အောင်ဝင်းငြိမ်း(ကန့်ဘလူ)

 

မြန်မာနိုင်ငံသည် သဘာဝ သယံဇာတ အရင်း အမြစ်များနှင့် ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝ သည်နှင့်အညီ ယင်းတို့ ရေရှည်တည်တံ့စေရန် နှင့် သဘာဝဂေဟစနစ်များ အမြဲ ရှင်သန် ကောင်းမွန်စေရန် မူဝါဒ ဥပဒေများပြဋ္ဌာန်း၍ ထိန်းသိမ်းကာကွယ်လျက်ရှိရာ စစ်ကိုင်း တိုင်းဒေသကြီး ကန့်ဘလူမြို့နယ်ရှိ ချပ်သင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ချပ်သင်း တောရိုင်း တိရစ္ဆာန် ဘေးမဲ့တော၌ သဘာဝနယ်မြေ များ သတ်မှတ်တည်ထောင်ခြင်းနှင့် မြန်မာ့ ရွှေသမင်များကို အဓိက ထိန်းသိမ်းစီမံအုပ်ချုပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

မှတ်တမ်းများအရ အဆိုပါ ချပ်သင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောကို ရန်ကုန်- မန္တလေး-မြစ်ကြီးနားရထားလမ်း ဖောက်လုပ် ရာတွင် မီးရထားများအတွက် လောင်စာများ ထောက်ပံ့ပေးနိုင်ရန် ရည်ရွယ်လျက် ဧရိယာ ၂၉၉၄၇ ဧကခန့်ကို ချပ်သင်း ထင်းကြိုးဝိုင်း အဖြစ် ၁၉၁၉ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး ၁၉၂၈ ခုနှစ်တွင် ဧရိယာ ၁၂၁၆၀ ဧကကို ချပ်သင်း တိုးချဲ့ထင်းကြိုးဝိုင်းအဖြစ် ထပ်မံ သတ်မှတ်၍ ထင်းများထုတ်ယူခဲ့ကြောင်း သိရသည်။

 

ဒေသတွင်း သဘာဝအလျောက် သမင် များ ကျက်စားနေထိုင်ခြင်းကို ထိန်းသိမ်းရန် အတွက်လည်းကောင်း၊ အခြား တောရိုင်း တိရစ္ဆာန်များနှင့် အင်တိုင်းတောများကို စောင့်ရှောက်ကာကွယ်ထိန်းသိမ်းရန်အတွက် လည်းကောင်း ၁၉၄၁ ခုနှစ်က ချပ်သင်း ကြိုးဝိုင်း နှစ်ခု(၂၉၉၄၇ ဧကနှင့် ၁၂၁၆၀ ဧက)၊ ဘေးမဲ့တော (ဧရိယာ ၂၄၁၆၆ ဧက)နှင့် ကြိုးပြင်ကာကွယ်တော(ဧရိယာ ၂၈၇၀ ဧက) စုစုပေါင်း ၆၆၅၆၀ ဧကကို စတင်ဖွဲ့စည်း တည်ထောင်သတ်မှတ်ခဲ့သည်။

ချပ်သင်းတောရိုင်းတိရစ္ဆာန် ဘေးမဲ့တော ၌ ကန့်ဘလူမြို့နယ် သစ်တောဦးစီးဌာနက ဘေးမဲ့တော ထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီး ၁၉၅၈ ခုနှစ်တွင် သဘာဝ ဝန်းကျင်နှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေး ဌာန ဖွဲ့စည်းပြီးနောက် ၁၉၈၆ ခုနှစ်တွင် လက် ထောက်ညွှန်ကြားရေးမှူးအဆင့်အား တာဝန် ပေးအပ်၍ ကန့်ဘလူမြို့၌ အုပ်ချုပ်ရေးမှူးရုံး ဖွင့်လှစ်ကာ ထိန်းသိမ်းရေးလုပ်ငန်းများကို ယနေ့အထိ အကောင်အထည်ဖော် ဆောင် ရွက်ခဲ့သည်။

