(၁၈)ကြိမ်မြောက် ကရင်ရိုးရာလက်ရစ်ချည်မင်္ဂလာ အခမ်းအနားကျင်းပ

သရက်ချောင်း ၂၁ သြဂုတ်  

 

တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ် ကတွဲကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ သြဂုတ် ၂၁ ရက်နေ့ နံနက်ပိုင်းက (၁၈)ကြိမ်မြောက် ကရင်ရိုးရာ လက်ရစ်ချည်မင်္ဂလာ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

 

 

ရှေးဦးစွာ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် ထံမှ ပေးပို့လာသော သဝဏ်လွှာကို ကတွဲကျေးရွာလူငယ်အဖွဲ့တာဝန်ခံ ဦးစောဇေယျာထွေး က လည်းကောင်း၊ KNU ကရင်အမျိုး သားအစည်းအရုံး ဗဟိုဌာနချုပ်မှပေးပို့လာသောသဝဏ်လွှာကို ဒေါ်နန်းလွင်လွင်ဌေး ကလည်းကောင်း ဖတ်ကြား ပေးခဲ့ပြီး အသက်ကြီး အဘိုးအဘွားများက သတ်မှတ်နေရာများတွင် နေရာယူကြကာ လက်ရစ်ချည်ဆုတောင်း စကားများဖြစ်သော ကရင်တိုင်းရင်းသားလူမျိုးများအားလုံး အရပ်တစ်ပါးသို့ မသွားကြပါနှင့် မိမိရဲ့ဝိညာဉ်များမိဘ  ဘိုးဘွား ညီအစ်ကိုမောင်နှမများ စုဝေးရာအရပ်ကို ပြန်ခေါ်လာပါ။ မကောင်းဆိုးဝါးရှိသောနေရာ၊ အမင်္ဂလာရှိ သောနေရာ၊ မိန်းမပျက်မိန်းမယုတ်တို့ရှိသောနေရာကို ရှောင်ကြဉ်ကြပါ။ မိဘစကားကို မြေဝယ်မကျ နားထောင် ကြပါ။ မိဘများက သားသမီးများကို ဆင်စီးပြီး မြင်းရံတာကိုပဲ အလိုရှိပါသည်။ ဒါကြောင့် သူတစ်ပါး လိမ်လည်မှု များမယုံစားကြပါနှင့် မိမိတို့ရဲ့ ဝိညာဉ်ကိုပြန်ခေါ်လာပါ စသည့်ဆုတောင်းစကားများကို ရွတ်ဆိုခဲ့ပြီး ရပ်နီးရပ်ဝေး မှ ရောက်ရှိလာသော ခုနှစ်ရက် သားသမီးများကို လက်ရစ်ချည်ပေးခဲ့သည်။

 

 

အဆိုပါ အခမ်းအနားသို့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလုကာ၊ ထားဝယ်မြို့ ကတ်သရစ်ဘုန်းတော် ကြီး ဂျိုးဇက်ဖာသာ ဦးသိန်းခင်၊ ကရင်ပြည်သူ့ပါတီဥက္ကဌ ဦးစောဟာဗီ၊ မြို့နယ်အုပ်ချုပ်ရေး ဦးသန်းထွန်း နှင့် ဌာနဆိုင်ရာ ဖိတ်ကြားထားသူများ၊ ရပ်နီးရပ်ဝေးမှဒေသခံ ကရင်တိုင်းရင်းသားများ တက်ရောက်ခဲ့ကြောင်း သိရ သည်။

 

 

နိုင်ဝင်း(ပြန်/ဆက်)