5 G ဆက်သွယ်ရေး စနစ်အတွက် မော်လ်တာနိုင်ငံနှင့် HUAWEI ကုမ္ပဏီတို့ အခြေခံသဘောတူညီမှု လက်မှတ်ရေးထိုး

၁၄ ဇူလိုင်

5 G ကွန်ရက် ဆက်သွယ်ရေးစနစ်မှတစ်ဆင့် မော်လ်တာနိုင်ငံ၏ စီးပွားရေးကို အထောက်အကူပြုနိုင်မည့် နားလည်မှု သဘောတူစာချွန်လွှာကို တရုတ်နည်းပညာ ကုမ္ပဏီ Huawei နှင့် မော်လ်တာ နိုင်ငံတို့ လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း သိရသည်။ Huawei ကုမ္ပဏီဘက်မှ စီအီးအို Miao Xiaoyang နှင့် မော်လ်တာနိုင်ငံ ဒီဂျစ်တယ် စီးပွားရေးစနစ်ဆိုင်ရာ လွှတ်တော်အတွင်းရေးမှူး Silvio Schembri တို့ဟာ စနေနေ့မှာ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး  မော်လ်တာနိုင်ငံဟာ Huawei ၏ ကမ္ဘာလုံးဆိုင်ရာ 5 G ကွန်ရက် ဆက်သွယ်ရေးစနစ် စီမံကိန်းတွင် ပါဝင်ပြီးသားနိုင်ငံဖြစ်ကြောင်း သိရသည်။

Huawei အနေဖြင့် မော်လ်တာ နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် လိုလားလျက်ရှိပြီး အထူးသဖြင့် လုံခြုံရေးဆိုင်ရာနှင့် သဘာဝစွမ်းအင် ကဏ္ဍများတွင် စိတ်အားထက်သန်လျက်ရှိရာ 5 G ကွန်ရက် ဆက်သွယ်ရေးစနစ်သည် အဓိက သော့ချက်ဖြစ်နေသည်။

နားလည်မှု စာချွန်လွှာအရ Huawei သည် မော်လ်တာနိုင်ငံ၏ IT စနစ်များ၊ အချက်အလက်များ လွှဲပြောင်းမှု၊ ရုပ်ရှင်ဗွီဒီယိုများအား ခွဲခြမ်းစိတ်ဖြာ၍ လေ့လာမှု၊ ပြည်သူလူထု ဘေးကင်းလုံခြုံရေးနှင့် ဆက်နွယ်သည့် လက်တွေ့ခြိမ်းခြောက်မှုများအား ပညာရပ်ဆိုင်ရာ လေ့လာမှုများတွင် အကျိုးပြုပူးပေါင်း ဆောင်ရွက်သွားရမည်ဖြစ်သည်။ ထို့အပြင် မော်လ်တာနိုင်ငံမှ ကျောင်းသား/ ကျောင်းသူများအတွက် တရုတ်နိုင်ငံရှိ Huawei လေ့ကျင့်ရေးစင်တာတွင် သွားရောက် လေ့ကျင့်သင်ကြားနိုင်မည့် ပညာရေးဆိုင်ရာ အခွင့်အရေးများလည်း ပါဝင်ကြောင်း သိရသည်။

Huawei ကုမ္ပဏီဟာ ၎င်းရဲ့ 5 G စနစ် ဆက်သွယ်ရေး ကွန်ရက်စမ်းသပ်ရေးအတွက်  မော်လ်တာ နိုင်ငံအားရွေးချယ်ခဲ့ခြင်းအပေါ် ဝမ်းမြောက်မိကြောင်းလည်း လွှတ်တော်အတွင်းရေးမှူး Silvio Schembri ကပြောကြားခဲ့သည်။ “ဒါဟာ နောက်ထပ်ခြေလှမ်း တစ်လှမ်းတက်ဖို့ အချိန်ကျပြီလို့ထင်ပါတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ပြည်သူတွေနဲ့ နိုင်ငံအတွင်း ဝင်ရောက်လာတဲ့ အခြားဆက်သွယ်ရေးအော်ပရေတာတွေ ပူးပေါင်းပြီး ခင်ဗျားတို့ ကျွမ်းကျင်တဲ့သက်ဆိုင်ရာ ကဏ္ဍတွေကတစ်ဆင့် နိုင်ငံရဲ့ ဂေဟစနစ်ကို မြှင့်တင်သွားနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု လက်မှတ်ရေးထိုးပွဲတွင် ၎င်းကပြောခဲ့သည်။

SMZaw (MDN)
ကိုးကား - ဆင်ဟွာ