၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့်အတူ (၁၆) ဒီမိုကရေစီယဉ်ကျေးမှုဖြင့် နှစ်သစ်ကိုကြို

မောင်စာဂ

မြန်မာတို့၏ ရိုးရာဓလေ့ထုံးတမ်းစဉ်လာအရ နှစ်ဟောင်းကုန်၍ နှစ်သစ်သို့ ရောက်ရှိလို့လာပါပြီ။ ယခင်နှစ်ဟောင်းမကုန်မီ ကမ္ဘာနှင့်အဝန်း စိုးရိမ်ဖွယ်ရာ ကပ်ရောဂါ ကိုဗစ်-၁၉ ကျရောက်မှုကြောင့် မြန်မာပြည်သူ ပြည်သားများအပါအဝင် ကမ္ဘာသူကမ္ဘာသားများ အထူး သတိပြု၍ မိမိကိုယ်ကိုမိမိ စောင့်ရှောက်နေထိုင်ခဲ့ကြရ သည်။ ကပ်ရောဂါဆိုးကြီး ကမ္ဘာမြေမှ အလျင်အမြန် ပျောက်ကင်းပါစေကြောင်း ဆုတောင်းမေတ္တာပို့ရပါသည်။

မည်သို့ဆိုစေ မြန်မာနိုင်ငံသူ နိုင်ငံသားများအနေဖြင့် နှစ်ဟောင်းကုန်၍ နှစ်သစ်ကိုကြိုဆိုရင်းဖြင့် အခက်အခဲ ဟူသမျှ၊ မည်သည့်စိန်ခေါ်မှုမျိုးကိုမဆို ရင်ဆိုင်အနိုင်ယူ ကျော်လွှားနိုင်ရမည်သာ။ သို့ဖြင့် ၂၀၂၀ ပြည့်နှစ် အထွေ ထွေရွေးကောက်ပွဲကြီးကိုလည်း ဒီမိုကရေစီစိတ်ဓာတ်၊ ဒီမိုကရေစီခွန်အားအပြည့်ဖြင့် ကျင်းပကြရပါဦးမည်။ ဒီမိုကရေစီယဉ်ကျေးမှုနှင့်အတူ အထွေထွေ ရွေးကောက် ပွဲကြီးဖြင့် ၂၀၂၀ ပြည့်နှစ်ကို အောင်မြင်စွာ ကျော်ဖြတ်ကြ ရပါဦးမည်။

 

ရွေးကောက်ပွဲ

ရွေးကောက်ပွဲဟူသည် ပြည်သူများက မိမိနှစ်သက်သူ ကို ရွေးချယ်ခြင်းဖြစ်သည်။ မိမိတို့၏ ဆန္ဒအမှန်ကို ဖော်ထုတ်ခြင်းဖြစ်သည်။ မိမိဆန္ဒရှိသည့်အတိုင်း မိမိနှစ်သက်သောသူကို ဆန္ဒမဲပေး၍ ရွေးချယ်ခြင်းပြုနိုင် ရေးအတွက် ရွေးကောက်ပွဲဟူသည် ကျင်းပပေးရသည်။ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်လိုသူများကလည်း မိမိတို့၏အမည်စာရင်းတင်သွင်း၍ ပါဝင်ယှဉ်ပြိုင်ကြ သည်။ ဆန္ဒမဲအများဆုံးရရှိသူသည် ရွေးကောက်တင် မြှောက်ခံရသူဖြစ်သည်။ ထို့ကြောင့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြသူများက ပြည်သူတို့၏ထောက်ခံ ဆန္ဒမဲပေးမှု အများဆုံးရရှိအောင် ပြုမူပြောဆို၊ နေထိုင် လုပ်ကိုင်၊ စည်းရုံးဟောပြောမှုများ ပြုကြရသည်။ မိမိတို့၏ ဉာဏ်ရည်ဉာဏ်သွေး၊ အစွမ်းအစ၊ စေတနာအား၊ မေတ္တာအား၊ သစ္စာအားတွေပြကြရသည်။

 

