2019 Novel Coronavirus ကြောင့် ဖြစ်ပွားသော လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါစောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေးဗဟိုအဆင့် နေ့စဉ် ညှိနှိုင်းအစည်းအဝေး (၉/၂၀၂၀) ကျင်းပ

နေပြည်တော် ၅ ဖေဖော်ဝါရီ 

2019 Novel Coronavirus ကြောင့် ဖြစ်ပွားသော လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါစောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် နေ့စဉ်ညှိနှိုင်းအစည်းအဝေး (၉/၂၀၂၀) ကို ယနေ့နံနက် ၈ နာရီတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၌ ကျင်းပသည်။ 

 

0304

 

အစည်းအဝေးတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဌာနချုပ်မှ နောက်ဆုံးထုတ်ပြန်ချက်များ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာတစ်ဝန်းတွင် ရောဂါကူးစက် ပျံ့နှံ့မှုဆိုင်ရာ ကူးစက်ရောဂါဗေဒရှုထောင့်မှ အသေးစိတ်သုံးသပ်ချက်များ၊ ရောဂါကုသမှုဆိုင်ရာအတွက် ကုသရေးရှုထောင့်မှ သုံးသပ်ချက်များ၊ ရောဂါဖြစ်ပွားမှုသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံတွင် နေ့စဉ်ဆက်လက်မြင့်မားနေမှု၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် သံသယလူနာများကို အားထုတ်ကြိုးပမ်း ရှာဖွေပြီး ရောဂါကာကွယ်ထိန်းချုပ် ဆောင်ရွက်မှုမဟာဗျူဟာ ဖြင့်ဆောင်ရွက်နေမှု၊ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ခြင်း၊ သံသယလူနာများအား စောစီးစွာထောက်လှမ်းခြင်း၊ သံသယလူနာ/ အတည်ပြုလူနာများအား အခြားသူများနှင့် မထိတွေ့စေဘဲ သီးခြားခန်းတွင်ထားရှိ ကုသမှုပေးခြင်း၊ သံသယလူနာ/ လူနာနှင့်အနီးကပ် ထိတွေ့ဆက်ဆံဖူးသူများကို ထောက်လှမ်း၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ရောဂါထပ်မံပျံ့နှံမှုကို ကာကွယ်ထိန်းချုပ်ခြင်းနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် သတင်းအချက်အလက်များ အပြန်အလှန်ဝေမျှခြင်းတို့ကို လုပ်ဆောင်နေမှု။

တိုင်းဒေသကြီး/ ပြည်နယ် (၄)ခုမှ မြို့နယ် (၁၀) မြို့နယ်ရှိ တရားဝင်နယ်စပ်ဝင်ပေါက်၊ ထွက်ပေါက် (၂၀)ခုတွင် ခရီးသွားများအားလုံးအား Health Declaration Card ဖြည့်စွက်စေ၍ ကျန်းမာရေးအချက်အလက်များနှင့် ၎င်းတို့နေထိုင်သွားလာမည့်နေရာ အချက်အလက်များအား ရယူနိုင်ရေးအား ဖြည့်ဆောင်ရွက်နေမှု၊ ဖေဖော်ဝါရီ ၄ ရက် စာရင်းအရ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဝင်ရောက်သည့် လေယာဉ်များအပါအဝင် လေယာဉ်အားလုံးမှ ခရီးသည်များအား သေချာစွာစိစစ်ခဲ့မှုနှင့် အဖျားလူနာမတွေ့ရှိမှု အခြေအနေ။

တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနအသီးသီးမှ ပေးပို့လာသော ရောဂါစောင့်ကြပ်ကြည့်ရှုရေး ဆောင်ရွက်နေမှုနှင့် သတင်းပေးပို့နေမှု အခြေအနေများနှင့် ထူးခြားဖြစ်စဉ်များအား တင်ပြခြင်း၊ မြန်မာနိုင်ငံတွင် ယခုအချိန်အထိ ဓာတ်ခွဲအတည်ပြု လူနာမတွေ့ရှိရမှု၊ ဝေဘာဂီဆေးရုံရှိ စောင့်ကြည့်လူနာနှင့် သံသယလူနာများအား ဆေးကုသမှုအပါအဝင် လေယာဉ်အမှုထမ်း (၅) ဦး၏ အခြေအနေ ကောင်းမွန်မှု။

