၂၀၁၉ ခုနှစ်တွင် ထွက်ပေါ်လာနိုင်ဖွယ်ရှိသော MICROSOFT SURFACE HUB 2

နေပြည်တော် ၁၉ မေ

 

၂၀၁၆ ခုနှစ်တွင် ၅၅ လက်မအရွယ်နှင့် ၈၄ လက်မ အရွယ်နှစ်မျိုးထုတ်လုပ်ခဲ့သော Microsoft Surface Hub ၏ ဒုတိယမျိုးဆက်ကို ထုတ်လုပ်ရန် Microsoft မှ ပြင်ဆင်နေကြောင်း သိရသည်။ Microsoft Surface Hub မှာ ဘက်စုံသုံး ကွန်ပျူတာ အကြီးစားတစ်မျိုးဖြစ်ပြီး လူအများစုပေါင်း၍ အလုပ်လုပ်ကိုင်နိုင်ရန်နှင့် အွန်လိုင်း အစည်းအဝေးများ၊ စီမံကိန်းဆိုင်ရာများကို ခင်းကျင်းပြသခြင်းများ အစရှိသည်များကိုလည်း ပြုလုပ်နိုင်ကြောင်း သိရသည်။ ယခု ထပ်မံထုတ်လုပ်မည့် Microsoft Surface Hub ကို ယခင်မော်ဒယ်ဟောင်းထုတ်လုပ်ခဲ့စဉ်က လိုအပ်သည့် နည်းပညာ စနစ်များနှင့် ဒီဇိုင်းပိုင်းဆန်းသစ်မြင့်မားအောင် ထုတ်လုပ်သွားနိုင်ဖွယ်ရှိသည်ဟု သိရသည်။

 

ဈေးနှုန်းနှင့် အသေးစိတ်အချက်အလက်များကို တိကျသည့် ထုတ်ပြန်ခြင်းမျိုး မတွေ့ရှိရသေးဘဲ ၂၀၁၉ ခုနှစ်ခန့်တွင် ထွက်ပေါ်လာနိုင်ဖွယ်ရှိကြောင်း ခန့်မှန်းထားကြသည်။ ထပ်မံထုတ်လုပ်မည့် Microsoft Surface Hub 2 တွင် မျက်နှာပြင်အကျယ် ၅၀ ဒသမ ၅ လက်မပါရှိမည်ဖြစ်ပြီး အလျားလိုက်ဖြစ်စေ၊ ဒေါင်လိုက်ဖြစ်စေ စိတ်ကြိုက်လှည့်၍ အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ ဘေးပေါင်များ သေးငယ်ပါးလွှာပြီး ပေါ့ပါး၍ သယ်ဆောင်ရလွယ်ကူကာ ဖြုတ်နိုင်တပ်နိုင်သောကြောင့် အသုံးပြုသူများအနေဖြင့် အလွယ်တကူ သယ်ဆောင်သွားနိုင်မည်ဟု သိရသည်။ ယခင်မော်ဒယ်ဟောင်းတွင် RAM 8GB နှင့် သိုလှောင်သိမ်းဆည်းမှုအတွက် SSD 128GB ကိုထည့်သွင်းပေးထားပြီး Intel Core i7 ပရိုဆက်ဆာများ ပါဝင်ပြီး ယခု Surface Hub 2 အတွက် မည်ကဲ့သို့ ပါဝင်ကြောင်းကို မသိရှိရသေးဘဲ Window 10 OS ကိုပင် ပြန်လည်အသုံးပြုထားကြောင်း သိရသည်။

 

Surface Hub 2 တွင် 4K အရည်အသွေးထက် ပိုမိုကောင်းမွန်သော ရုပ်ထွက်ပိုင်း အရည်အသွေးပါဝင်ပြီး နံရံတွင်ကပ်၍ အသုံးပြုနိုင်ရန်နှင့် စမတ်ကျစွာ အသုံးပြုနိုင်စေရန် Steelcase အမည်ရကုမ္ပဏီနှင့် ပူးပေါင်းကာ Microsoft Surface Hub 2 ကို ထုတ်လုပ်သွားရန် ပြင်ဆင်နေကြောင်း သိရသည်။ ၎င်းတွင် 4K အရည်အသွေးရှိ တပ်နိုင်ဖြုတ်နိုင်သော ကင်မရာများ ပါဝင်ပြီး အသံအရည်အသွေး ကောင်းမွန်သော Microphone များပါဝင်ခြင်းကြောင့် အင်တာနက်ချိတ်ဆက်၍ အွန်လိုင်း အစည်းအဝေးများအတွက် အသုံးပြုနိုင်သည်။ ထို့အပြင် Surface Hub 2 မော်နီတာလေးလုံးပေါင်းကာ တစ်လုံးတည်း အဖြစ်လည်း အသုံးပြုနိုင်ခြင်းရှိပြီး လက်ဗွေစနစ်အသုံးပြုကာ ကွန်ပျူတာအားဖွင့်၍ အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။

 

ဇာဏီ