မော်စကို ဧပြီ ၂၈
ရုရှားသမ္မတဗလာဒီမာပူတင်သည် ယူကရိန်းအရေး ဆွေးနွေးရန် ကရင်မလင်သို့ ဧပြီ ၂၆ ရက်က အလည်အပတ် ရောက်ရှိလာသော ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်နှင့် တွေ့ဆုံခဲ့ကြသည်။ ။
ကိယက်ဗ်တွင် ၂၀၁၄ အခြေခံဥပဒေကို ဆန့်ကျင်သည့် အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် ငြိမ်းချမ်းစွာ ဖြေရှင်းရေး မင့်ခ်သဘောတူညီချက်ရပြီးသည့်တိုင် ဒွန်ဘက်ရှိပြည်သူများ စစ်ဘက်ဆိုင်ရာဖိအားများနှင့် ပိတ်ဆို့မှုခံနေရသဖြင့် ယူကရိန်းကိစ္စပေါ်ပေါက် လာခဲ့ခြင်းဖြစ်ကြောင်း ပူတင်က ဂူတာရက်စ်ကို ပြောသည်။
ပူတင်၏အပြောအရ ဒွန်ဘက်သည် ၎င်းတို့၏ အချုပ်အခြာပိုင်ဆိုင်မှုကို ကြေညာခွင့်ရှိကြောင်းနှင့် ရုရှားက၎င်းတို့၏ လွတ်လပ်ရေးကို အသိအမှတ်ပြုပြီး စစ်ရေးဆိုင်ရာ အထောက်အပံ့များထောက်ပံ့ပေးမည် ဖြစ်ကြောင်း သိရသည်။
စစ်ဆင်မှုများ ဆက်လက်ပြုလုပ်နေသော်လည်း သံတမန်လမ်းကြောင်းဖြင့် သဘောတူညီချက် ရရှိရန် မျှော်လင့်ထားကြောင်း၊ ညှိနှိုင်းဆွေးနွေးမှုများ လုပ်ဆောင်လျက်ရှိပြီး သူတို့ကို ငြင်းပယ်သွားမည် မဟုတ်ကြောင်း ပူတင်ကဆက်လက်ပြောကြားသည်။
လူသားချင်းဆိုင်ရာ လမ်းကြောင်းများ ထိထိရောက်ရောက် ဖြစ်ရေးအတွက် ယူကရိန်းအခြေအနေများကို ဆွေးနွေးနိုင်မည့် ကုလသမဂ္ဂ၊ ရုရှားနှင့် ယူကရိန်းသုံးဦးပါ အုပ်စုတစ်စုကို ဖန်တီးရန် ဂူတာ ရက်စ်က အဆိုပြုခဲ့သည်။
ယူကရိန်း၏ မာရီပူးအခြေအနေများကို ဖြေရှင်းရန်ကုလသမဂ္ဂသည် ၎င်း၏ လူသားချင်းဆိုင်ရာ အရင်းအမြစ်များနှင့် ထောက်ပံ့ပို့ဆောင်မှုများ အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီတပ်ဖွဲ့၊ ရုရှားနှင့် ယူကရိန်းတပ်ဖွဲ့များ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
အဖော့စတယ် သံနှင့်စတီးကုမ္ပဏီရှိ အရပ်သားများကို ရွှေ့ပြောင်းကယ်ဆယ်မှုများ လုပ်ဆောင်ရန် အဖော့စတယ်၏ အခြေအနေအရပ်ရပ်ကို နားလည်သဘောပေါက်ပြီး နိုင်ငံတကာကြက်ခြေနီအဖွဲ့နှင့် အတူတကွ ပူးပေါင်းဆောင်ရွက်ရန် နှစ်ရက်၊ သုံးရက်အတွင်း အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ဂူတာရက်စ်က ပြောကြားလိုက်သည်။
ရုရှား၏လူသားချင်း စာနာထောက်ထားမှု စင်္ကြံလမ်းများသည် အလုပ်မဖြစ်ဆိုသည့် ဖော်ပြချက်များကို ရုရှားက ငြင်းဆိုထားသည်။ ရုရှားသည် ယူကရိန်း စစ်သုံ့ပန်းများကို မည်သို့ဆက်ဆံသလဲဆိုသည်ကို ကြည့်ရှုရန် ကုလသမဂ္ဂနှင့် နိုင်ငံတကာကြက်ခြေနီအဖွဲ့ ကိုယ်စားလှယ်များကို ဖိတ်ခေါ်ချင်ကြောင်း ပူတင်က ပြောသည်။
မော်စကိုသို့သွားရောက်ခြင်းမပြုမီ ဂူတာရက်စ်သည် တူရကီသမ္မတ ရီဆက်ပ်တေရစ်အာဒိုဂန်နှင့် မြို့တော်အင်ကာရာတွင် တွေ့ဆုံခဲ့သည်။ ပူတင်နှင့် ဆွေးနွေးပြီးနောက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်သည် ယူကရိန်းသို့ ဆက်လက်ထွက်ခွာမည် ဖြစ်သည်။
ဆင်ဟွာ


