အစ္စလာမ္မာဘတ် ၃ နိုဝင်ဘာ
ပါကစ္စတန်နိုင်ငံမြို့တော် အစ္စလာမ္မာဘတ်တွင် နိုဝင်ဘာ ၁ ရက်က ဆန္ဒပြသမား ထောင်ပေါင်းများစွာတို့သည် လမ်းမများပေါ်၌ စုဝေးချီတက်ခဲ့ကြပြီး ဝန်ကြီးချုပ် အီမရန်ခန်း နုတ်ထွက်ပေးရန် တောင်းဆိုဆန္ဒပြခဲ့ကြသည်။
အစ္စလာမ္မစ်ပါတီတစ်ခုနှင့် အခြားပါကစ္စတန်အစိုးရ ဆန့်ကျင်ရေးအင်အားစုများက နိုဝင်ဘာ ၁ ရက်တွင် ဆန္ဒပြပွဲကျင်းပရန် လှုံ့ဆော်စည်းရုံးခဲ့ခြင်းဖြစ်သည်။ ၎င်းတို့က ယမန်နှစ်က ကျင်းပခဲ့သော ပါလီမန်ရွေးကောက်ပွဲများသည် ရိုးသားမှုမရှိကြောင်း စွပ်စွဲပြောကြားခဲ့သည်။
ဆန္ဒပြသမားများက ပါကစ္စတန်ဝန်ကြီးချုပ်ခန်းနှင့် ၎င်းတို့အစိုးရအဖွဲ့ နုတ်ထွက်ရေးနှင့် ပါလီမန်ဖျက်သိမ်းရေးတို့ကို တောင်းဆိုခဲ့ကြသည်။
ပါကစ္စတန်ဝန်ကြီးချုပ်သည် နှစ်ရက်အတွင်း နုတ်ထွက်ခြင်းမပြုပါက ပိုမိုပြင်းထန်သည့် ဆန္ဒပြမှုများနှင့် ရင်ဆိုင်တွေ့ကြုံရမည်ဖြစ်ကြောင်း ဆန္ဒပြခေါင်းဆောင်များက ပြောကြားသည်။
မြို့တော် အစ္စလာမ္မာဘတ် တစ်ဝန်းတွင် ရဲတပ်ဖွဲ့ဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ပါကစ္စတန် အစိုးရက ဖြန့်ကြက်ချထားပြီး ဆန္ဒပြမှုများ တိုးမြှင့်လာမှုအား ရပ်တန့်သွားစေရန် ကြိုးပမ်းလျက်ရှိသည်။
ကိုးကား-အင်န်အိတ်ချ်ကေ၊ ဘာသာပြန်-ဇော်ဝင်း


