ဝါရှင်တန် ၁၀  အောက်တိုဘာ

ဝီဂါလူမျိုးစုများနှင့် အခြားမွတ်စလင်လူနည်းစုများအပေါ် လူ့အခွင့်အရေးချိုးဖောက်ခဲ့မှုများတွင် ပါဝင်သည့်ဟုဆိုကာ အမေရိကန်အစိုးရက တရုတ်အာဏာပိုင်များကို ပြည်ဝင်ခွင့်ကန့်သတ်ချက်များ လုပ်ဆောင်လိုက်ကြောင်း သိရသည်။

တရုတ်အစိုးရသည် ရှင်းကျန်ရှိ ဝီဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ အလွန်အမင်းဖိနှိပ်မှုပြုလုပ်ခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီအိုက အောက်တိုဘာ ၉ ရက်တွင် ထုတ်ပြန်သည့် ဖော်ပြချက်၌ ဆိုထားသည်။

မွတ်စလင်လူနည်းစုတို့ကို ဖမ်းဆီးထိန်းသိမ်းမှုနှင့် ညှဉ်းပန်းနှိပ်စက်မှုပြုလုပ်ခဲ့သည့် အစိုးရနှင့် ကွန်မြူနစ်ပါတီ အာဏာပိုင်များကို ပြည်ဝင်ခွင့် ကန့်သတ်မည်ဖြစ်ကြောင်း မစ္စတာ ပွန်ပီအိုက ပြောသည်။ ပြည်ဝင်ခွင့် ပိတ်ပင်မှုသည် ရည်ရွယ်ထားသည့် ပုဂ္ဂိုလ်များနှင့် ၎င်းတို့၏ မိသားစုဝင်များကို သက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

အမေရိကန်ပြည်ထောင်စုသည် ရှင်းကျန်၌ ဖမ်းဆီးထိန်းသိမ်းထားသူများကို လွှတ်ပေးရန် တရုတ်နိုင်ငံကို တိုက်တွန်းခဲ့သည်။ ကုန်သွယ်ရေးဝန်ကြီးဌာနက တရုတ်အစိုးရအဖွဲ့ဝင် ၂၈ ဦးနှင့် စီးပွားရေးလုပ်ငန်းအချို့တို့နှင့် ကုန်သွယ်ရေးဆောင်ရွက်မှုကို ပိတ်ပင်ကြောင်း ကြေညာလိုက်ပြီး နောက်တစ်ရက်အကြာတွင် ပြည်ဝင်ခွင့်ဆိုင်ရာ ကန့်သတ်မှုလုပ်ဆောင်လိုက်ခြင်း ဖြစ်သည်။

အင်န်အိတ်ချ်ကေ