပ်ရုံး ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်က ပြောသည်။

ဥပဒေတစ်ရပ် အဓိက အပိုင်းနှစ်ပိုင်းပါရှိ

ဥပဒေတစ်ရပ်တွင် အကြောင်းအရာပိုင်း နှင့် ရေးထုံးရေးနည်းပိုင်းဟူ၍ အဓိက အပိုင်း နှစ်ပိုင်းပါရှိသဖြင့် အကြောင်းအရာပိုင်း ပြည့်စုံမှု၊ မှန်ကန်မှုရှိရန် လိုအပ်သကဲ့သို့ ဥပဒေရေးထုံး ရေးနည်းပိုင်းတွင် စနစ်တကျ ရှိပြီး မှန်ကန်ရန်လိုအပ်သည်။ ထို့ကြောင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးသည် ဥပဒေ မူကြမ်း တစ်ခုအပေါ် အကြောင်းအရာပိုင်း သာမက ရေးထုံးရေးနည်းအပိုင်းပါ စိစစ် အကြံပြုလျက်ရှိသည်။

ရေးသားချက် ချို့ယွင်းအားနည်းမှုကြောင့် ဥပဒေအကြောင်းအရာပိုင်းတွင် အငြင်းပွားစရာ၊ ဝိဝါဒကွဲစရာများ ဖြစ်ပေါ်နိုင်ခြင်းကြောင့် ရေးထုံးရေးနည်းပိုင်း မှန်ကန်စေရေးသည် ဥပဒေတစ်ရပ်အတွက် အရေးကြီးသည်။ ဥပဒေရေးထုံးရေးနည်း မှန်ကန်ရှင်းလင်း တိကျရေးသည် ဥပဒေအကြံပေးခြင်းဖြင့် ဆောင်ရွက်နိုင်သည့် လုပ်ငန်းသဘာဝ မဟုတ်ဘဲ လက်တွေ့ရေးသားခြင်းဖြင့် ဆောင်ရွက်နိုင်သည့် လုပ်ငန်းဖြစ်သည်။

ပြည်ထောင်စုရှေ့နေချုပ်ရုံးသည် ဥပဒေ မူကြမ်းများသာမက နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်း စသည့် တစ်ဆင့်ခံ ဥပဒေများ၏ မူကြမ်းများကို သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းများကို စိစစ်အကြံပြုလျက်ရှိသည်။ ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် “ဥပဒေ(မူကြမ်း) ရေးဆွဲရေး လမ်းညွှန်” (Legislative Drafting Guidance) စာအုပ်ကို ထုတ်ဝေနိုင်ခဲ့သည်။

ကလေးအလုပ်သမားပပျောက်ရေး

မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီကို ဒုတိယသမ္မတ ဦးမြင့်ဆွေက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ကာ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ အမျိုးသားကော်မတီက လုပ်ငန်းကော်မတီ ၈ ခု ဖွဲ့စည်းထားရာ ဥပဒေရေးရာလုပ်ငန်း ကော်မတီသည် တစ်ခုအပါအဝင်ဖြစ်သည်။

ယင်းလုပ်ငန်းကော်မတီတွင် ဒုတိယရှေ့နေချုပ် က ဥက္ကဋ္ဌ၊ အစိုးရဌာန၊ အဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၃၆ ဦးဖြင့် ဖွဲ့စည်းဆောင်ရွက် လျက်ရှိသည်။

“ဥပဒေရေးရာ လုပ်ငန်းကော်မတီရဲ့ အဓိကလုပ်ငန်းတာဝန်က ကလေးအလုပ် သမား ပပျောက်ရေးအတွက် ကလေးအလုပ်သမားနဲ့ သက်ဆိုင်တဲ့ ဥပဒေတွေကို ပြင်ဆင် ခြင်း၊ ရေးဆွဲခြင်း၊ အမျိုးသားကော်မတီသို့ အကြံပြုတင်ပြခြင်းတွေ ဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်တဲ့အခါမှာ ဆက်စပ်လုပ်ငန်း ကော်မတီတွေ၊ အဖွဲ့အစည်းတွေနဲ့ ပေါင်းစပ် ညှိနှိုင်းခြင်း၊ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်း၊ အသိပညာပေးခြင်း စတဲ့နည်းလမ်းတွေနဲ့ ဆောင်ရွက်ရတာ ဖြစ်ပါတယ်။ ဥပဒေရေးရာ လုပ်ငန်းကော်မတီရဲ့ အစည်းအဝေးကို ၃ ကြိမ် ကျင်းပနိုင်ခဲ့ပါတယ်။ အစိုးရရဲ့ စတုတ္ထ (၁) နှစ် တာ ကာလအတွင်း ဇူလိုင်လမှာ တစ်ကြိမ်၊ အောက်တိုဘာလမှာ တစ်ကြိမ် ကျင်းပနိုင်ခဲ့ ပါတယ်။ ပထမအကြိမ် အစည်းအဝေး ဆွေးနွေးမှုရလဒ်တွေအရ လုပ်ငန်းကော်မတီ ရဲ့ လုပ်ငန်းစီမံချက်ကို ရေးဆွဲနိုင်ခဲ့ပြီး ၂၀၁၉ ခုနှစ် မေလမှာ အမျိုးသားကော်မတီထံ တင်ပြခဲ့ပြီး ဖြစ်ပါတယ်။ ဒီစီမံချက်မှာ အသိပညာပေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ သင်တန်းတွေ၊ ဆွေးနွေးပွဲတွေ လုပ်ဖို့လည်း ထည့်သွင်းဖော်ပြထားပါတယ်။ လုပ်ငန်း ကော်မတီရဲ့ တာဝန်တွေ ထိရောက်အောင်မြင် ဖို့အတွက် အခြားသက်ဆိုင်တဲ့ လုပ်ငန်း ကော်မတီတွေ၊ ဌာနအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်က ပြောသည်။