 

4167

 

ချပ်သင်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော ဖွဲ့စည်းခဲ့ပြီးနောက်ပိုင်းတွင် ကျူးကျော် ဝင်ရောက်ခဲ့သည့် ကျေးရွာများရှိခဲ့၍ ၂၀၁၃ ခုနှစ်တွင် ရွာမြေ၊ လယ်မြေ၊ အများပိုင်/သာသနာပိုင်မြေ စုစုပေါင်း ၂၂၉၅ ဒသမ ၅၈ ဧကကို ပယ်ဖျက်ပေးခဲ့သည်။ ထို့ကြောင့် ယခုအခါ ၆၄၂၆၄ ဒသမ ၄၂ ဧက ကျယ်ဝန်းပြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်အတွင်း၌ ၂၁၉၀၈ ဧကနှင့် ကသာခရိုင် ကောလင်း မြို့နယ်အတွင်း၌ ၄၂၃၅၆ ဒသမ ၄၂ ဧက ပါဝင်ကျရောက်လျက်ရှိသည်။ ဘေးမဲ့တော၏ တောင်ဘက် ဆက်စပ်လျက် ညောင်ကုန်း ကြိုးပြင်ကာကွယ်တော ဧက ၁၃၀၀၀ ကို ကြားခံနယ်မြေအဖြစ် ထိန်းသိမ်းကာကွယ် ခဲ့ပြီး ဘေးမဲ့တောအဖြစ် သတ်မှတ်၍ စီမံ အုပ်ချုပ် ထိန်းသိမ်းခဲ့သည်မှာ နှစ်ပေါင်း ၇၉ နှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း ချပ်သင်း ဘေးမဲ့တော အုပ်ချုပ်ရေးမှူး ဦးမောင်မောင် နိုင်က ပြောသည်။

 

ချပ်သင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော တစ်ခုလုံးနီးပါးသည် မြေပြန့်လွင်ပြင်ဖြစ်ပြီး အနောက်ခြမ်းတွင် နိမ့်သော တောင်ကုန်း၊ လျှိုမြောင်များနှင့် အရှေ့ခြမ်းတွင် ၁၃၆၅ ပေ အထိ အမြင့်ရှိသော တောင်တန်းများ ဝန်းရံ လျက်ရှိကာ ဒေသတွင်း သဘာဝအလျောက် သမင်များ ကျက်စားနေထိုင်ကြကာ အခြား တောရိုင်းတိရစ္ဆာန်များ၊ သဘာဝ အင်တိုင်း တောများ၊ ဇီဝမျိုးစုံမျိုးကွဲများလည်း ရှိသည်။ ဂေဟစနစ် များကို ရာခိုင်နှုန်းပြည့် ကာကွယ် နိုင်သည်မဟုတ်သော်လည်း ဖွဲ့စည်းသတ်မှတ် ထားသည့်နေရာများနှင့် နှိုင်းယှဉ်ပါက ဇီဝ မျိုးစုံ မျိုးကွဲများ ဆက်လက်တည်ရှိနေသေးပြီး အကြောင်းအမျိုးမျိုးကြောင့် စတင်ဖွဲ့စည်း ခဲ့စဉ်ကကဲ့သို့ မူလအခြေအနေမရှိတော့သည့် သဘာဝနယ်မြေများကိုလည်း ကြုံတွေ့ရ လျက်ရှိသည်။ သို့ဖြစ်ရာ ယိုယွင်းပျက်စီးခြင်း နှင့် အဆင့်အတန်းကျဆင်းခြင်းတို့ ဖြစ်ပေါ်နေ သည့် ဇီဝမျိုးစုံမျိုးကွဲများနှင့် နေရင်းဒေသ ဂေဟစနစ်များကို ပြန်လည် မြှင့်တင် တည် ထောင်ရန် လိုအပ်လျက်ရှိကြောင်း သိရသည်။