ရွေးကောက်ပွဲများရှိခြင်း၊ ရွေးကောက်ပွဲတွင်ပါဝင် ယှဉ်ပြိုင်ခွင့်ရရှိခြင်း၊ ပါဝင်ယှဉ်ပြိုင်ကြသူများအနက်မှ ပြည်သူတို့က မိမိကြိုက်နှစ်သက်ရာပုဂ္ဂိုလ်အား ဆန္ဒမဲပေး၍ရွေးချယ်ခွင့်ရရှိခြင်းတို့သည် ဒီမိုကရေစီယဉ်ကျေးမှု ဖြစ်ထွန်းခြင်း၏ ကနဦးအစပင်ဖြစ်သည်။

 

ရွေးကောက်ပွဲနှင့် ဒီမိုကရေစီ

နိုင်ငံတစ်နိုင်ငံတွင် ပြည်သူတို့က နိုင်ငံတော်၏အချုပ်အခြာဖြစ်သည့် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေး အာဏာ၊ တရားစီရင်ရေးအာဏာသုံးရပ်ကို ပိုင်ဆိုင်သည်။ ယင်းအာဏာသုံးရပ်ကို မိမိတို့ ကိုယ်စားရယူကျင့်သုံး နိုင်ရန် မိမိတို့၏ကိုယ်စားလှယ်များကို ရွေးကောက်တင် မြှောက်ခွင့်ရှိသည်။ ထိုသို့ ရွေးကောက်တင်မြှောက်နိုင်ရန် ရွေးကောက်ပွဲများရှိသည်။ ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်နိုင်ဖို့ နိုင်ငံရေးပါတီများဖွဲ့စည်းခွင့်ရှိသည်။ ရွေးကောက်တင်မြှောက်ခံရသော ပြည်သူ့ကိုယ်စားလှယ် များဖြင့် ဖွဲ့စည်းထားသည့် လွှတ်တော်များရှိသည်။ ယင်းလွှတ်တော်များက နိုင်ငံတော်၏အချုပ်အခြာ အာဏာသုံးရပ်ကို ခွဲဝေကျင့်သုံးစေသည့် နည်းစနစ်များ ရှိသည်။ ထို့ကြောင့် ထိုနိုင်ငံကို ဒီမိုကရေစီနိုင်ငံဟု သတ်မှတ်ခေါ်ဆိုကြသည်။

ရွေးကောက်ပွဲများကျင်းပရာတွင် သက်ဆိုင်ရာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လေးနှစ်တစ်ကြိမ် သို့မဟုတ် ငါးနှစ်တစ်ကြိမ် ကျင်းပသည်။ ဤကဲ့သို့ ရွေးကောက်ပွဲ များ ကျင်းပ၍ ပြည်သူတို့က မိမိတို့၏ကိုယ်စားလှယ် များကို ရွေးကောက်တင်မြှောက်ခွင့်ရရှိခြင်းဖြစ်သည်။ ဒီမိုကရေစီ၏ အခြေခံအနှစ်သာရတစ်ရပ်ဖြစ်သည်။ ရွေးကောက်ပွဲများစဉ်ဆက်မပြတ် နှစ်ပေါင်းများစွာ ကျင်းပနိုင်ပြီး ပြည်သူတို့၏ ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် အခွင့်အရေး၊ ပြည်သူတို့၏ ရွေးကောက်တင် မြှောက်ပိုင်ခွင့် အခွင့်အရေးများရရှိနေသော နိုင်ငံများကို ဒီမိုကရေစီသက်တမ်းအရှည်ဆုံးနိုင်ငံများဟု သတ်မှတ် ခေါ်ဆိုကြပြန်သည်။ ဥပမာ အိန္ဒိယနိုင်ငံနှင့် အမေရိကန် ပြည်ထောင်စုနိုင်ငံများကို ဒီမိုကရေစီသက်တမ်း အရှည်ဆုံးနိုင်ငံအဖြစ် သတ်မှတ်ကြသည်။

 