ရှေ့နေများအကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်

အာဆီယံ ဥပဒေပညာရှင်များအသင်း (Asean Law Association - ALA) ကို ၁၉၇၉ ခုနှစ်တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ၊ ထိုင်းနှင့် ဖိလစ်ပိုင်တို့ဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး အာဆီယံ နိုင်ငံများမှ ရှေ့နေများအကြား ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရန်၊ ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို အထောက်အကူပြုရန်၊ ဒေသတွင်း စီးပွားရေး၊ လူမှုရေးနှင့် ပတ်သက်သည့် ဥပဒေများကို လေ့လာ သုတေသနပြုရန်၊ ဥပဒေပညာဌာနများ၊ ရှေ့နေအဖွဲ့အစည်းများ၊ ဥပဒေသုတေသန စင်တာများအကြား စီမံကိန်းများ ပူးပေါင်း ဆောင်ရွက်ရန်၊ ဥပဒေစနစ်နှင့် သတင်း အချက်အလက်များ ဖလှယ်နိုင်ရေးတို့အတွက် ဆွေးနွေးပွဲများ ကျင်းပရန်၊ အာဆီယံနိုင်ငံများ အကြား ချုပ်ဆိုထားသည့် စာချုပ်များနှင့် စပ်လျဉ်း၍ ဥပဒေရေးရာ အငြင်းပွားမှုများတွင် ခုံသမာဓိနှင့် ဖျန်ဖြေခြင်း သို့မဟုတ် ပဋိပက္ခ ရှောင်ရှားခြင်းတို့အတွက် ပူးပေါင်းရေးကိစ္စများတွင် ALA က ကူညီဆောင်ရွက်နိုင်ရေး ဖြစ်သည်။

ALA အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်

မြန်မာနိုင်ငံသည် ၂၀၁၂ ခုနှစ်တွင် ALA အဖွဲ့ဝင်နိုင်ငံသို့ ဝင်ရောက်ခဲ့ပြီး အာဆီယံ ဥပဒေပညာရှင်များအသင်း(မြန်မာ)ကို ၂၀၁၃ ခုနှစ် ဇူလိုင်လတွင် ဖွဲ့စည်းတည်ထောင်နိုင် ခဲ့သည်။ အဖွဲ့ဝင်နိုင်ငံ ဖြစ်ပြီးနောက်ပိုင်း ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ အဆင့်မြင့် အရာရှိများသည် မြန်မာကိုယ်စားလှယ်အဖြစ် ALA အစည်းအဝေးများသို့ နှစ်စဉ် တက်ရောက် ပါဝင်ဆွေးနွေးနိုင်ခဲ့ကြောင်း သိရသည်။

“ALA ဖွဲ့စည်းပုံစည်းမျဉ်းနဲ့အညီ မြန်မာနိုင်ငံက အမျိုးသားကော်မတီဖွဲ့စည်းရာမှာ ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ပြင်ပရှေ့နေ အဖွဲ့အစည်းတွေ၊ ဥပဒေပညာဌာနတွေက ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားပါတယ်။ ၂၀၁၄ ခုနှစ် စက်တင်ဘာလမှာ အဖွဲ့ဝင်သစ် တွေနဲ့ ပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် ဧပြီလမှာ ကော်မတီကို ပြန်လည်ဖွဲ့စည်းပြီး ပထမအကြိမ် အစည်းအဝေးကို ကျင်းပနိုင်ခဲ့ပါတယ်။ အာဆီယံဥပဒေပညာရှင်များအသင်း (မြန်မာ)ကို ဖွဲ့စည်းပြီး အာဆီယံနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းဟာ အနာဂတ်မှာ ဥပဒေအသိပညာ တိုးတက်ပြန့်ပွားရေးနဲ့ ဥပဒေရေးရာ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမို မြှင့်တင်လာနိုင်မှာ ဖြစ်ပါတယ်။ ဒါ့ပြင်ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုနဲ့ တရားဥပဒေစိုးမိုးရေးကို များစွာအထောက်အကူပြုမှာ ဖြစ်ပါ တယ်”ဟု ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်က ပြောသည်။