ချပ်သင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအနေဖြင့် လက်ရှိ ရင်ဆိုင်နေရသည့် နေရင်း ဒေသ အင်တိုင်းတောဂေဟစနစ် ပျက်စီးမှုနှင့် မြန်မာ့ရွှေသမင် မျိုးစိတ်များ လျော့ပါးလာမှု တို့ကို ပြန်လည် တိုးပွားဖြစ်ထွန်းလာစေရန် ထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိသည်။ ဒေသခံတို့၏ ပူးပေါင်းပါဝင် ဆောင်ရွက်လာမှုနှင့်အတူ ဆက်စပ်ဌာနများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ၊ INGO၊ NGO များ ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်း အစီ အမံများကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှ ၂၀၂၈-၂၀၂၉ ဘဏ္ဍာနှစ်အထိ နိုင်ငံတော်အစိုးရ၏ မဟာဗျူဟာမြောက် စီမံကိန်းအဖြစ် ချမှတ် ထားသည်။

 

နေရင်းဒေသများ ပြန်လည်တည်ထောင် ခြင်း လုပ်ငန်းစီမံချက်(Re-establishing Natural Habitats)နှင့် စီမံအုပ်ချုပ်လုပ်ကိုင်မှု (Management Plan) လုပ်ငန်းနှစ်ရပ်ဖြင့် ရေရှည်မျှော်မှန်းချက် ပန်းတိုင်များချမှတ်ကာ ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံ၌သာ ရှင်သန် ကျက်စားလျက်ရှိပြီး မျိုးသုဉ်းမည့်အန္တရာယ် နှင့် ရင်ဆိုင်နေရသည့် မြန်မာ့ရွှေသမင်များနှင့် ၎င်းတို့၏ မှီခိုတောများ မူလတည်ရှိနေမှု အနေအထားအတိုင်း ပြန်လည်ဖြစ်ထွန်း တည်ရှိပြီး ရေရှည်တည်တံ့အောင် ထိန်းသိမ်း ကာကွယ်သွားရန် ဆောင်ရွက်လျက်ရှိသည်။

 

လက်ရှိအချိန်တွင် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းများ၌ ဘေးမဲ့ တော ပတ်ဝန်းကျင်ရှိ ဒေသခံများ ပူးပေါင်း ပါဝင်မှုရှိလာစေရန် အသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် ချပ်သင်း ဘေးမဲ့တော၏ နေရင်းဒေသများ ပြန်လည် တည်ထောင်ခြင်းလုပ်ငန်းများ၊ ဇုန်နယ်မြေ များ ခွဲခြားသတ်မှတ် စီမံအုပ်ချုပ်လုပ်ကိုင်မှု အသိပေးဆိုင်းဘုတ်များ စိုက်ထူခြင်း၊ စီမံ အုပ်ချုပ်ရာတွင် စနစ်တကျဖြစ်စေရန်နှင့် ဥပဒေစိုးမိုးရေးအတွက် နယ်နိမိတ် အမှတ် အသားများ ပြုလုပ်ခြင်း၊ ဘုတ်တိုင်များ စိုက်ထူခြင်း၊ နေရင်းဒေသများ ပျက်စီးယိုယွင်း နေသည့်နေရာများကို ထိန်းသိမ်းခြင်း၊ မြန်မာ့ ရွှေသမင်မျိုးစိတ်များ ပေါများတည်တံ့စေရန် သဘာဝကျစ်တွင်းများ မလုံလောက်သည့် နေရာများ၌ ဆားကျင်းများ ဖြည့်တင်းခြင်း၊ အမဲလိုက်ခြင်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုသူများ ပပျောက်သွားစေရန် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း၍ စုံစမ်းဖော်ထုတ်ခြင်း၊ ပညာပေး ဟောပြော စည်းရုံးခြင်း၊ ဘေးမဲ့တောနှင့်ဆက်စပ်နေသည့် ကျေးရွာများ၌ လယ်ယာသီးနှံများကို လာ ရောက် စားသုံးသည့် တောရိုင်းတိရစ္ဆာန် များကို လည်တိုးကွင်း၊ ကိုင်းကွင်း၊ ခြေနင်း ကွင်းထောင်ခြင်းများ မရှိစေရန် စစ်ဆေးခြင်း တို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

