အာဆီယံအလုပ်သမားဝန်ကြီးများအဆင့် အထူးအစည်းအဝေးနှင့် COVID- 19 ကပ်ရောဂါ ကာလအလွန် ပြန်လည်ထူမတ်ရေး အစီအစဉ်

၁၉   မေ‌

အလုပ်သမား၊ အလုပ်အကိုင်နှင့်ပတ်သက်၍ COVID-19 သက်ရောက်မှုများကို တုံ့ပြန်ခြင်းဆိုင်ရာ အာဆီယံ အလုပ်သမားဝန်ကြီးများအဆင့် အထူးအစည်းအဝေး (Special Meeting of ASEAN Labour Ministers on Response to the Impacts of Coronavirus Disease 2019) ကို ၂၀၂၀ ပြည့်နှစ်၊ မေလ ၁၄ ရက်နေ့တွင် Video Conference ဖြင့် ကျင်းပခဲ့ပါသည်။

အစည်းအဝေးသို့ အာဆီယံအတွင်းရေးမှူးချုပ် H.E. Dato Lim Jock Hoi၊ အာဆီယံ အလုပ်သမားဝန်ကြီးများနှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့(ILO)၊ ညွှန်ကြားရေးမှူးချုပ် Mr. Guy Ryder ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေတို့ တက်ရောက်ခဲ့ သည်။ အစည်းအဝေးတွင် သဘာပတိအဖြစ် မလေးရှား နိုင်ငံ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီး Datuk Seri M. Saravanan က ဆောင်ရွက်ပြီး၊ အာဆီယံ အလုပ်သမားဝန်ကြီးများက မိမိတို့နိုင်ငံအလိုက် အစီ အစဉ်များကို ဝေမျှရန်ဖြစ်ပြီး ရှေ့ဆက်ဆောင်ရွက်မည့် Roadmap အဖြစ် အလုပ်သမား၊ အလုပ်အကိုင်နှင့် ပတ်သက်၍ COVID-19 သက်ရောက်မှုများကို တုံ့ပြန်ခြင်း ဆိုင်ရာ အာဆီယံအလုပ်သမားဝန်ကြီးများအဆင့် အထူး အစည်းအဝေး၏ Joint Statement ကို အတည်ပြု ထုတ်ပြန်မည်ဖြစ်ကြောင်း စတင်၍ အဖွင့်နှုတ်ခွန်းဆက် စကားပြောကြားခဲ့သည်။

အတူတကွပူးပေါင်းတုံ့ပြန်

အာဆီယံအတွင်းရေးမှူးချုပ် H.E. Dato Lim Jock Hoi က COVID-19 ကပ်ရောဂါ သက်ရောက်မှုများ လျော့နည်းစေရန် အာဆီယံ၏ အားထုတ်မှုများနှင့် စပ်လျဉ်း၍ အာဆီယံအနေဖြင့် စီးပွားရေး ပြန်လည် ထူထောင်ရေးနှင့် ပြည်သူများ၏ လူမှုကျန်းမာရေးကို အားပေးသော အစီအစဉ်များကို ဆောင်ရွက်ခြင်းဖြင့် COVID-19 ကပ်ရောဂါကို အတူတကွ ပူးပေါင်းတုံ့ပြန် လျက်ရှိကြောင်း၊ အစည်းအဝေးတွင် ကပ်ရောဂါကာလ လွန်မြောက်ပြီးနောက် ပြန်လည်ထူမတ်ရေး အစီအစဉ် (Post-pendamic Recovery Plan) အကောင်အထည် ဖော်နိုင်ရေးကို တိုက်တွန်းလိုက်ပါကြောင်း ပြောကြားခဲ့ သည်။