ပြည်ထောင်စုရှေ့နေချုပ်ရုံးသည် တရား ဥပဒေစိုးမိုးရေးနှင့် ပြည်သူများတရားမျှတမှု ရရှိရေး ပထမဆုံး မဟာဗျူဟာစီမံကိန်း ၂၀၁၅ - ၂၀၁၉ ကို တရားဥပဒေစိုးမိုးရေးဆီသို့ (Moving forward to the Rule of Law) ဆောင်ပုဒ်နှင့်အညီ ချမှတ်ဆောင်ရွက်ခဲ့သည်။

“မဟာဗျူဟာစီမံကိန်းကြီး ချမှတ်ဆောင်ရွက်စဉ်တုန်းက ပထမအတွေ့အကြုံလည်းဖြစ်၊ ဗဟုသုတလည်း နည်းတဲ့အခါ စတင်တဲ့နေရာ(Baseline)ကို မသတ်မှတ်နိုင်ခဲ့ပါဘူး။ ၂၀၁၉ မဟာဗျူဟာစီမံကိန်း ပြီးမြောက် သွားတဲ့အချိန် အကဲဖြတ်လေ့လာမှုတွေ ပြုလုပ်တဲ့အခါ မဟာဗျူဟာစီမံကိန်းမှာ ရေးဆွဲထားခဲ့တဲ့ မထင်မှတ်တဲ့၊ မမျှော်မှန်း ထားတဲ့၊ အိပ်မက်လို့ထင်ရတဲ့ အချက်တွေ တောင် ပြည့်မီအောင် ဆောင်ရွက်နိုင်ခဲ့တာ တွေ့ရပါတယ်။ ဒီနေရာကနေ အသိပေး ပြောကြားချင်တာက Myanmar Law Infor-mation System(MLIS) က ရှေ့နေချုပ်ရုံး ဝက်ဘ်ဆိုက်ကို ပြောတာမဟုတ်ပါဘူး။ System တစ်ခုကို တည်ထောင်နိုင်ခဲ့ပါတယ်။ System ဆိုတာက ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းတွေနဲ့ ပတ်သက်တဲ့ ဥပဒေအချက်အလက်တွေကို ပြည်သူတွေ မည်သူမဆို အင်္ဂလိပ်လို ရိုက်ရိုက်၊ မြန်မာလို ရိုက်ရိုက် လိုချင်တဲ့ ဥပဒေအချက် အလက်တွေ အကုန်ထွက်လာတဲ့ System ကြီး တစ်ခုပါ။ ဒါရခဲတဲ့ ရလဒ်တစ်ခုကို အောင်မြင် ခဲ့ပါတယ်။ မဟာဗျူဟာစီမံကိန်း ၂၀၁၅ - ၂၀၁၉ မှာ ဥပဒေရေးဆွဲခြင်း လက်စွဲစာအုပ်၊ စီးပွားရေး စာချုပ်စာတမ်းနဲ့ ပတ်သက်ပြီး ဖက်စပ်စာချုပ်၊ မြေငှားစာချုပ်တို့နဲ့ ပတ်သက်တဲ့ လမ်းညွှန် စာအုပ်၊ မျှတတဲ့ တရားစီရင်ရေးဆိုင်ရာ စံနှုန်းတွေ၊ ဒါတွေက Rule of Law နဲ့ ဆက်စပ်နေပါတယ်။ ဥပဒေအရာရှိတွေရဲ့ ကျင့်ဝတ်ကို ထုတ်ဝေနိုင်ခဲ့ပြီး သုတေသန အသင်းတစ်ခုကို ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ Research Team အတွက် TOR ရေးဆွဲနိုင်ခဲ့ပါတယ်။ ဥပဒေအကြံဉာဏ်ပေးတဲ့ အရည်အသွေးကောင်းမွန်အောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဒါမဟာဗျူဟာစီမံကိန်း ပထမနှစ်ကို ချမှတ်ပြီး အနာဂတ်အလားအလာအတွက် ဆောင်ရွက်နိုင်ခဲ့တာတွေပါ”ဟု အမြဲတမ်း အတွင်းဝန် ဒေါက်တာသီတာဦးက ပြောသည်။

