၂၀၁၇-ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုရရှိခဲ့သော ပညာရေးဝန်ထမ်းများအား ဂုဏ်ပြုပွဲ အခမ်းအနားနှင့် အခြေခံပညာ မြန်မာစာစွမ်းရည်ပြိုင်ပွဲ (ဗဟိုအဆင့်) ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ

ရန်ကုန် ၁၈ ဇန်နဝါရီ

၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ရရှိခဲ့သည့် ပညာရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့သော၊ တာဝန်ထမ်းဆောင်လျက်ရှိသော ပညာရေး ဝန်ထမ်းများအား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီတွင် တက္ကသိုလ်စိန်ရတုခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး တက်ရောက်၍ ဂုဏ်ပြုအမှာစကား ပြောကြားကာ ဂုဏ်ပြုဆုများချီးမြှင့်သည်။

 

mdn

 

ပြည်ထောင်စုဝန်ကြီးက အမျိုးသားစာပေဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်လျက် မြန်မာနိုင်ငံ တိုင်းရင်းသားများ၏ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများကို ဖော်ကျူး ထင်ဟပ်နိုင်စွမ်းရှိသော စာကောင်းပေမွန်များကို နိုင်ငံတော်အဆင့် စာပေဆုများအဖြစ် သတ်မှတ်ပြီး နှစ်စဉ်ဂုဏ်ပြုဆုများ ချီးမြှင့်လျက်ရှိပါကြောင်း၊ နိုင်ငံတော်အဆင့် စာပေဆုများကို ပညာရေးဝန်ထမ်းများက နှစ်စဉ်ဆွတ်ခူးရရှိပြီး ၂၀၁၇ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆု (၁)ဆု၊ အမျိုးသား စာပေဆု(၂)ဆုနဲ့ စာပေဗိမာန်စာမူဆု (၇) ဆုရရှိခဲ့သည့် ပညာရေးဝန်ထမ်း (၁၀) ဦးတို့အတွက် များစွာဂုဏ်ယူဝမ်းမြောက်ပါကြောင်းနဲ့ ပညာရေးဝန်ကြီး ဌာနအနေဖြင့် ဂုဏ်ပြုမှတ်တမ်းတင်ပါကြောင်း၊ ပညာရေးကဏ္ဍတွင် တာဝန်ထမ်းဆောင်ကြသော စာပေပညာရှင်ကြီးများအနေနှင့် မြန်မာစာပေနှင့်တိုင်းရင်းသား စာပေဖွံ့ဖြိုး တိုးတက်ရေးအတွက် လူငယ်မျိုးဆက်သစ်များကို ကိုယ်ကျင့်တရား ကောင်းမွန်သော၊ ပူးပေါင်းနေထိုင်တတ်သော၊ ပူးပေါင်းဆောင်ရွက်တတ်သော၊ အတွေးအခေါ် ရင့်ကျက်သော၊ ဗဟုသုတကြွယ်ဝသော လူသားကောင်းများ ဖြစ်လာစေရေးအတွက် စိတ်ခွန်အားကို မြင့်တင်ပေးသည့် ရသစာပေနှင့် အသိဉာဏ်ဗဟုသုတကို ပွားများစေသည့် သုတစာပေများကို ရေးသားကာ မိမိ တို့၏ ပညာစွမ်းအား၊ ကလောင်စွမ်းအားဖြင့် ဆက်လက်ပြီး ပြုစုပျိုးထောင်ပေးကြပါရန် ပြောကြားသည်။

 

mdn

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုဆုများကို ပေးအပ်ချီးမြှင့်ပြီး ဆုရရှိသူများကိုယ်စား အမျိုးသား စာပေတစ်သက်တာဆုရှင် ဆရာကြီးဦးထွန်းရီ ကလောင်အမည် ထွန်းရီ(ရှေးဟောင်သုတေသီ)က ကျေးဇူးတင်စကား ပြောကြား၍ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။

 

mdn

 

ပြည်ထောင်စုဝန်ကြီးသည် မွန်းလွဲ ၂ နာရီတွင် တက္ကသိုလ်စိန်ရတုခန်းမ၌ ကျင်းပသော ၂၀၁၈ ခုနှစ် အခြေခံပညာ မြန်မာစာ စွမ်းရည်ပြိုင်ပွဲ (ဗဟိုအဆင့်) ဆုချီးမြှင့်ပွဲ သို့တက်ရောက်၍ ဂုဏ်ပြုအမှာစကားပြောကြားကာ ဆုများကိုချီးမြှင့်ခဲ့သည်။

 

mdn

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဆုများကိုချီးမြှင့်ရာ တိုင်းဒေသကြီး နှင့်ပြည်နယ် (၁၈) ခုမှ ဗဟိုအဆင့်ပြိုင်ပွဲတွင် အခြေခံပညာအထက်တန်း အဆင့်၌ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ Dဝေလျှံ (ကပက)၊ ဒသမတန်းမှ မဆုမြတ်နှင်းက ပထမဆု၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အထက (၂) မုံရွာ၊ ဒသမတန်းမှ မမွှေးသက်ဝင်း က ဒုတိယဆု၊ တနင်္သာရီတိုင်းဒေ သကြီး၊ မြိတ်မြို့၊ အထက-သဘွတ်၊ ဒသမတန်းမှ မနီနီလှိုင်က တတိယဆု ရရှိသည်။ အခြေခံပညာအလယ်တန်းအဆင့်တွင် ရန်ကုန် တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့၊ အထက (ခွဲ) အလက (၁၂)၊ ဆဋ္ဌမတန်းမှ မခင်ခင်ကျော်က ပထမဆု၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့၊ အထက-၁၆၊ အဋ္ဌမတန်းမှ မအိမ့်မှူးခင်က ဒုတိယဆု၊ ရှမ်းပြည်နယ် (တောင်)၊ နမ့်စန်မြို့၊ အထက-မြို့မ၊ အဋ္ဌမတန်းမှ မချစ်သဲအိက တတိယဆုကို ရရှိသည်။

 

mdn

 

ဆက်လက်၍ မြန်မာစာအဖွဲ့၊ အဖွဲ့ဝင်ဆရာကြီး ဒေါက်တာခင်အေးက   အခြေခံပညာ မြန်မာစာ စွမ်းရည်ပြိုင်ပွဲ (ဗဟိုအဆင့်) ကျောင်းသား၊ ကျောင်းသူများ၏ ဖြေဆိုချက်များ အပေါ်သုံးသပ်အကြံပြုသည်။ ဆုရရှိသူများကိုယ်စား ဆုရကျောင်းသူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားပြီး စုပေါင်းမှတ်တမ်း တင်ဓာတ်ပုံရိုက်ကြသည်။

(သတင်းစဉ်)