ရွေးကောက်ပွဲ၏စံများ

ရွေးကောက်ပွဲကို သက်ဆိုင်ရာ လွှတ်တော်ရွေးကောက် ပွဲဥပဒေများ၊ နည်းဥပဒေများနှင့်အညီ ကျင်းပပေးရသည်။ ရွေးကောက်ပွဲသည် ဒီမိုကရေစီ၏အခြေခံဖြစ်သည်နှင့်အညီ လွတ်လပ်ရသည်။ မျှတရသည်။ ပွင့်လင်းမြင်သာမှု ရှိရသည်။ အများယုံကြည်လက်ခံနိုင်မှုရှိရသည်။ မဲဆန္ဒ ရှင်များ၏ ဆန္ဒမဲပေးမှုရလဒ်အမှန်ကို ဖော်ထုတ်ပေး နိုင်မှုရှိရသည်။ ဤငါးချက်သည် ရွေးကောက်ပွဲ၏ အခြေခံ စံများဖြစ်သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၀ ပြည့်နှစ်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲကို ဤစံငါးချက်နှင့်အညီ ကျင်းပသွားမည်ဖြစ်ကြောင်း ပြည်သူတို့အား ကတိကဝတ် ပြုထားပြီးဖြစ်သည်။ ရွေးကောက်ပွဲတွင်ပါဝင်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ နိုင်ငံရေးပါတီများကလည်း သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေများ၊ နည်း ဥပဒေများ၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေနှင့် နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များ၊ ကျင့်ဝတ်များကို လိုက်နာဆောင်ရွက်ကြရသည်။ စည်းကမ်းရှိကြရသည်။ သန့်သန့်ရှင်းရှင်းရှိရသည်။ မိမိအနိုင်ရရှိရေး တရားသဖြင့် တရားသောနည်းလမ်းဖြင့် တရားသောစည်းမျဉ်းဘောင် အတွင်းမှ အစွမ်းကုန်ကြိုးစား အားထုတ် ဆောင်ရွက်ကြ ရသည်။ ဤသို့ဖြင့် နိုင်ငံရေးပါတီများသည် ဒီမိုကရေစီ စနစ်ကို ယုံကြည်လက်ခံထားကြသည်နှင့်အညီ ဒီမို ကရေစီ၏စံ၊ ရွေးကောက်ပွဲ၏စံများကို မြှင့်တင်ရာ ရောက်သည်။

 

ဒီမိုကရေစီယဉ်ကျေးမှု

ဒီမိုကရေစီဟုဆိုလိုက်သည်နှင့် အများ၏ဆန္ဒသဘော ထားကို အနည်းစုက လိုက်နာခံယူတတ်ကြရမည်။ အနည်းစု၏ဆန္ဒသဘောထားကိုလည်း အများစုက လေးစားရမည်။ အလေးထားတတ်ရမည်။ ဤသည်မှာ ဒီမိုကရေစီ၏ တရားကိုယ်သဘောဖြစ်သည်။ ရွေးကောက်ပွဲတစ်ခု ကျင်းပပြီးစီးသွားသည်နှင့် အများစု၏ ထောက်ခံဆန္ဒမဲဖြင့် ရွေးကောက်တင်မြှောက်ခံရသူကို အများစု၏ ထောက်ခံဆန္ဒမဲမရရှိသည့် ပါဝင်ယှဉ်ပြိုင် သူတို့က ဝမ်းမြောက်ဝမ်းသာ ဂုဏ်ယူစွာဖြင့် လက်ဆွဲ နှုတ်ဆက်နိုင်ကြရမည်။ ရွေးကောက်တင်မြှောက်ခံရသူ နှင့် စိတ်ရင်းစေတနာကောင်းစွာဖြင့် ပြည်သူနှင့်နိုင်ငံ ကောင်းကျိုး ပူးပေါင်းဆောင်ရွက်ရင်း နောင်လာမည့် ရွေးကောက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင် ရွေးကောက် တင်မြှောက်ခံနိုင်ရေး အင်အားသစ်တွေ မွေးမြူကြရမည်။
ရွေးကောက်ပွဲတစ်ခု ကျင်းပပြီးစီးသွားသည်နှင့် ရွေးကောက်တင်မြှောက်ခံရသူကို ထောက်ခံဆန္ဒမဲ မပေးလိုက်ကြရသည့် မဲဆန္ဒရှင်ပြည်သူများကလည်း မိမိတို့ထောက်ခံဆန္ဒမဲမပေးလိုက်ရသော်လည်း အများစု ၏ဆန္ဒကို အလေးထားလိုက်နာကြရမည်ဖြစ်သဖြင့် မိမိတို့ရွေးကောက်တင်မြှောက်လိုက်သော ကိုယ်စား လှယ်အဖြစ် ခံယူအသိအမှတ်ပြုကြရမည်။ ပူးပေါင်း ဆောင်ရွက်ကြရမည်။ ရွေးကောက်တင်မြှောက်ခံရသူက လည်း မိမိအားထောက်ခံဆန္ဒမဲပေးသူ၊ ထောက်ခံဆန္ဒမဲ မပေးသူဟူ၍ ကျောသားရင်သားခွဲခြားခြင်းမရှိဘဲ အားလုံးကို မိမိ၏မဲဆန္ဒရှင်ပြည်သူများဖြစ်သည်ဟူ၍ တစ်ပြေးညီ မျှမျှတတစိတ် ထားရှိရမည်။