မဟာဗျူဟာအသစ် ရေးဆွဲလျက်ရှိ

ပထမစီမံကိန်းသည် ၂၀၁၉ တွင် ပြီးစီးခဲ့ပြီး ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၄ ခုနှစ်အထိ မဟာဗျူဟာစီမံကိန်းအသစ်ကို ရေးဆွဲလျက်ရှိရာ မကြာခင် ထုတ်ပြန်နိုင်မည်ဖြစ်ကြောင်း သိရသည်။ ယခုရေးဆွဲနေသည့် မဟာဗျူဟာကို ပြီးခဲ့သည့် မဟာဗျူဟာစီမံကိန်း၏ အောင်မြင်မှုရလဒ်များ၊ အတွေ့အကြုံများ၊ သင်ခန်းစာများ၊ တစ်ဦးချင်းစီ၏ အကဲဖြတ်ချက်များကို အခြေခံရေးဆွဲနေခြင်း ဖြစ်သည်။ မဟာဗျူဟာစီမံကိန်း၏ အဓိကရည်မှန်းချက်မှာ အုပ်ချုပ်ရေးနှင့် လုပ်ငန်းလည်ပတ်မှု ကောင်းမွန်ရန်၊ ပိုမိုအရည်အသွေးပြည့်ဝသည့် ဥပဒေအကြံဉာဏ်များပေးရန်၊ တရားစွဲနှင့် အမှုလိုက်ဌာန၏ လုပ်ငန်းများ ပိုမိုကောင်းမွန် ရန်၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ လုပ်ငန်း များကို အများပြည်သူ ပိုပြီးယုံကြည်ကိုးစားရန်၊ တရားမျှတမှုကဏ္ဍများ ပြုပြင်ပြောင်းလဲသည့် ကိစ္စတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ရန်တို့ ဖြစ်သည်။

“ပြည်ထောင်စုရှေ့နေချုပ်ရုံးရဲ့ လုပ်ငန်းတွေ ထိရောက်အောင်မြင်ဖို့အတွက် ဝန်ထမ်းတွေရဲ့ အရည်အသွေးနဲ့ အရည်အချင်းမြင့်မားဖို့က အရေးကြီးပါတယ်။ ဝန်ထမ်းတွေအတွက် သင်တန်းတွေ အမျိုးမျိုးပေးပါတယ်။ ဥပဒေ အရာရှိ အဆင့်(၄) ဝင်ပေါက်သင်တန်း၊ မွမ်းမံသင်တန်း၊ ဥပဒေရေးဆွဲတဲ့ ဘာသာရပ်ဆိုင်ရာ၊ စာချုပ်စာတမ်းစိစစ်သည့် ဘာသာရပ်ဆိုင်ရာ၊ ဥပဒေဘာသာပြန် စတဲ့ဘာသာရပ်ဆိုင်ရာ သင်တန်းတွေ အမျိုးမျိုးပေးနေတဲ့ လေ့ကျင့်ရေးနှင့် သုတေသနဌာနဆိုတာ ရှိပါတယ်။ စီမံကိန်းအသစ်မှာ လေ့ကျင့်ရေးနှင့် သုတေသနဌာနက အရေးကြီးပြီး ကျယ်ပြန့်စွာ ဆောင်ရွက်သွားဖို့ စီစဉ်နေပါတယ်။ HRD အတွက် လူသားအရင်းအမြစ်ဖွံ့ဖြိုးဖို့ ဌာနသစ် တစ်ခု ဖွဲ့စည်းဖို့ရာ မဟာဗျူဟာစီမံကိန်း အသစ်မှာ ရေးဆွဲနေပါတယ်။ နောက်တစ်ခုက သင်တန်းဆရာတွေ မွေးထုတ်ဖို့၊ ကောင်းမွန်တဲ့ သင်တန်းနည်းစနစ်တွေ လုပ်ပေးဖို့နဲ့ သင်ရိုး ညွှန်းတမ်းတွေပြင်ဆင်ဖို့ ဆောင်ရွက်နေ ပါတယ်”ဟု အမြဲတမ်းအတွင်းဝန် ဒေါက်တာ သီတာဦးက ပြောသည်။

ဥပဒေများ စိစစ်အကြံပြုရေးဦးစီးဌာနသည် ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ လုပ်ငန်း အကောင်အထည်ဖော်မှုအပိုင်းတွင် အဓိက အရေးပါသည့် ဦးစီးဌာနတစ်ခုဖြစ်ပြီး အဆိုပါ ဦးစီးဌာနတွင် ဥပဒေများ စိစစ်အကြံပြုရေး ဌာနခွဲ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ အမိန့် ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများ စိစစ်အကြံပြုရေးဌာနခွဲ၊ ဥပဒေဘာသာပြန်ဌာနခွဲနဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးရာဌာနခွဲတို့ ပါဝင်သည်။

