နေပြည်တော် ဒီဇင်ဘာ ၉
တတိယအကြိမ် မြန်မာ-ရုရှား ပူးတွဲအကြမ်းဖက်မှုတိုက်ဖျက်ရေးကော်မတီ အစည်းအဝေးကို ယနေ့တွင် နေပြည်တော်ရှိ Jasmine ဟိုတယ်၌ ကျင်းပသည်။
အစည်းအဝေးသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သန်းထိုက်နှင့် ကော်မတီဝင် မြန်မာ့တပ်မတော်မှ အရာရှိကြီးများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ရုရှားတပ်မတော် ကြည်းတပ်ဖွဲ့၏ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုဆိုင်ရာ ဒုတိယ ကြည်းတပ်ဦးစီးချုပ် Colonel General Aleksandr Anatolyevich Matovnikov နှင့် ကော်မတီဝင် ရုရှားတပ်မတော်မှ အရာရှိကြီးများ တက်ရောက်ကြသည်။
ဦးစွာ တတိယအကြိမ် မြန်မာ-ရုရှား အကြမ်းဖက်မှုတိုက်ဖျက်ရေးကော်မတီ ပူးတွဲဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး သန်းထိုက်က ရုရှားတပ်မတော် ကိုယ်စားလှယ်အဖွဲ့အား နွေးထွေးလှိုက်လှဲစွာ ကြိုဆိုခဲ့ပြီး နှစ်နိုင်ငံပူးတွဲ အကြမ်းဖက်မှု တိုက်ဖျက်ရေး ကော်မတီအစည်းအဝေး အပြန်အလှန် အလှည့်ကျကျင်းပပြုလုပ်သွားခြင်းဖြင့် တပ်မတော်နှစ်ရပ်အကြား အကြမ်းဖက်မှုတိုက်ဖျက်ရေး ကဏ္ဍတွင် သတင်းအချက်အလက်စီးဆင်းမှုကို လျင်မြန်စွာ ဆောင်ရွက်နိုင်လာခြင်း၊ နည်းပညာ ဆိုင်ရာကိစ္စရပ်များ ပိုမိုပူးပေါင်း လုပ်ဆောင်လာနိုင်ခြင်း၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ကိစ္စရပ်များနှင့် လေ့ကျင့်ခန်းဆိုင်ရာများ ပူးပေါင်းဆောင် ရွက်နိုင်ခြင်းအပြင် ပုံသဏ္ဌာန် ပြောင်းလဲလာသည့် အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ စစ်ဆင်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် အပြန်အလှန်အထောက် အကူပြုနိုင်မည်ဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် တတိယအကြိမ် မြန်မာ-ရုရှား အကြမ်းဖက်မှု တိုက်ဖျက်ရေးကော်မတီ ပူးတွဲဥက္ကဋ္ဌ ရုရှားတပ်မတော် ကြည်းတပ်ဖွဲ့၏ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုဆိုင်ရာ ဒုတိယ ကြည်းတပ်ဦးစီးချုပ် Colonel General Aleksandr Anatolyevich Matovnikov က ရုရှား-မြန်မာ နှစ်နိုင်ငံအကြား ဒေသတွင်း တည်ငြိမ်အေးချမ်းမှုများကို တိုးမြှင့်ဆောင်ရွက်သွားနိုင်မည့် အခြေအနေများ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များအား နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ အဖွင့်အမှာစကား ပြန်လည်ပြောကြားသည်။
ဆက်လက်၍ နှစ်နိုင်ငံကိုယ်စားလှယ်အဖွဲ့ဝင်များသည် အကြမ်းဖက်မှုတိုက်ဖျက်ရေး နယ်ပယ်တွင် တုံ့ပြန်မှုများ လျင်မြန်စွာ ပြုလုပ်နိုင်ရေးဆိုင်ရာ နည်းလမ်းများအား သတ်မှတ်ခေါင်းစဉ်များအလိုက် ရှင်းလင်းတင်ပြဆွေးနွေးခဲ့ကြပြီး တင်ပြချက်များအပေါ် နှစ်နိုင်ငံပူးတွဲ ကော်မတီဥက္ကဋ္ဌများက ပြန်လည်သုံးသပ်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