8566+

 

ချပ်သင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော အုပ်ချုပ်ရေးမှူး ဦးမောင်မောင်နိုင်က "အလုပ်ရုံ ဆွေးနွေးပွဲတွေ၊ ပညာပေး ဆွေးနွေးဟောပြော ပွဲတွေ လုပ်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်က ချပ်သင်းဘေးမဲ့တောနဲ့ မြန်မာ့ရွှေသမင်များထိန်းသိမ်းရေးလုပ်ငန်းမှာ အုပ်ချုပ်လုပ်ကိုင်မှု စီမံချက် ရေးဆွဲရာမှာ ထည့်သွင်းစဉ်းစား ပြင်ဆင်နိုင်ဖို့အတွက် လက်ရှိရင်ဆိုင်နေရတဲ့ အခက်အခဲနဲ့ ပြဿနာပေါင်းစုံကို ဝိုင်းဝန်း ဖော်ထုတ်ပေးနိုင်ဖို့၊ ချပ်သင်းဘေးမဲ့တောနဲ့ မြန်မာ့ရွှေသမင်တွေကို ထိရောက်စွာ လုံခြုံမှု ပေးနိုင်မယ့် ထိန်းသိမ်းရေးစီမံချက်တစ်ခု ရေးဆွဲရာမှာ အထောက်အကူဖြစ်စေမယ့် အချက်အလက်တွေကို ရရှိနိုင်ဖို့နဲ့ ချပ်သင်း ဘေးမဲ့တောနဲ့ ရွှေသမင်များကို ထိန်းသိမ်းရေး အတွက် ဒေသခံပြည်သူတွေအကြား အသိ အမြင် တိုးတက်မြင့်မားလာစေပြီး ဝိုင်းဝန်း ပူးပေါင်းလာစေဖို့ဖြစ်ပါတယ်"ဟု ပြောသည်။

 

တောရိုင်းတိရစ္ဆာန်များကို တရားမဝင် ကူးသန်းရောင်းဝယ်ခြင်း၊ လက်ဝယ်ထားရှိ ခြင်းနှင့် ၎င်းတို့၏ အစိတ်အပိုင်းများကို ဟင်းလျာအဖြစ် ရောင်းချခြင်း၊ လူ့အသုံး အဆောင်ပစ္စည်းအဖြစ် ရောင်းချခြင်းများ မရှိစေရန် ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှ မြို့နယ်တို့ရှိ ကားဂိတ်များ၊ ဘူတာရုံများ၊ စားသောက်ဆိုင်များ၊ ထမင်းဆိုင်များ၊ စည်ပင် သာယာဈေးများ၌ စစ်ဆေးခြင်း၊ ဘေးမဲ့တော အတွင်းရှိ ချောင်း၊ အင်း၊ ရေကန်များရှိ ရေများ သန့်စင်မှုရှိမရှိ စစ်ဆေးခြင်း၊ ဘေးမဲ့တော ကာကွယ်ထိန်းသိမ်းခြင်းနှင့် ပတ်သက်၍ ပုံမှန်ကင်းလှည့်ခြင်း စသည့် လုပ်ငန်းများကို ဝန်ထမ်းအင်အားဖြင့် ဆောင်ရွက်နေသည့် အပြင် နယ်မြေသတင်းများ ထောက်လှမ်း စုံစမ်း၍ ရှောင်တခင် ကင်းလှည့်စစ်ဆေး ခြင်းနှင့် ကင်းပုန်းဝပ်၍ ကာကွယ်ခြင်းများကို လည်း လုပ်ဆောင်လျက်ရှိသည်။

