မိတ္ထီလာ  ၁၈   ဖေဖော်ဝါရီ 

 

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ်တွင်  မြတ်ညီနောင်စေတီတော်မြတ်ကြီး၏ ၅၈ ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်၌ မြန်မာ့ရိုးရာနွားလှည်းပြိုင်ပွဲကိုစည်ကားသိုက်မြိုက်စွာထည့်သွင်း ကျင်းပ လျက်ရှိကြောင်းသိရသည်။ 

 

“ဝမ်းတွင်း မြတ်ညီနောင်ဘုရားပွဲတော်မှာ ထည့်သွင်းကျင်းပတဲ့နွားလှည်းပြိုင်ပွဲက မိတ္ထီလာခရိုင် အတွင်းမှာ နာမည်ကျော်ကြားတဲ့နွားလှည်းပြိုင်ပွဲဖြစ်ပြီး ခရိုင်အတွင်းက ဒေသများတင်မဟုတ်ဘဲ ကျောက်ဆည်ခရိုင် မြစ်သားနယ်ထဲကပါ လာရောက်ပြီး နွားလှည်းပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြလေ့ရှိပါတယ်။ ဘုရားပွဲတော်ကာလ တပို့တွဲလဆန်း ၈ ရက်နေ့ကနေ တပို့တွဲလပြည့်ကျော် ၁ ရက်နေ့  (ဖေဖော်ဝါရီ ၁၂ မှ ၂ဝ ရက် )အထိ ပြိုင်ပွဲကိုကျင်းပပြီး လပြည့်ကျော် ၂ရက်နေ့မှာ ဆုပေးပွဲကျင်းပပါတယ်။နွားလှည်းပြိုင်ပွဲမှာ ဒုန်းပြိုင်ပွဲနဲ့ ခြေအသားကျပြိုင်ပွဲအမျိုးအစားဆိုပြီး ခွဲခြားထည့်သွင်းကျင်းပတာဖြစ်ပြီး  လာရောက် ကြည့်ရှုသူအားပေးသူ  အများစုက ဒုန်းပြိုင်ပွဲကို ပိုမိုအားပေးကြည့်ရှု့တာတွေ့ရတယ်။ ကျွန်တော်လည်း မြတ်ညီနောင်ဘုရားပွဲက     နွားပြိုင်ပွဲကိုနှစ်စဉ်လာကြည့်ပြီး ဒုန်းပြိုင်ပွဲပဲ အားပေးနေကျပါ” ဟု ဘုရားစုကျေးရွာမှ နွားပြိုင်ပွဲလာရောက်ကြည့်ရှု့အားပေးသူ ကိုသာဒွန်းကျော် က ပြောသည်။ 

 

ကျေးလက်ဒေသများတွင်  လယ်ယာလုပ်ငန်းနည်းပါးချိန်နှင့် သီးနှံစိုက်ပျိုးသည့်အချိန်ကာလမဟုတ်သော အချိန်များတွင် ကျရောက်ကျင်းပသည့် ကျေးလက်ဘုရားပွဲတော်များတွင် တောင်သူများ၏ အားလပ်ချိန် ပျော်ပွဲရွှင်ပွဲအဖြစ်လည်းကောင်း ၊ တစ်ပါးသူ၏နွားများထက် မိမိပိုင်ဆိုင်သည့် နွားများ၏ ကျန်းမာသန်စွမ်းကောင်းမွန်ကြောင်း ထုတ်ဖော်ပြသည့်ပွဲအဖြစ်လည်းကောင်း  မြန်မာ့ရိုးရာနွားလှည်းပြိုင်ပွဲများကို ထည့်သွင်းကျင်းပလေ့ရှိပြီး ဒေသခံကျေးရွာများနှင့် အနီးပတ်ဝန်းကျင်ကျေးရွာဒေသများမှ လာရောက်ကြည့်ရှုသူများဖြင့်လည်း စည်ကားလျက်ရှိကြောင်းသိရသည်။ 

 

ချမ်းသာ (မိတ္ထီလာ)