စတုတ္ထ (၁)နှစ်တာ ကာလအတွင်း ဥပဒေများ စိစစ်အကြံပြုရေးဦးစီးဌာနသည် အစိုးရဌာန၊ အဖွဲ့အစည်းများ၏ ဥပဒေမူကြမ်းများ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းစသည့် တစ်ဆင့်ခံ ဥပဒေမူကြမ်းများကို စိစစ်အကြံပြု ပြန်ကြားပေးနိုင်ခဲ့သည်။ ထို့ပြင် ပြည်ထောင်စု လွှတ်တော်က ပြဋ္ဌာန်းသည့် ဥပဒေများကို မြန်မာဘာသာမှ အင်္ဂလိပ်ဘာသာသို့ ပြန်ဆို ခြင်း၊ တစ်ဆင့်ခံဥပဒေများ၊ အပြည်ပြည်ဆိုင်ရာ စာချုပ်၊ နှစ်နိုင်ငံ သဘောတူစာချုပ်များ၏ ဘာသာပြန်ဆိုချက်များပါ ဥပဒေအသုံးအနှုန်း ဝေါဟာရ မှန်ကန်ခြင်း ရှိ/မရှိ စိစစ်ခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့သည်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် သက်ဆိုင်သည့် ကိစ္စရပ်များအပေါ် အစိုးရဌာန၊ အဖွဲ့အစည်းများသို့ အကြံပြု ပြန်ကြားခြင်း၊ လွှတ်တော်မေးခွန်းနှင့် အဆိုများကို ပေါင်းစပ်ဖြေကြားခြင်း စသည့်ကိစ္စရပ် များကို ဆောင်ရွက်နိုင်ခဲ့သည်။

“ဥပဒေဘာသာပြန်ကော်မရှင်ရဲ့ အရင်က အင်္ဂလိပ်ဘာသာနဲ့ ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေတွေကို မြန်မာဘာသာပြန်ဆိုခြင်း တာဝန်တွေကို ပြည်ထောင်စုရှေ့နေချုပ်က ဥက္ကဋ္ဌ၊ ကျွန်မက အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့ရာ စတုတ္ထ(၁)နှစ်ကာလအတွင်း ကော်မရှင် အစည်းအဝေး သုံးကြိမ် ကျင်းပနိုင်ခဲ့ပြီး ဥပဒေ ၂၄ ခုကို တရားဝင်ဘာသာပြန်ဆိုပြီး စာအုပ်အမှတ် (၁) မှ (၆)အထိ ထုတ်ဝေနိုင်ခဲ့ပြီ ဖြစ်ပါတယ်”ဟု ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဆွေဆွေအောင်က ပြောသည်။

စတုတ္ထ(၁)နှစ်တာ ကာလအတွင်း သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အစိုးရဌာန၊ အဖွဲ့အစည်းများ၏ လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လိုအပ်သည့် ဥပဒေမူကြမ်းများနှင့် တစ်ဆင့်ခံ ဥပဒေမူကြမ်းများကို စိစစ်ရေးဆွဲရာ၌ အထောက်အကူပြုနိုင်စေရန် ရည်ရွယ်၍ ဥပဒေမူကြမ်းရေးဆွဲရေး လမ်းညွှန်စာအုပ်ကို UNDP ၏ အကူအညီဖြင့် ရေးဆွဲပြုစုပြီး စာအုပ်ဖြန့်ဝေနိုင်ခဲ့သည်။

“ဌာနရဲ့ ဥပဒေဘာသာပြန်ဆိုခြင်း တာဝန် ကို ထိရောက်စွာ ဆောင်ရွက်နိုင်ဖို့ အရာရှိ တွေရဲ့ ဘာသာပြန်စွမ်းရည်တိုးတက်စေဖို့ ဥပဒေဘာသာပြန်ဆိုခြင်း သင်တန်းကို EU အကူအညီနဲ့ British Council ရဲ့ My Justice Programmed တွင် သင်တန်း ၂ ကြိမ် ဖွင့်လှစ် ခဲ့ပြီးဖြစ်ပါတယ်။ သင်တန်းကနေရရှိတဲ့ အတွေ့အကြုံ၊ ဗဟုသုတတွေကို စုစည်းပြီး Translation Guide Book ထုတ်ဝေဖို့ ဆောင်ရွက်နေပါတယ်။ ၂၀၁၆ ခုနှစ်မှာ အတည်ပြုထုတ်ပြန်ခဲ့တဲ့ အမျိုးသားမြေ အသုံးချမှု မူဝါဒကို အကောင်အထည်ဖော် ဆောင်ရွက်ဖို့ အမျိုးသားမြေအသုံးချမှု ကောင်စီက ၂၀၁၉ ခုနှစ် ဩဂုတ်လမှာ ဖွဲ့စည်းခဲ့တဲ့ အမျိုးသားမြေဥပဒေ ရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေများ သဟဇာတဖြစ်ရေး လုပ်ငန်းကော်မတီမှာ ပြည်ထောင်စုရှေ့နေချုပ်က ဥက္ကဋ္ဌနဲ့ ကျွန်မက အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့ပါတယ်” ဟု ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဆွေဆွေအောင်က ပြောသည်။

