(၇၁) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေး

၂၀၁၉ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် ကျရောက်မည့် (၇၁) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းဝေးကို ယနေ့နံနက် ၉ နာရီတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးသို့ ပြည်နယ်ဝန်ကြီးများဖြစ်ကြသည့်  လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဖုန်းတင့်၊ ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်း၊ လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တူတွင်းဝန်ကြီး ဦးကျော်လွင်၊ ပြည်နယ်ဥပဒေချုပ် ဦးကျော်လှထွန်း နှင့် ကော်မတီဝင်များ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် (၇၁)နှစ်မြောက်လွတ်လပ်ရေးနေ့ အောင်မြင်စွာ ကျင်းပနိုင်ရေးကော်မတီ ဥက္ကဋ္ဌ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဖုန်းတင့်က လုံခြုံရေးနှင့် ပတ်သက်ပြီး လိုအပ်သည်များကို ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြရန်နှင့် လွတ်လပ်ရေးနေ့ အခမ်းအနားကို ယခင်နှစ်များအတိုင်း ယခုနှစ်တွင်လည်း အနှစ်သာရရှိရှိဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပရန်လိုအပ်ကြောင်း၊ 

 

ယခင်နှစ်များကထက် ကဏ္ဍသစ်များ ထည့်သွင်းကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာများက ကြိုးစားကြရန် လိုအပ်ကြောင်းနှင့် ကော်မတီများအနေဖြင့် အခက်အခဲများရှိပါက ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြရန်လိုအပ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ကော်မတီအသီးသီးမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက ကော်မတီအလိုက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများနှင့် လိုအပ်ချက်များကို ရှင်းလင်းဆွေးနွေးကြရာ ကော်မတီဥက္ကဋ္ဌနှင့် ပြည်နယ်ဝန်ကြီးများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

 

သတင်းနှင့် ဓာတ်ပုံ - ဝင်းမင်းစိုး(ပြန်/ဆက်)