ရွေးကောက်ပွဲအပြီး ရွေးကောက်ပွဲရလဒ်က မည်သို့ ပင် ထွက်ပေါ်လာစေကာမူ ရွေးကောက်တင်မြှောက်ခံရသူနှင့် ရွေးကောက်တင်မြှောက်ခြင်းမခံရသူများ၊ ထောက်ခံဆန္ဒမဲပေးကြသူများနှင့် ထောက်ခံဆန္ဒမဲမပေးကြသူများအားလုံးသည် ကျောချင်းကပ်၊ ရင်ချင်းအပ်၍ တစ်စိတ်တစ်ဝမ်းတည်းထားကာ ပြည်သူနှင့်နိုင်ငံတော် ၏ ကောင်းကျိုးချမ်းသာများကို အတူလက်တွဲ၍ တက်ညီ လက်ညီ ဝိုင်းဝန်းအကောင်အထည်ဖော် ဆောင်ရွက်ကြရ မည်။ ထိုသို့ ဆောင်ရွက်နိုင်ခြင်းသည် ဒီမိုကရေစီယဉ်ကျေးမှုဖြစ်ထွန်းခြင်းပင်ဖြစ်သည်။

ရွေးကောက်ပွဲအပြီး ရွေးကောက်ပွဲမဲရလဒ်ကို လက် မခံနိုင်ကြ။ ရွေးကောက်တင်မြှောက်ခံရခြင်းကို မုဒိတာ မပွားနိုင်ကြ။ ရွေးကောက်တင်မြှောက်ခံရသူနှင့် မခံရသူ၊ ထောက်ခံဆန္ဒမဲပေးသူများနှင့် မပေးသူများအကြား စည်းလုံးညီညွတ်ရေးပျက်ပြားကာ စိတ်ဝမ်းတွေကွဲပြား၊ အများပြည်သူနှင့် နိုင်ငံတော်အကျိုးကို ပူးပေါင်းဆောင် ရွက်ခြင်းမပြုနိုင်၊ ပြည်သူအများစု၏ ဆန္ဒသဘောထားကို အသိအမှတ်မပြု၊ အလေးမထားနိုင်ကြခြင်းသည် ဒီမို ကရေစီယဉ်ကျေးမှုနှင့် ဖီလာဆန့်ကျင်သည့် အလေ့အထ သွင်ပြင်လက္ခဏာများပင်ဖြစ်သည်။

ဒီမိုကရေစီယဉ်ကျေးမှုဟူသည်ကား စည်းကမ်း ပြည့်ဝခြင်း၊ စည်းလုံးညီညွတ်ခြင်း၊ အများစု၏ ဆန္ဒကို လေးစားလိုက်နာရခြင်း၊ အနည်းစု၏ ဆန္ဒကိုအလေး ထားခြင်း၊ တစ်ဦးနှင့်တစ်ဦးအပြန်အလှန် နားလည်မှု၊ ယုံကြည်မှုရှိခြင်း၊ အလေးထားခြင်း၊ လေးစားခြင်း၊ ချစ်ခင်ခြင်း၊ ကြင်နာခြင်း၊ မေတ္တာထားခြင်း၊ သစ္စာရှိခြင်း၊ သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ ရိုင်းပင်းကူညီခြင်း၊ မျှမျှတတ ရှိခြင်းတို့ဖြစ်သည်။