အဆိုပါ လုပ်ငန်းကော်မတီသည် အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေးနှင့် စပ်လျဉ်းသည့် လုပ်ငန်းစီမံချက်ရေးဆွဲနိုင်ရန် အလုပ်ရုံဆွေးနွေးပွဲ နှစ်ကြိမ်ကျင်းပခဲ့ပြီး သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရဌာန၊ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ တောင်သူလယ်သမားကိုယ်စားလှယ် များ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များကို ဖိတ်ကြားဆွေးနွေး ခဲ့သည်။ ယင်းအလုပ်ရုံ ဆွေးနွေးပွဲများမှ ရရှိလာသည့်ရလဒ်များကို အခြေခံကာ အချောသပ် လုပ်ငန်းစီမံချက်ရရှိရေးနှင့် အများပြည်သူအား ချပြအကြံဉာဏ်ရယူမှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။

“ဥပဒေအကြံဉာဏ်ပေးရေးဦးစီးဌာနမှာ ဌာနခွဲ ၃ ခုရှိပြီး ဌာနအနေနဲ့ အစိုးရဌာန၊ အဖွဲ့အစည်းတွေထံ အပြည်ပြည်ဆိုင်ရာ ဥပဒေနဲ့ အာဆီယံဥပဒေရေးရာကိစ္စ၊ စီးပွားရေးဆိုင်ရာ စာချုပ်စာတမ်းကိစ္စ၊ တရားစွဲ အမှုလိုက်နှင့် သက်ဆိုင်ခြင်းမရှိတဲ့ အထွေထွေ ဥပဒေရေးရာ ကိစ္စရပ်တွေအပေါ် ဥပဒေ အကြံဉာဏ်ပေးခြင်းတို့ကို ဆောင်ရွက်ရပါတယ်”ဟု ဥပဒေအကြံဉာဏ်ပေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီသီမြင့်က ပြောသည်။

စတုတ္ထ(၁)နှစ်တာကာလအတွင်း ထူးခြားသည့် ဥပဒေအကြံဉာဏ်ပေးရေးကိစ္စရပ် အနေဖြင့် မြန်မာနိုင်ငံမှ ပါဝင်ချုပ်ဆိုထားသည့် စာချုပ်များဖြစ်သည့် ကုလသမဂ္ဂစီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ သဘောတူ စာချုပ် (International Covenant on Economic, Social and Cultural Rights (ICESCR) နှင့် ကုလသမဂ္ဂ မသန်စွမ်းသူများ အခွင့်အရေး ဆိုင်ရာ သဘောတူစာချုပ် (UN Convention on the Rights of Persons with Disabilities (UNCRPD)တို့အရ မြန်မာနိုင်ငံက အကောင်ထည်ဖော် ဆောင်ရွက်မှုများကို သက်ဆိုင်ရာ ကော်မတီများထံ တင်သွင်းရမည့် အမျိုးသားအဆင့် အစီရင်ခံစာများအတွက် အချက်အလက် ပြုစုပေးပို့ခြင်းနှင့် သဘောထားမှတ်ချက် ပြန်ကြားပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံ၏ လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် သေကျေထိခိုက်ဒဏ်ရာရစေမှုနှင့် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုများကို ကာကွယ်တားဆီးရေး အမျိုးသားအဆင့် လုပ်ငန်းစီမံချက် ပြုစုရာတွင် အချက်အလက်ပေးပို့ခြင်းနှင့် သဘောထားမှတ်ချက် ပြန်ကြားပေးခြင်းများ ကို ဆောင်ရွက်ခဲ့သည်။

“ကျွန်မတို့စိစစ်ရတဲ့ စာချုပ်တွေထဲမှာ ကျွမ်းကျင်သူပညာရှင် ငှားရမ်းတဲ့စာချုပ် (Consultant Contract)တွေအပေါ် ဥပဒေ ရေးရာ သဘောထားမှတ်ချက်တွေ ပြန်ကြား ပေးတာမျိုး ပါဝင်ပါတယ်။ ဒီနှစ်မှာ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်တွေ ထိန်းသိမ်းဖို့ ပြည်ပပညာရှင်တွေ ငှားရမ်းတဲ့ကိစ္စမှာ ပုဂံ ဒေသရှိ နံရံဆေးရေးပန်းချီတွေ ပျက်စီးမှုကို ပြုပြင်ထိန်းသိမ်းဖို့ ဂွါတီမာလာနိုင်ငံမှ နံရံ ဆေးရေးပန်းချီပညာရှင် ငှားရမ်းခြင်းနဲ့ ပုဂံဒေသဆိုင်ရာ အစီအစဉ်ပြင်ဆင်ရေးဆွဲခြင်း လုပ်ငန်းတွေအတွက် ယူနက်စကို အကြံပေး ပညာရှင်ငှားရမ်းခြင်း၊ မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းရာမှာ လိုအပ်တဲ့ စာတွဲဖိုင် (Nomination Dossier) ရေးသားပြုစုခြင်း ဆောင်ရွက်ဖို့ ယူနက်စကိုမှ ကျွမ်းကျင်ပညာရှင် ငှားရမ်းခြင်းစာချုပ်တို့ကို စိစစ်အကြံပြုပေးခဲ့ပါတယ်”ဟု ဥပဒေအကြံဉာဏ်ပေးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြောသည်။

