ဖလမ်း ၁၃ မတ်
ချင်းပြည်နယ် တောင်သူလယ်သမားသမဂ္ဂက ဖလမ်းမြို့နယ် အတွင်းရှိ ဝါးဥစိုက်တောင်သူများအား ချေးငွေများ အတိုးမရှိ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မတ် ၉ ရက်က ဗဟိုတောင်သူ လယ်သမားသမဂ္ဂနှင့် ဖလမ်းမြို့နယ် တောင်သူလယ်သမားသမဂ္ဂတို့ တွေ့ဆုံဆွေးနွေးပွဲမှ သိရသည်။
“ဗဟိုကအဖွဲ့တွေလာပြီး ဆွေးနွေးခဲ့ကြတယ်။ ဝါးဥစိုက်တောင်သူများအတွက် ချေးငွေထုတ်ပေးဖို့ ကိစ္စ ဆွေးနွေးခဲ့ကြတယ်။ ဝါးဥစိုက်ချင်ကြတဲ့ တောင်သူတွေက တောင်သူလယ်သမားသမဂ္ဂမှာ ချေးငွေ ယူပြီး သုံးနှစ်ကြာမှ အရင်းကိုသာ ပြန်ဆပ် ရမှာဖြစ်ပါတယ်။ ဝါးဥက သုံးနှစ်မှ ရောင်းလို့ရတယ်။ မျိုးစေ့လည်းထွက်တယ်။ အဲလိုရောင်းပြီးမှပဲ ချေးငွေအရင်းကိုသာ ပြန်ဆပ်ရမှာဖြစ်တယ်” လို့ အစည်းအဝေး တက်ရောက်သူ ဦးငွန်ဟရဲက ပြောသည်။
အဆိုပါချေးငွေကို တောင်သူလယ်သမားများက ချေးယူနိုင်ရန်အတွက် အသင်းဝင် ကတ်ပြုလုပ်ရမည်ဖြစ်ပြီး ကတ်များကို ဖလမ်းမြို့နယ်တောင်သူလယ်သမားသမဂ္ဂထံတွင် ပြုလုပ်ရ မည်ဖြစ်သည်။ သမဂ္ဂအနေဖြင့် မြို့ပေါ်သာမက ကျေးရွာများသို့လည်း ကွင်းဆင်း၍ အသင်း ဝင်ကတ်များပြုလုပ်နိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
ဂျွန်


