ဝါရှင်တန် ၁၁  ဇွန်

 

ဂျပန်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့မှ တာဝန်ရှိသူများသည် ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက်တစ်ရပ်ကို ဦးတည်စေမည့် တိုးတက်မှုဆိုင်ရာ လုပ်ငန်းစဉ်များကို လုပ်ဆောင်ရန် ဝါရှင်တန်၌ ကုန်သွယ်ရေးဆိုင်ရာ  ဆွေးနွေးပွဲများကျင်းပ မည်ဖြစ်ကြောင်း ယနေ့အင်န်အိတ်ချ်ကေ သတင်းတစ်ရပ်က ဖော်ပြထားသည်။

 

အဆိုပါကုန်သွယ်ရေးဆွေးနွေးပွဲတွင် လယ်ယာထုတ်ကုန်များနှင့် မော်တော်ယာဉ်များအပေါ် ကောက်ခံမည့် အခွန်စည်းကြပ်မှုများ အပါအဝင် အဓိကအကြောင်းအချက်များကို ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဆွေးနွေးပွဲသို့ စိုက်ပျိုးရေးဝန်ကြီးဌာနနှင့် ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနတို့မှ ဂျပန်နိုင်ငံတာဝန်ရှိသူများ တက်ရောက်ကြမည်ဖြစ်သည်။

 

ဆန္ဒရှိနေ

 

အမေရိကန်နိုင်ငံအနေဖြင့် မော်တော်ယာဉ်များနှင့် အခြားသောထုတ်ကုန်များအပေါ် ကောက်ခံသည့် အခွန်စည်းကြပ်မှုများကို လျှော့ချပေးရန်လည်း ဂျပန်နိုင်ငံက ဆန္ဒရှိနေသည်။ အမေရိကန်ကလည်း ဂျပန်နိုင်ငံ၏ စိုက်ပျိုးရေးဆိုင်ရာ အခွန်ကောက်ခံမှုများကို ဖြတ်တောက်ပေးရန်တောင်းဆိုထားသည်။

 

ဂျပန်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့အကြား အဆင့်မြင့်ဆွေးနွေးပွဲ များကိုဝါရှင်တန်၌ ဇွန် ၁၃ ရက်တွင် ကျင်းပမည်ဖြစ်ပြီး ဂျပန်နိုင်ငံ၏ ပစိဖိတ်ဖြတ်ကျော်ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးနှင့် ဂျပန်-အမေရိကန်ကုန်သွယ်ရေး ညှိနှိုင်းရေးမှူး တိုရှီမီဆူမိုတီဂီနှင့် အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ် ရောဘတ်လစ်သီဇာတို့ တက်ရောက်မည်ဖြစ်သည်။ ဂျပန်နှင့် အမေရိကန်တို့သည် ကုန်သွယ်ရေးဆွေးနွေးပွဲများ၏ နိဂုံးနှင့်စပ်လျဉ်းသည့် အချိန်ဇယားကိုလည်း ဆွေးနွေးရန် မျှော်လင့်ထားကြောင်း သိရသည်။

 

အင်န်အိတ်ချ်ကေ