ထို့ပြင် မြန်မာနိုင်ငံ စီးပွားဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများ ဖြစ်သည့် ထားဝယ်အထူးစီးပွားရေးဇုန်နှင့် စပ်လျဉ်း၍ ကနဦး စက်မှုနယ်မြေစီမံကိန်း အတွက် မြေငှားစာချုပ်နှင့် ဆက်စပ်စာချုပ် မူကြမ်းများအပေါ် ဥပဒေရေးရာအကြံပြုချက် များပေးခဲ့သည့်အပြင် ကျောက်ဖြူအထူး စီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီနှင့် CITIC Consortium တို့ နှစ်ဖက်သဘောတူ လက်မှတ်ရေးထိုး ချုပ်ဆိုမည့် Concession Agreement (မူကြမ်း)နှင့် Shareholders’ Agreement (မူကြမ်း) တို့အပေါ် သဘောထားမှတ်ချက်များ ပြန်ကြားပေးခဲ့သည်။

ပြည်ထောင်စုရှေ့နေချုပ်ရုံး အနေဖြင့် ဥပဒေအရာရှိများအတွက် ဖက်စပ်စာချုပ်နှင့် မြေငှားရမ်းခြင်း စာချုပ်စိစစ်ရာတွင် အဆင်ပြေချောမွေ့စေရေး ဖက်စပ်စာချုပ်နှင့် မြေငှားရမ်းခြင်းစာချုပ်များ စိစစ်ခြင်းဆိုင်ရာ လမ်းညွှန်စာအုပ်ကို လက်တွေ့အသုံးချမှု လွယ်ကူစေရန်အတွက် ဂျပန်နိုင်ငံ အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) နှင့် ပူးပေါင်းကာ ဆွေးနွေးပွဲများနှင့် သင်တန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၁ ခုတွင် ကျင်းပခဲ့သည်။ ထို့အတူ JICA နှင့် ပူးပေါင်းကာ Contract Manual Guideline ကို ပြုစုထုတ်ဝေရန်လည်း စီစဉ်ဆောင်ရွက်လျက်ရှိသည်။

“အစိုးရဌာန၊ အဖွဲ့အစည်းတွေနဲ့ ပြည်တွင်း၊ ပြည်ပမှ ရင်းနှီးမြှုပ်နှံသူတွေ၊ ကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေအကြား ချုပ်ဆိုတဲ့ စီးပွားရေးစာချုပ်စာတမ်းတွေ အားလုံးအပေါ်မှာ နိုင်ငံတော်နဲ့ ရင်းနှီးမြှုပ်နှံသူ နှစ်ဦးနှစ်ဖက် နစ်နာမှုတွေမရှိစေဖို့ တည်ဆဲ ဥပဒေတွေနဲ့အညီ စိစစ်သုံးသပ် အကြံပြု ပြန်ကြားပေးလျက်ရှိပါတယ်။ ဥပဒေ အကြံဉာဏ်ပေးရေး ဥပဒေအရာရှိတွေကို ဘာသာရပ်ဆိုင်ရာ သင်တန်းတွေ၊ အလုပ်ရုံ ဆွေးနွေးပွဲတွေ တက်ရောက်လေ့လာ သင်ယူ စေပြီး ဥပဒေကြောင်းအရ ကောင်းမွန်တဲ့ အကြံပြုချက်တွေပေးနိုင်ဖို့ အထူးကြိုးစား ဆောင်ရွက်နေပါတယ်”ဟု ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာသီသီမြင့်က ပြောသည်။

စတုတ္ထ(၁)နှစ်တာ ကာလအတွင်း ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ တရားစွဲနှင့် အမှုလိုက်ဦးစီးဌာနသည် ဝန်ကြီးဌာနများကို ဥပဒေအကြံဉာဏ်ပေးခြင်း၊ တရားစွဲအဖွဲ့ အစည်းများထံ တရားစွဲဆိုခြင်းမပြုမီ ဥပဒေ အကြံဉာဏ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ဥပဒေရုံး အဆင့်ဆင့်၏ ဥပဒေအကြံပြုချက် များအပေါ် စိစစ်ပြင်ဆင်ခြင်း၊ တင်ပြ တိုင်တန်းစာများအပေါ် စိစစ်ခြင်းတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့သည်။

