၂၀၁၆ ခုနှစ် ရွေးကောက်ပွဲတွင် ဝင်ရောက်စွက်ဖက်မှုဖြင့် အမေရိကန်က ရုရှားဟက်ကာ ၁၂ ဦးအား တရားစွဲ

ဝါရှင်တန် ၁၄ ဇူလိုင်

အမေရိကန် ပြည်ထောင်စု အထူး အကြံပေးပုဂ္ဂိုလ် ရောဘတ်မူလာသည် ရုရှား ဟက်ကာ ၁၂ ဦးအား အမေရိကန်၏ ၂၀၁၆ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ဝင်ရောက်စွက်ဖက်မှုဖြင့် တရားစွဲဆိုလိုက်သည်။

အမေရိကန် ပြည်ထောင်စု၏ ၂၀၁၆ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ရုရှားနိုင်ငံ၏ ဝင်ရောက် စွက်ဖက်ခြင်းအပေါ် စုံစမ်းစစ်ဆေးမှုတွင် ကြီးကြပ်ခဲ့သူ ဒုတိယရှေ့နေချုပ် Rod Rosenstein က “ဒီတရား စွဲဆိုမှုဟာ ၂၀၁၆ ခုနှစ်ရွေးကောက်ပွဲကာလအတွင်း ကြားဝင်စွက်ဖက်ဖို့ လျှို့ဝှက်ကြံစည်မှုနဲ့ ရုရှား စစ်ဘက် အရှာရှိ ၁၂ ဦးကို အမည်စာရင်းတင်သွင်းပြီး စွဲဆိုတဲ့ အမှုဖြစ်ပါတယ်” ဟု သတင်းစာ ရှင်းလင်းပွဲတွင် ပြောပြခဲ့သည်။

တရားစွဲဆိုခံရသူ ၁၂ ဦးစလုံးသည် ရုရှားထောက်လှမ်းရေးမှ အရာရှိများဖြစ်ကြပြီး ၎င်းတို့အနက် ၁၁ ဦးသည် အမေရိကန်ပြည်ထောင်စု အမျိုးသား ဒီမိုကရက်တစ် ကော်မတီနှင့် အမျိုးသား ဒီမိုကရက်တစ် ကွန်ဂရက် စည်းရုံးရေးကော်မတီတို့၏ ကွန်ရက်များကို ထိုးဖောက်ဝင်ရောက်ရန် ကြိုးပမ်းခဲ့ကြကြောင်း သိရသည်။

အခြားတစ်ယောက်သည် ပြည်နယ်ရွေးကောက်ပွဲ ဘုတ်အဖွဲ့၏ ဝက်ဘ်ဆိုက်ကဲ့သို့သော ရွေးကောက်ပွဲ စီမံခန့်ခွဲရေးအဖွဲ့ ၏ စနစ်အတွင်းကို တရားမဝင် ချိုးဖောက်ဝင်ရောက်ခဲ့ပြီး ပြည်နယ် ရွေးကောက်ပွဲဆိုင်ရာ တာဝန်ရှိသူများထံသို့ အီးမေးလ်နှင့် အချက်အလက်အတုများ ပေးပို့ခဲ့ကြောင်း သိရသည်။

အဆိုပါ တရားစွဲဆိုခံရသူ ရုရှားအရာရှိ ၁၂ ဦးသည် လက်ရှိချိန်တွင် ရုရှားနိုင်ငံ၌ ရှိနေပြီး အမေရိကန် ဥပဒေပြု အဖွဲ့များအနေဖြင့် ဖမ်းဆီးအရေးယူနိုင်ရန် မလွယ်ကူကြောင်း သိရသည်။ နောင်တစ်ချိန်တွင် လက်ရှိ တရားစွဲဆိုသူ ရောဘတ်မူလာ၏ အဖွဲ့ဖျက်သိမ်းခဲ့ပါက အမေရိကန် အမျိုးသား လုံခြုံရေးဌာန၏ တရားရေးဌာနခွဲကို အမှုလွှဲပြောင်းကာ ဆက်လက် ဆောင်ရွက်သွားကြမည်ဖြစ်သည်။

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလကလည်း ရောဘတ်မူလာ၏ ရုံးအဖွဲ့သည် ရုရှား လူမျိုး ၁၃ ဦးနှင့် ရုရှား အဖွဲ့အစည်း ၃ ခုအား ရွေးကောက်ပွဲတွင် ဝင်ရောက် စွက်ဖက်မှုဖြင့် တရားစွဲဆိုမှု ပြုလုပ်ခဲ့ကြသည်။ အမေရိကန် တရားရေးဌာနသည် ရှာဖွေတွေ့ရှိထားသည့် သက်သေအထောက်အထားများနှင့် စွဲချက် အသစ်များကို ဒေါ်နယ်လ်ထရန့်နှင့် ရုရှားသမ္မတ ပူတင်တို့ တွေ့ဆုံမှုမတိုင်ခင် ဒေါ်နယ်လ်ထရန့်ကို ရှင်းလင်းပြောကြားထားပြီး ဒေါ်နယ်လ်ထရန့်သည် အဆိုပါကိစ္စများကို ရုရှားသမ္မတ ပူတင်နှင့် တွေ့ဆုံမှုမှာ ဆွေးနွေးသွားဖို့ စီစဉ်ထားကြောင်းလည်း သိရသည်။

ရုရှားသမ္မတ ပူတင်ကတော့ အမေရိကန်၏ နိုင်ငံရေးမူဝါဒ လုပ်ဆောင်ချက်များအပေါ် အတော်များများ ငြင်းဆိုထားသည်။

SMZaw (MDN)
ကိုးကား - Xinhua