နိုင်ငံတကာလေဆိပ် (၃) ခုအပါအဝင် နယ်စပ်ဝင်ထွက်ပေါက်များမှ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲသို့ အချိန်နှင့်တစ်ပြေးညီ ထူးခြားဖြစ်စဉ်များအား သတင်းပေးပို့မှုများအား အင်တာနက်ကွန်ရက်မှတစ်ဆင့် အဖွဲ့ဖွဲ့ ဆက်သွယ်ဆောင်ရွက်နေမှု။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟူပေပြည်နယ်၊ ဝူဟန်မြို့မှ အထူးလေယာဉ်ဖြင့် ပြန်လည်ရောက်ရှိလာသော မြန်မာနိုင်ငံသားပညာသင် (၅၉) ဦး၏ ကျန်းမာရေးအခြေအနေသည် (ယနေ့နံနက်ပိုင်း စစ်ဆေးချက်များအရ) ကောင်းမွန်နေမှု၊ ဆေးနှင့် ဆေးပစ္စည်းများ စုဆောင်းထားရှိမှု၊ ရရှိမှု၊ ခွဲဝေဖြန့်ဖြူးထားမှုအခြေအနေနှင့် တစ်ကိုယ်ရေသုံး ရောဂါကာကွယ်ရေးဝတ်စုံများ ထပ်မံဝယ်ယူရေး ဆောင်ရွက်ထားမှု အခြေအနေ၊ နေ့စဉ် ညနေ (၆) နာရီတွင် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဉီးစီးဌာန (၂) ခုအကြား သတင်းအချက်အလက် ဝေမျှဆောင်ရွက်မှုအခြေအနေ။

ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ နှာစေးခြင်းနှင့် ခရီးသွားလာမှုရာဇဝင် ကိုက်ညီသော လူနာတွေ့ရှိပါက သံသယလူနာ သို့မဟုတ် စောင့်ကြည့်လူနာ သတ်မှတ်နိုင်ရေးအတွက် သတင်းပေးပို့ ဆောင်ရွက်ရမည့် အခြေအနေအား ညှိနှိုင်းသတ်မှတ်ခဲ့မှု ဝေဘာဂီဆေးရုံ၌ Quarantine လူနာများထားရှိမှု အခြေအနေနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အသစ်ဆောက်လုပ်ထားသော တိုးချဲ့ဆောင်များအား အသုံးပြုနိုင်ရေး ညှိနှိုင်းဆောင်ရွက်မှုအခြေအနေ၊ ကောလာဟလ သတင်းမှားများကို အချိန်နှင့် တစ်ပြေးညီ စနစ်တကျ ပြန်လည်အသိပေး ရှင်းလင်းနိုင်ရေး စသည်တို့ အပါအဝင် နောက်ဆုံးသတင်းအချက်အလက်များကို တင်ပြခြင်း၊ ဝေမျှခြင်းနှင့် ဆွေးနွေးအကြံပြုခြင်းများ ဆောင်ရွက်ကြသည်။

အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးက ယခုဖြစ်ပွားနေသော 2019-nCoV လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွား ပျံ့နှံ့မှုနှုန်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ နေ့စဉ်ပိုမိုမြင့်မားနေသည်ကို ဆက်လက်တွေ့ရှိနေရသည့်အတွက် မိမိတို့အနေဖြင့် ရောဂါကာကွယ်ထိန်းချုပ်မှု လုပ်ငန်းများကိုအရှိန် (လုံးဝ) မလျှော့ပဲ ဆက်လက်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ နိုင်ငံတကာဖြစ်ပွားမှုများတွင် အာရှနှင့် အာဆီယံနိုင်ငံများတွင်လည်း ဖြစ်ပွားမှုများရှိနေခြင်း၊ တစ်ဆင့်ခံခရီးစဉ်များမှ ခရီးသည်များရှိနေနိုင်ခြင်းကြောင့် သက်ဆိုင်ရာ လေကြောင်းခရီးသည်များကိုလည်း ဆက်လက်ဂရုပြုစောင့်ကြည့်ရန် လိုအပ်ပါကြောင်း၊ ရောဂါပိုးစတင်ကူးစက်ခံရချိန်မှ ရောဂါလက္ခဏာများ စတင်ပြသသည့်ကြားကာလ (ရောဂါပျိုးချိန်သည်) အနည်းဆုံး (၂)ရက်မှအများ ဆုံး(၁၀) ရက်အထိရှိသည်ဖြစ်၍ ကပ်ရောဂါဗေဒရှုထောင့်မှ ကြည့်ရှုလျှင် ယခုလက်ရှိ အချိန်သည် အရေးကြီးသည့် အချိန်အခါ  (crucial period) အခြေအနေဖြစ်ပါကြောင်း။