“ပြည်ထောင်စုအဆင့် အဖွဲ့အစည်းနဲ့ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းတွေအတွက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ စာချွန်တော် လျှောက်ထားလွှာ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးတို့မှာ နိုင်ငံတော် ကိုယ်စား လျှောက်လဲချက် တင်သွင်းရပါတယ်။ နိုင်ငံတော်ပါဝင်တဲ့ တရားမမှုတွေနဲ့ စပ်လျဉ်းပြီး ဝန်ကြီးဌာနတွေကို ဥပဒေ အကြံဉာဏ်ပေးခြင်း၊ တရားမမူလမှု၊ အယူခံမှု၊ အထွေထွေလျှောက်ထားမှု၊ တရားမ အထူး အယူခံမှုတွေကို လိုက်ပါဆောင်ရွက်ရပါ တယ်။ ရာဇဝတ်မူလမှုတွေ လိုက်ပါဆောင်ရွက် ခြင်း၊ တရားရုံးအဆင့်ဆင့်ကနေ ချမှတ်တဲ့ အမိန့်တွေဟာ ဥပဒေနဲ့ ညီညွတ်မှုမရှိကြောင်း၊ ပြစ်မှုပြစ်ဒဏ် မျှတမှုမရှိကြောင်း တွေ့ရှိရင် အယူခံမှု၊ ပြင်ဆင်မှုတွေ တင်သွင်းဆောင်ရွက် ရပါတယ်”ဟု တရားစွဲနှင့် အမှုလိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်ဖြူမာဝေက ပြောသည်။

မျှတသော တရားစီရင်ရေးဆိုင်ရာစံနှုန်း များ စာအုပ်ကို ထုတ်ဝေခဲ့ပြီး စတုတ္ထ (၁)နှစ်တာကာလအတွင်း ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး ဥပဒေချုပ် ရုံးများတွင် UNDP မှ တာဝန်ရှိသူများနှင့် ပူးပေါင်းပြီး ဥပဒေအရာရှိများ၊ တရားစွဲ အဖွဲ့အစည်းများ၊ အစိုးရဌာန၊ အစိုးရအဖွဲ့ အစည်းများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ တာဝန်ရှိသူများကို ရှင်းလင်း မိတ်ဆက်ပွဲများ ပြုလုပ်ခဲ့သည်။

အမှုများမှန်ကန်မြန်ဆန်ရေး

အမှုတွဲစီမံခန့်ခွဲခြင်း (Case Mana-gement)နှင့် စာရွက်စာတမ်းစီမံခန့်ခွဲခြင်း (Document Management) စနစ်သစ်ကို USAID ၏ ကူညီပံ့ပိုးမှုနှင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။ ထို့ပြင် ရှေ့ပြေး ဥပဒေရုံး (Pilot Law Office) ၈ ရုံး တိုးချဲ့ ဖွင့်လှစ်နိုင်ခဲ့ပြီး အမှုများ မှန်ကန်မြန်ဆန်ရေး အတွက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည်။ ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ မဟာဗျူဟာစီမံကိန်းအရ နစ်နာသူနှင့် မျက်မြင်သက်သေများကို ကြိုတင်တွေ့ဆုံ မေးမြန်းခြင်းအတွက် ဥပဒေအရာရှိများ လိုက်နာရမည့် အခြေခံမူများနှင့် လမ်းညွှန်ချက်များ ထုတ်ပြန်နိုင်ရေးအတွက် ဆောင်ရွက်နိုင်ခဲ့သည်။

“နိုင်ငံဖြတ်ကျော်မှုခင်းတွေနဲ့ စပ်လျဉ်းပြီး Special Prosecution Unit ကို တရားစွဲနှင့် အမှုလိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နဲ့ ဥပဒေအရာရှိ ၂၄ ဦးပါဝင်တဲ့အဖွဲ့ကို ဖွဲ့စည်းပြီး အလုပ်ရုံဆွေးနွေးပွဲ ၇ ကြိမ်ကျင်းပကာ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ၊ တရားသူကြီး တွေ၊ ဥပဒေအရာရှိတွေနဲ့ ရဲအရာရှိတွေကို စွမ်းရည်မြှင့်တင်နိုင်ခဲ့ပါတယ်။ ပြည်ထောင်စု ရှေ့နေချုပ်ရုံးနဲ့ ဥပဒေရုံးအဆင့်ဆင့်ရှိ ဥပဒေ အရာရှိတွေဟာ တရားဥပဒေစိုးမိုးရေး အခြေခံမူတွေ၊ မျှတတဲ့တရားစီရင်ရေးဆိုင်ရာ စံနှုန်းတွေနဲ့အညီ လုပ်ငန်းတာဝန်တွေကို ဆောင် ရွက်လျက်ရှိပါတယ်”ဟု ညွှန်ကြားရေးမှူးချုပ် ဒေါ်ဖြူမာဝေက ပြောသည်။