မန္တလေး ၁၉ ဖေဖော်ဝါရီ


ယခုနှစ် မဟာသင်္ကြန်ပွဲတော် ကာလတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ တံခွန်တောင်သူလယ်သမား သမဂ္ဂအဖွဲ့ချုပ် (အထက်မြန်မာပြည်) ခေတ်သစ်ငဘ သံချပ်အဖွဲ့မှ အလှပြယာဉ်ဖြင့် လှည့်လည် ကပြဖျော်ဖြေ သွားမည်ဖြစ်ကြောင်း သိရသည်။

 

123


အဆိုပါ ခေတ်သစ်ငဘ သံချပ်အဖွဲ့သည် အလှပြယာဉ်ဖြင့် နောက်ပါ ဝန်းရံတောင်သူအင်အား ၁၀ဝခန့် လိုက်ပါလျက် သင်္ကြန်ကာလတွင် မန္တလေးမြို့ပေါ်ရပ်ကွက်များအပါအဝင် မန္တလေးမြို့နှင့် အနီးပတ်ဝန်း ကျင်ရှိ မြို့နယ်များသို့ အလှပြယာဉ်ဖြင့် လှည့်လည်ကပြ ဖျော်ဖြေသွား မည်ဖြစ်ကြောင်း သိရသည်။

 

123


"ခေတ်သစ်ငဘ သံချပ်အဖွဲ့ဆိုပြီး ဒီနှစ် သင်္ကြန်ပွဲတော်မှာ သံချပ်ထွက်နိုင်ဖို့ စီစဉ်နေပါပြီ။ ခေတ်အဆက်ဆက်က အဖိနှိပ်ခံ၊ အနိုင်ကျင့်ခံ လယ်ယာမြေသိမ်းဆည်းခံ၊ မတရားဖမ်းဆီး ထောင်ချခံတောင်သူတွေကိုယ်တိုင်က ဒီသံချပ်အဖွဲ့မှာ ပါဝင်သွားကြမှာဖြစ်ပါတယ်။ သံချပ်ပြိုင်ပွဲကိုလဲ ပြိုင်ပွဲဝင်ယှဉ်ပြိုင်သွားဖို့ထိ လေ့ကျင့်ပြီး ပြိုင်ပွဲဝင်သွားပါမယ်" ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ တံခွန်တောင်သူ လယ်သမား သမဂ္ဂအဖွဲ့ချုပ် (အထက်မြန်မာပြည်)ဥက္ကဋ္ဌ ဦးလင်းထင်စိုးက ပြောသည်။


သင်္ကြန်ပွဲတော်ကာလ သင်္ကြန်အကြိုနေ့နှင့် သင်္ကြန်အကျနေ့တို့တွင် မန္တလေးကျုံး မြို့ရိုးပတ်လည်နှင့် မန္တလေးမြို့ပေါ်ရပ်ကွက်များ တွင်လည်းကောင်း၊ သင်္ကြန်အကြတ်နေ့နှင့် သင်္ကြန်အတက်နေ့တို့တွင် စစ်ကိုင်းမြို့၊ အမရပူရမြို့နယ်ရှိ တောင်သမန်အင်းတစ်ဝိုက်၊ စဉ့်ကိုင်၊ ကျောက်ဆည်၊ ပုသိမ်ကြီး စသည့် မြို့များတွင်လည်းကောင်း လှည့်လည်ကပြ ဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရသည်။

 
သူရိန်လင်း