တစ်ယူနစ်လျှင် ဝန်ထမ်းသုံးဦး၊ အလုပ် သမား တစ်ဦး အဖွဲ့ငယ် လေးဖွဲ့ဖြင့် ငါးရက်စီ ကင်းလှည့်ခြင်း၊ ဘေးမဲ့တောအတွင်းရှိ ငှက် များ၏ အလေ့အထ၊ အကောင်ရေ၊ မျိုးစိတ် များကို လစဉ် တစ်ယူနစ်လျှင် ဝန်ထမ်းသုံးဦး အဖွဲ့တစ်ဖွဲ့ဖြင့် တောအမျိုးအစားအလိုက် ငါးရက်ကြာ ငှက်စာရင်းကောက်ယူခြင်း၊ ထိရောက်သောကာကွယ်မှုများ ရရှိစေရေး အတွက် လူဝင်လူထွက်များ စစ်ဆေးကြီးကြပ် ခြင်း၊ အိမ်မွေးတိရစ္ဆာန်များကို စားကျက်ချ လွှတ်ကျောင်းမှုမရှိစေရန် စစ်ဆေးခြင်းနှင့် ဘေးမဲ့တောအနီး ပတ်ဝန်းကျင်မှ ကျေးရွာ များတွင် ထင်းလောင်စာသုံးစွဲမှု လျှော့ချနိုင် ရေးအတွက် စွမ်းအားမြှင့်မီးဖိုများ ဖြန့်ဝေပေး ခြင်း၊ တောတွင်း အခြေချနေထိုင်၍ ထိန်းသိမ်း စောင့်ရှောက်မှုများ အားကောင်းလာစေရန် တောတွင်းကင်းစခန်းများ ဆောက်လုပ်ခြင်း၊ မြို့နယ်အဆင့် အထောက်အကူပြုကော်မတီ ဖွဲ့စည်းခြင်းနှင့် ဆွေးနွေးပွဲများပြုလုပ်ခြင်းနှင့် ချပ်သင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောနှင့် ပတ်သက်၍ သတင်းအချက်အလက်များ၊ ပညာပေး အစီအစဉ်များကို မီဒီယာများမှ တစ်ဆင့် ပြည်သူများအတွင်း ကျယ်ပြန့်စွာ ရောက်ရှိအောင် ဖိတ်ခေါ်၍ ရှင်းလင်းတင်ပြ ခြင်းများကိုလည်း အခါအားလျော်စွာ ဆောင် ရွက်ခဲ့ကြောင်း ဘေးမဲ့တော အုပ်ချုပ်ရေးမှူး က ဆက်လက်ပြောကြားသည်။