မည်သည့်အချိန်တွင်မဆို ရုတ်ချည်း လူအများကပ်အသွင် ကူးစက်ဖြစ်ပွားနိုင်သည်ကို အလေးအနက်ထားထည့် သွင်းစဉ်းစားဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ သံသယ လူနာ/ လူနာနှင့်အနီးကပ်ထိတွေ့ ဆက်ဆံဖူးသူများကို ထောက်လှမ်း၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများကို အထူးအလေးထား ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ လူမှုကွန်ရက်စာမျက်နှာများ၊ နိုင်ငံတကာမီဒီယာများပေါ်သို့ ရောက်ရှိပျံ့နှံ့လာသည့် သတင်းများ၏ အတိမ်အနက်၊ အခြေအမြစ်ရှိသည်၊ မရှိသည်ကိုဆန်းစစ် သုံးသပ်ခြင်း၊ ခိုင်မာသည့် သတင်းရင်းမြစ်နှင့် တိုက်ဆိုင်စစ်ဆေးခြင်းများ ပြုလုပ်ရမည်ဖြစ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ရန်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ အမေရိကန် နိုင်ငံ US CDC၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တရားဝင်အင်တာနက်စာမျက်နှာများကို စောင့်ကြည့်လေ့လာနေရမည် ဖြစ်ပါကြောင်း။

မည်သည့်အဖွဲ့အစည်းမှ အကြံပြုချက်များကိုမဆို မိမိတို့နိုင်ငံ၏ လက်ရှိအခြေအနေအရပ်ရပ်နှင့် ချိန်ထိုးကိုက်ညီမှုရှိစေရေး စဉ်းစားသုံးသပ်ပြီးမှ ဝိုင်းဝန်းစုစည်း တိုင်ပင်ကာ ဆုံးဖြတ်ရမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ယခုလောလောဆယ် အချိန်အထိ ဓာတ်ခွဲအတည်ပြုလူနာ မတွေ့ရှိရသေးသော်လည်း ရောဂါပျိုးချိန်အတွင်းဖြစ်၍ ရောဂါလက္ခဏာ မပြသေးသူများရှိနေနိုင်သည့် အချက်ကို နောက်ခံထား၍ လုပ်ငန်းများ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနမှ ဆောင်ရွက်ခဲ့သော၊ ဆောင်ရွက်နေသော လုပ်ငန်းများကို စောင့်ကြည့်သုံးသပ်မှု  အမြဲမပြတ်ပြုလုပ်ကာ လိုအပ်သည်များအား ဖြည့်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းဆောင်ရွက်မှုများ အားလုံးကို မှတ်တမ်းပြုစုကာ စုစည်းထားရှိရမည် ဖြစ်ပါကြောင်း။

ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ၌ ပါဝင်ဆောင်ရွက်နေသူများ အားလုံးအကြားတွင် ဆက်သွယ်မှုလမ်းကြောင်းကို တိကျပြတ်သားစွာဖြင့် သတင်းပေးပို့ ဖလှယ်မှုများ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ယခုအစည်းအဝေးတွင် တက်ရောက်သူများ၊ လုပ်ငန်းဆောင်ရွက်နေသူများ အားလုံးသည် ပြည်သူတစ်ရပ်လုံး၏ အကျိုးအတွက် ရောဂါကာကွယ်တားဆီးရေး လုပ်ငန်းများ ဆောင်ရွက်နေကြခြင်းဖြစ်သည်ကို နှလုံးသွင်း၍ ကြိုးပမ်းလုပ်ဆောင်ရမည် ဖြစ်ပါကြောင်း၊ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ၊ စောင့်ကြည့်လူနာများနှင့် သံသယလူနာများ၏ အခြေအနေသတင်းများနှင့် ထူးခြား ဖြစ်စဉ်သတင်းများကို ဝန်ကြီးဌာန၏ အင်တာနက် စာမျက်နှာ (www.mohs.gov.mm) မှ ပြည်သူများ ထံအချိန်နှင့်တစ်ပြေးညီ ဆက်လက်ထုတ်ပြန်ပေးရန် ဖြစ်ပါကြောင်း။

