မုံရွာ ၁၂ မတ် 

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချင်းတွင်းမြစ်ကမ်းသဲသောင်ပြင်တွင် ကျင်းပမည့် ချင်းတွင်းသင်္ကြန်ပွဲတော်တွင် ထည့်သွင်းပြသမည့် သဲပန်းပုများကို ပြည်တွင်းပညာရှင်များဖြင့်သာ ထုလုပ်ပြသသွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း၏ ပြောကြားချက်အရ သိရသည်။

 

''အခုနှစ်ချင်းတွင်းသင်္ကြန်မှာ မနှစ်ကအတွေ့အကြုံအရ ပြည်တွင်းက သဲပန်းပုပညာရှင်တွေကလည်း အဆင့်မီမီနဲ့ ထုလုပ်နိုင်တာကိုတွေ့ရတဲ့အတွက် အခုနှစ်မှာကျင်းပမဲ့ ချင်းတွင်းသင်္ကနြ်မှာတော့ သဲပန်းပုရုပ်ထုများကို ပြည်တွင်းက သဲပန်းပုပညာရှင်တွေနဲ့ပဲ ထုလုပ်သွားဖို့ စီစဉ်နေတယ်'' ဟု စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းက ပြောသည်။

 

1

 

ချင်းတွင်းမြစ်အတွင်းက ပေါများစွာရရှိသော သဲများကိုလက်တွေ့အသုံးချပြီး အနုပညာလက်ရာမြောက်စွာ ဖန်တီးပြီး ထုလုပ်ထားသော သဲပန်းပုအရုပ်များကို အများပြည်သူများ ကြည့်ရှုလေ့လာနိုင်ရန်နှင့်  အပြည်ပြည်ဆိုင်ရာ သဲပန်းပုပြိုင်ပွဲများအထိ ထိုးဖောက်နိုင်သော သဲပန်းပုပညာရှင်များ ပေါ်လာနိုင်ရန် ပြည်တွင်းရှိပညာရှင်များကိုသာ ရွေးချယ်ထုလုပ်ရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)