ထို့ပြင် ကုန်းနေ ရေနေနှင့် တွားသွား သတ္တဝါ မျိုးစိတ်များ စာရင်းကောက်ယူခြင်းနှင့် လေ့လာဆန်းစစ်ခြင်း၊ မြန်မာ့ရွှေသမင် မျိုးစိတ် များ စာရင်းကောက်ယူခြင်းနှင့် လေ့လာ ဆန်းစစ်ခြင်း၊ အပင်မျိုးစိတ်နှင့် ငါးမျိုးစိတ် များကို စာရင်းကောက်ယူခြင်းနှင့် လေ့လာ ဆန်းစစ်ခြင်း၊ ဝန်ထမ်းများ စွမ်းဆောင်ရည်တိုးတက်မြင့်မားလာစေရန် သင်တန်းများ ပြုလုပ်ပေးခြင်း၊ မီးတားလမ်းများဖောက်လုပ် ခြင်း၊ တောမီးကာကွယ်ခြင်းနှင့် စနစ်တကျ ထိန်းချုပ်မီးရှို့ခြင်း၊ သစ်တောအတန်းအစား ကျဆင်းမှုများ ဖြစ်ပေါ်နေသည့် နေရာများ၌ ဒေသသစ် ပျိုးပင်များ ကွက်လပ်ဖြည့်စိုက်ခြင်း၊ ဘေးမဲ့တောအတွင်းရှိ သမင်တို့၏ စားကျက် မြေများ အကြောင်းအမျိုးမျိုးကြောင့် ပျက်စီး သွားသည့်နေရာများ၌ တောရိုင်းတိရစ္ဆာန် စားကျက်မြေများ ပြန်လည်တည်ဆောက် ပေးခြင်း၊ ရေကန်ငယ်များ ဖန်တီးပြုလုပ်ပေး ခြင်း၊ ကျေးရွာ၊ မြို့နယ်၊ ခရိုင်အဆင့် ဘေးမဲ့ တော ရေရှည်တည်တံ့ရေး အထောက်အကူပြု အဖွဲ့များ ဖွဲ့စည်းခြင်းနှင့် ဆွေးနွေးပွဲများ ကျင်းပခြင်း၊ INGO၊ NGO များနှင့် ပူးပေါင်း၍ ဘေးမဲ့တော ရေရှည်တည်တံ့ရေးအတွက် ပတ်ဝန်းကျင်ကျေးရွာများရှိ ဒေသခံများ ပါဝင်သော ထိန်းသိမ်းစောင့်ကြည့်ရေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့် သင်တန်းများပြုလုပ်ခြင်း စသည်တို့ကိုလည်း ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

ကမ္ဘာတွင် မြန်မာနိုင်ငံ၌သာ ရှင်သန် ကျက်စားပြီး မျိုးသုဉ်းတော့မည့်အန္တရာယ်နှင့် ရင်ဆိုင်နေရသည့် ချပ်သင်းဘေးမဲ့တောရှိ မြန်မာ့ရွှေသမင်နှင့် ၎င်းတို့၏ မှီခိုတောများကို ကာကွယ်ထိန်းသိမ်းရန်၊ သဘာဝ ပတ်ဝန်း ကျင် ရေမြေအပါအဝင် အခြား ဇီဝမျိုးစုံမျိုးကွဲ များ ရေရှည်တည်တံ့ရေးနှင့် အင်တိုင်းတော ဂေဟစနစ်ကို ကာကွယ်ထိန်းသိမ်းသွားရန်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ပညာပေးဌာနတစ်ခုအဖြစ် ရပ်တည်ဆောင် ရွက်သွားရန်၊ သဘာဝပတ်ဝန်းကျင်သိပ္ပံ ပညာရပ်ကို မြှင့်တင်နိုင်ရန်၊ သုတေသနလုပ်ငန်း များ အကောင်အထည်ဖော် ဆောင်ရွက်သွား ရန်၊ ဒေသဖွံ့ဖြိုးရေးနှင့် သဘာဝအခြေခံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် ဆောင် ရွက်ရန် စသည့် ရည်ရွယ်ချက်များချမှတ်၍ ချပ်သင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော ထိန်းသိမ်းကာကွယ်ရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

 

ချပ်သင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော ၏ အဓိက ထိန်းသိမ်းရေးမျိုးစိတ်ဖြစ်သော မြန်မာ့ရွှေသမင်များ၏ အကောင်ရေ တိုးပွား/လျော့ကျ စာရင်းကို သိရှိမှတ်တမ်းတင်ပြီး အုပ်ချုပ်လုပ်ကိုင်မှုစီမံချက်တွင် ထည့်သွင်း အကောင်အထည်ဖော်နိုင်ရန် သမင်စာရင်း ကောက်လုပ်ငန်းကို နှစ်စဉ် ပွင့်လင်းရာသီတွင် တစ်ကြိမ် ပြုလုပ်ကြောင်းလည်း သိရသည်။

 