မည်သည့်နိုင်ငံ မည်သည့်လူ့ဘောင်အဖွဲ့အစည်းတွင် မဆို ဒီမိုကရေစီယဉ်ကျေးမှု တည်ရှိဖြစ်ထွန်းနေမည်ဆို လျှင် ထိုနိုင်ငံ၊ ထိုလူ့ဘောင်အဖွဲ့အစည်းသည် တည်ငြိမ် အေးချမ်း၍ ဖွံ့ဖြိုးတိုးတက်၊ သာယာဝပြော၊ ပျော်ရွှင် ချမ်းမြေ့မှုအပေါင်းတို့နှင့် ပြည့်စုံနေမည်သာဖြစ်သည်။

 

ဒီမိုကရေစီယဉ်ကျေးမှုနှင့်အတူ

စင်စစ်တွင် ဒီမိုကရေစီယဉ်ကျေးမှုဟူသည် အများ ကောင်းစားရေးဝါဒ၊ တစ်နည်းအားဖြင့် အတ္တနှင့်ပရကို မျှတစွာ ဟန်ချက်ညီပေါင်းစည်းသည့်ကျင့်စဉ်တစ်ရပ်ဟု ဆိုရပါမည်။ မြန်မာတို့၏ ပင်ကိုစရိုက်လက္ခဏာ ဖြစ်သည့် လွတ်လပ်၊ ပျော်ရွှင်၊ ချစ်ခင်၊ စည်းလုံး၊ သနား၊ သည်းခံ၊ မျှတ၊ ရိုင်းပင်း၊ ကူညီခြင်းစသည်တို့သည် မြတ် ဗုဒ္ဓ၏ အဆုံးအမဖြစ်သည့် မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတည်းဟူသော ဗြဟ္မစိုရ်တရားလေးပါးကို အရင်းခံလျက်ရှိသည်။ ဒီမိုကရေစီယဉ်ကျေးမှု အားကောင်းရှင်သန်လာသည်နှင့်အမျှ ဗြဟ္မစိုရ်တရားလက်ကိုင်ထားနိုင်ကြပါမည်။ ဗြဟ္မစိုရ်တရား အား ကောင်းလာသည်နှင့်အမျှ အေးချမ်းသာယာသည့် လူ့ဘောင်လူ့လောက ဖြစ်ထွန်းလာပါမည်။

ဤသို့ဖြင့် မြန်မာတို့၏နှစ်သစ်မင်္ဂလာအခါတော် သမယတွင် ကမ္ဘာသူကမ္ဘာသား၊ နိုင်ငံသူ နိုင်ငံသား အားလုံးတို့သည် ဗြဟ္မစိုရ်တရားလက်ကိုင်ထားပြီး ဒီမိုကရေစီယဉ်ကျေးမှု အားကောင်းရှင်သန်စွာဖြင့် နှစ်သစ်ကိုကြိုဆိုနိုင်ကြပါစေ။ ဘေးဥပဒ်အန္တရာယ် ရန်စွယ်အပေါင်းမှ ကင်းစင်လွင့်ပျောက်၍ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကြီးကို ဒီမိုကရေစီယဉ်ကျေးမှု နှင့်အတူ အေးချမ်းအောင်မြင်စွာ ကျင်းပနိုင်ပါစေ။ မြန်မာ နိုင်ငံတော်နှင့် နိုင်ငံသားအားလုံး ကျန်းမာရွှင်လန်း၊ ဝပြောသာယာရှိကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ကြောင်းပါဗျာ။

ကမ္ဘာသူကမ္ဘာသားအားလုံး၊ နိုင်ငံတော်နှင့်နိုင်ငံသားအားလုံး ဘေးဥပဒ်အန္တရာယ် ရန်စွယ်ဟူသမျှ ကင်းစင်ပပျောက်ပါစေ၊

ကမ္ဘာသူကမ္ဘာသားအားလုံး၊ ပြည်သူပြည်သား အားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာ ချမ်းသာကြ ပါစေ၊

ကမ္ဘာတစ်ဝန်း ဒီမိုကရေစီယဉ်ကျေးမှုနှင့်အတူ ဗြဟ္မစိုရ်တရားများ ထွန်းကားနိုင်ကြပါစေ။