ဓာတ်ခွဲအတည်ပြုရောဂါရှိသူများ တွေ့ရှိပါက ၎င်းတို့ကိုထိရောက်သည့် ကုသမှုပေးရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အခြားနိုင်ငံများမှ ကုထုံးသစ်များ စမ်းသပ်နေမှုများကို မျက်ခြေမပြတ် ဆက်လက်စောင့်ကြည့် လေ့လာနေရမည်ဖြစ်ပါကြောင်း၊ ဓာတ်ခွဲအတည်ပြုရောဂါရှိသူများ ကုသမှုခံယူပြီး သက်သာပျောက်ကင်းသည့်အခါ ၎င်းတို့ထံမှ ရောဂါဆက်လက်ပြန့်ပွားနိုင်ခြေ လုံးဝမရှိသည့် အချိန်တွင်မှ ဆေးရုံမှ ပေးဆင်းရန်နှင့် ထိုသို့ ဆေးရုံဆင်းရာတွင် ၎င်းတို့အနေဖြင့် ဆက်လက်လုပ်ဆောင်ရမည့် အချက်များကို လက်ကမ်းစာစောင် ပြုစုပေးအပ်ရမည်ဖြစ်ပါကြောင်း။

တရုတ်ပြည်သူသမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်နှင့် ထိစပ်လျက်ရှိသော နယ်စပ်ဒေသများရှိ တရားဝင်ဝင်၊ ထွက်ပေါက်များတွင် ရောဂါစောင့်ကြပ်ကြည့်ရှုမှုများ အထူးအလေးပေး ဆက်လက်အားဖြည့်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ သတင်းပေးပို့မှုများအပေါ် အားသာချက်၊ အားနည်းချက်များသုံးသပ်၍ ပြန်လည်ပေးပို့ (feedback) ရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းဆောင်ရွက်မှုအားသာချက်၊ အားနည်းချက်များအား သိရှိနားလည်နိုင်ရေးနှင့် ချိတ်ဆက်ဆောင်ရွက်မှုများ ပိုမိုအားကောင်းစေရေးအတွက် ပြည်နယ်နှင့် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဉီးစီးဌာနမှူးများနှင့် ဆက်သွယ်ရေးကွန်ရက် အသုံးပြုဆွေးနွေး ပြောဆိုမှုကို နေ့စဉ်ပြုလုပ် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။

အိမ်နီးချင်းနိုင်ငံများတွင် ရောဂါဖြစ်ပွားနေမှုများကို ကိုယ်ချင်းစာနာသော်လည်း မိမိတို့နိုင်ငံတွင် ရောဂါကူးစက်ပြန့်ပွားမှုများ ဖြစ်မလာစေရေးအတွက် သည်သာအဓိက တာဝန်အဖြစ် သတ်မှတ်ကာအားလုံးမှ ဦးစားပေးအား ထုတ်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ပြည်သူ့ကျန်းမာရေးရှုထောင့်၊ ကပ်ရောဂါဗေဒရှုထောင့်၊ ဓာတ်ခွဲစမ်းသပ်မှုဆိုင်ရာ ရှုထောင့်၊ ကုသရေးဆိုင်ရာရှုထောင့် စသည့် ကျွမ်းကျင်မှုပိုင်းဆိုင်ရာ ရှုထောင့်များအပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ထိစပ်နေသော ပထဝီအနေအထား၊ ဒေသတွင်း ရောဂါကူးစက်ပြန့်ပွားမှု၊ လူမှုရေး၊ စီးပွားရေး၊ ကုန်သွယ်ရေး စသည့် အခြေအနေအရပ်ရပ်ကို ဘက်စုံထည့်သွင်းစဉ်းစား၍ ဖြစ်ပေါ်ပြောင်းလဲနေသော အခြေအနေများနှင့်အညီ တုံ့ပြန်ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း ပြောကြားသည်။

အဆိုပါ အစည်းအဝေးသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး)၊ ဒုတိယညွှန်ကြားရေးချုပ် (ပြည်သူ့ကျန်းမာရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ/ဘဏ္ဍာ)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဝယ်ယူဖြန့်ဖြူးရေး)၊ ညွှန်ကြားရေးမှူး (ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေး)၊ နေပြည်တော် ခုတင် (၁၀၀၀) ဆံ့ ပြည်သူ့ဆေးရုံအုပ်ကြီး၊ ကူးစက်ရောဂါ ကုသရေးဆိုင်ရာပါမောက္ခများ၊ ဆေးပညာပါမောက္ခများနှင့် ပြည်သူ့ကျန်းမာရေး၊ ကုသရေး၊ ဓာတ်ခွဲ၊ eHealth ကဏ္ဍအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်၍ ဆန်းစစ်သုံးသပ်ခြင်း၊ ဆွေးနွေးအကြံပြုခြင်းများ ဆောင်ရွက်သည်။ 

သတင်းစဉ်