ရွှေသမင်များသည် ဖေဖော်ဝါရီလမှ မေ လဆန်းအထိ မိတ်လိုက်၍ အောက်တိုဘာမှ ဒီဇင်ဘာလအတွင်း သားပေါက်ကြပြီး တစ်ကြိမ်လျှင် တစ်ကောင်သာ ပေါက်ဖွား သည်။ သမင်များသည် အများအားဖြင့် အင်တိုင်းတောများတွင် ကျက်စားပြီး ဆီးဖြူ သီး၊ ဖန်ခါးသီး၊ ခပေါင်းသီးနှင့် မြက်တို့ကို အဓိက စားသုံးကြောင်းနှင့် ၂၀၁၉ ခုနှစ် ဧပြီလ သမင်စာရင်းကောက်ယူမှု မှတ်တမ်းများအရ သမင်ကောင်ရေ ၉၀၀ ခန့်ရှိကြောင်း သိရ သည်။

 

ချပ်သင်းဘေးမဲ့တောအတွင်း ဇီဝမျိုးစုံ မျိုးကွဲ အများအပြားရှိရာ အပင်များအနေဖြင့် သစ်ပင်မျိုးစိတ် ၁၁၁ မျိုး၊ ခြုံပင်မျိုးစိတ် ၂၇ မျိုး၊ နွယ်ပင်မျိုးစိတ် ၄၁ မျိုး၊ ပင်ပျော့မျိုးစိတ် ၇၁ မျိုး၊ မြက်မျိုးစိတ် ၅၆ မျိုး၊ ပရဆေးပင် မျိုးစိတ် ၃၉ မျိုး ရှိသည်။ သတ္တဝါမျိုးစိတ် များတွင် နို့တိုက်သတ္တဝါ ၁၃ မျိုး၊ ငှက်မျိုးစိတ် ၂၆၂ မျိုးရှိပြီး ကုန်းနေရေနေနှင့် တွားသွား သတ္တဝါ မျိုးစိတ်ထဲတွင် ဖား ၁၆ မျိုး၊ မြွေ ၂၃ မျိုး၊ ပုတ်သင် ၁၂ မျိုး၊ လိပ် သုံးမျိုး ရှိသည်။ လိပ်ပြာမျိုးစိတ် ၆၅ မျိုးနှင့် ရေချိုငါး မျိုးစိတ် ၄၈ မျိုး ရှိကြောင်းလည်း မှတ်တမ်းများအရ သိရသည်။

 

ချပ်သင်းဘေးမဲ့တော၌ သဘာဝအခြေခံ ခရီးသွားလုပ်ငန်း ဝန်ဆောင်မှုများအနေဖြင့် ခရီးသွားဧည့်သည် ၁၅ ဦး တည်းခိုနိုင်သော ကင်းစမ်းသစ်တောစခန်း၊ ခရီးသွားဧည့်သည် ရှစ်ဦး တည်းခိုနိုင်သော တံခွန်တိုင်ဧည့်ရိပ်သာ၊ ခရီးသွားဧည့်သည် ၁၆ ဦး တည်းခိုနိုင်သော ရွှေမြေပဒေသာ သစ်လုံးအိမ် တည်းခိုရိပ်သာ တို့ရှိပြီး ခရီးစဉ်အတွက် ဒေသခံလမ်းပြများ ရှိသည်။

 

လာရောက် လည်ပတ်ကြသူများသည် အဆိုပါ စခန်းနှင့် ရိပ်သာများ၌ တည်းခို၍ ဘေးမဲ့တောအတွင်းရှိ အင်တိုင်းတော ဂေဟ စနစ်၊ မြန်မာ့ရွှေသမင်များနှင့် ဘေးမဲ့တော အတွင်းရှိ ဇီဝမျိုးစုံမျိုးကွဲများအပေါ် သိမြင်မှု မြှင့်တင်နိုင်သည့် အသေးစား သဘာဝသမိုင်း ပြတိုက် စသည်တို့ကို လေ့လာနိုင်ပါကြောင်း တင်ပြလိုက်ရပါသည်။ ။

မြန်မာ့အလင်း