မန္တလေး ၁၈ ဖေဖော်ဝါရီ
မန္တလေး မှ ဗန်းမော်အထိ ယခုနှစ် (၂၀၁၉ ခုနှစ်) အတွက် ဧရာဝတီလင်းပိုင်ကောင်ရေ သုတေသန စစ်တမ်းပြုလုပ်ရာတွင် ၇၂ ကောင် တွေ့ရှိခဲ့ကြောင်း WCS Myanmar (သားငှက်ထိန်းသိမ်းရေးအဖွဲ့ မြန်မာ) ၏ ဖေဖော်ဝါရီ ၁၇ ရက် ထုတ်ပြန်ချက်အရ သိရသည်။
ငါးလုပ်ငန်းဦးစီးဌာန နှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်) တို့ ပူးပေါင်း၍ မန္တလေး မှ ကချင်ပြည်နယ်၊ ဗန်းမော်အထိ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်မှ ၁၆ ရက်အထိ ဧရာဝတီလင်းပိုင်သုတေသနစစ်တမ်းကောက်ရာတွင် မန္တလေးနှင့် ကျောက်မြောင်းကြား ဧရိယာထဲတွင် ၂၄ ကောင် ၊ ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးဧရိယာသစ်အဖြစ် တိုးချဲ့နိုင်ခဲ့သော မလယ်မြို့နယ် နှင့် ရွှေကူ မြို့နယ် ဧရိယာကြားတွင် ၃၄ ကောင်၊ ဗန်းမော်တွင် ၁၄ ကောင် စုစုပေါင်း ၇၂ ကောင်ကို သုတေသနပြုနိုင်ခြင်းဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၂၀၁၈ ခုနှစ် ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေး သုတေသနစစ်တမ်းတွင် မန္တလေးနှင့် ကျောက်မြောင်းကြား ဧရိယာတွင် ၂၆ ကောင်၊ မလယ်မြို့နယ်နှင့် ရွှေကူမြို့နယ်ကြား ဧရိယာတွင် ၃၇ ကောင်၊ ဗန်းမော်ဘက်တွင် ၁၃ ကောင် ကို သုတေသနပြု နိုင်ခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ်အတွက် သုတေသနစစ်တမ်းတွင် ၂၀၁၈ ခုနှစ် သုတေသနစစ်တမ်းထက် ၄ ကောင် လျော့နည်းကြောင်း။ ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးတွင် ၂၀၁၈ ခုနှစ်သည် ဧရာဝတီလင်းပိုင်များ အသေအပျောက် အများဆုံး ဖြစ်ပြီး ထိုနှစ်ထဲတွင် ခြောက်ကောင် သေဆုံးကြောင်း၊ ၂၀၁၉ ခုနှစ် နှစ်ဦးပိုင်းတွင်လည်း ဧရာဝတီလင်းပိုင်တစ်ကောင် သေဆုံးကြောင်း သိရသည်။
သေဆုံးမူအများစုမှာ လူ့ပယောဂကြောင့်ဖြစ်ပြီး ထိုအထဲတွင် ဘက်ထရီရှော့တိုက် ငါးဖမ်းဆီးမူကြောင့်က အများဆုံးဖြစ်ကြောင်း၊ အဆိုပါ ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး သုတေသန ခရီးစဉ်တွင် လင်းပိုင်ထိန်းသိမ်းရေး အသိပညာပေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ခဲ့ကြောင်း လင်းပိုင်ထိန်းသိမ်းရေးသမားများ၏ ပြောပြချက်အရ သိရသည်။
ဧရာဝတီလင်းပိုင်သုတေသနစစ်တမ်းများကို နှစ်စဉ် ဖေဖော်ဝါရီလတွင် ပြုလုပ်ပြီး ယခုနှစ် ဧရာဝတီလင်းပိုင် သုတေသနခရီးစဉ်တွင် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနတို့မှ ရှစ် ဦး၊ ပတ်ဝန်းကျင်နှင့် မျိုးသုဉ်းရှားပါးရေသတ္တဝါများထိန်းသိမ်းရေးဌာနစုမှ တစ်ဦး၊ ကသာမြို့ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ နှစ်ဦး၊ ရေလုပ်သား သုံးဦးနှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်) မှ ဝန်ထမ်းများလည်း ပါဝင်ကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့ မြန်မာမှသည်။
သတင်း-မောင်မွှေး၊ ဓာတ်ပုံ-WCE Myanmar