ဆက်လက်၍ အာဆီယံအလုပ်သမားဝန်ကြီးများက အလုပ်သမား၊ အလုပ်အကိုင်အပေါ် COVID-19 သက်ရောက်မှုများကို တုံ့ပြန်ခြင်းနှင့်ပတ်သက်၍ မိမိ နိုင်ငံအလိုက် အကောင်အထည်ဖော် ဆောင်ရွက်မှုများကို ဆွေးနွေးကြရာတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက မြန်မာနိုင်ငံတွင် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဦးဆောင်၍ နိုင်ငံအဆင့်ဗဟိုကော်မတီကို ဖွဲ့စည်း ခဲ့မှု၊ အစိုးရ၏ ကပ်ရောဂါကာကွယ်ရေး၊ ထိန်းချုပ်ရေးနှင့် ကုသရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများ၊ နေရပ်ပြန် ရွှေ့ပြောင်းအလုပ်သမားများထံမှ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်ရန်ဆောင်ရွက်မှု၊ ကပ်ရောဂါကြောင့် ပြည်သူ့ ကျန်းမာရေးနှင့် စီးပွားရေးဖွံ့ဖြိုးမှုတို့ ထိခိုက်မှု နည်းစေရန် တစ်နိုင်ငံလုံးပူးပေါင်းပါဝင်မှု (a whole of nation approach) ဖြင့် ဆောင်ရွက်မှု၊ မီဒီယာနှင့် ICT နည်းပညာအသုံးချ၍ ဆောင်ရွက်မှု၊ ပြည့်စုံသောစီးပွား ရေး လှုံ့ဆော်မှုအစီအစဉ်အဖြစ် COVID -19 Economic Relief Plan (CERP) ချမှတ်ဆောင်ရွက်မှု၊ အလုပ်သမား များအပေါ် COVID-19 သက်ရောက်မှုများကို တုံ့ပြန်မည့် သက်ဆိုင်ရာမူဝါဒများ၊ အစီအစဉ်များ၊ လူမှုအထောက် အပံ့များ အထူးသဖြင့် လုပ်ခလစာ/ဝင်ငွေ၊ ဝင်ငွေနည်းပါး ပြီး ပုံမှန်မဟုတ်သော စီးပွားရေးလုပ်ငန်းများနှင့် ထိခိုက် လွယ်သော ကဏ္ဍများတွင် လုပ်ကိုင်နေသည့် အလုပ် သမားများအား ထောက်ပံ့ကူညီပေးခြင်းနှင့် လူမှုဖူလုံရေး အထောက်အပံ့နှင့် အလုပ်လက်မဲ့ ခံစားခွင့်များ ထောက်ပံ့ ကူညီပေးနေသည့် အခြေအနေများ၊ ပြည်သူများ၏ အိမ်သုံးလျှပ်စစ်ဓါတ်အားခ နှုန်းထားများ၊ အခွန်များကို လျှော့ချပေးခြင်းနှင့် ပုံမှန်ဝင်ငွေမရှိသော ပြည်သူများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးခြင်းများကို ဆောင်ရွက်ခြင်းအပါအဝင် အခြားသော ဖြေလျှော့ပေး ထားမှု အခြေအနေများနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့သည်။

နိုင်ငံအလိုက် အာဆီယံအလုပ်သမားဝန်ကြီးများက တင်ပြပြီးနောက် အလုပ်သမား၊ အလုပ်အကိုင်အပေါ် COVID-19 သက်ရောက်မှုများ တုံ့ပြန်ခြင်းဆိုင်ရာ အောက်ပါ အဓိကအချက်များပါဝင်သည့် အာဆီယံအလုပ်သမား ဝန်ကြီးများ၏ ပူးတွဲသဘောတူညီချက် (Joint Statement) ကို အတည်ပြုခဲ့ပါသည်-

- COVID-19 ကာလအတွင်း အာဆီယံအဖွဲ့ဝင် နိုင်ငံများရ စီးပွားရေးလုပ်ငန်းများနှင့် စက်မှုလုပ် ငန်းများရှိ အလုပ်သမားများအားလုံး အထူးသဖြင့် မြင့်မားသော အန္တရာယ်ရှိသည့် အလုပ်ကဏ္ဍများ တွင် လုပ်ကိုင်နေသောအလုပ်သမားများ၏ ရပိုင် ခွင့်များကို ကာကွယ်စောင့်ရှောက်ရန်နှင့် ၎င်းတို့၏ စားဝတ်နေရေးနှင့် ကျန်းမာရေးကို ထောက်ပံ့ ကူညီရန်၊

- ကပ်ရောဂါကြောင့် အလုပ်ထုတ်ခံရသော ရွှေ့ပြောင်း အလုပ်သမားများအပါအဝင် အလုပ်သမားအားလုံး ကို သက်ဆိုင်ရာအာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ မူဝါဒများနှင့်အညီ အစိုး ရမှ အလုပ်လက်မဲ့အကျိုးခံစားခွင့် သို့မဟုတ် လူမှု အကူအညီများ သင့်လျော်သလိုပေးရန်နှင့် အလုပ် ရှင်မှ သင့်လျော်သလို ထောက်ပံ့ကူညီရန်၊

- COVID-19 ကြောင့် ကူးစက်ခံရသော အလုပ်သမား အားလုံးကို ခွဲခြားမှုမရှိဘဲ မရှိမဖြစ် ကျန်းမာရေးစောင့်ရှောက်မှုများနှင့် အခြားသက်ဆိုင်သည့် ဆေးကုသမှုဆိုင်ရာ အကူအညီများ လိုအပ်သလို အလွယ်တကူ ရရှိစေရန်၊

- အာဆီယံအဖွဲ့ဝင်နိုင်ငံများတွင် ရွှေ့ပြောင်းအလုပ် သမားများ၏ အခွင့်အရေးများ မြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အာဆီယံ သဘောတူညီချက်ကို ထိရောက်စွာ အကောင် အထည်ဖော်ခြင်းအပါအဝင် ယင်းတို့၏ ကျန်းမာ ရေး၊ သာယာဝပြောရေး၊ ဘေးအန္တရာယ်ကင်းရှင်း ရေး၊ ရွှေ့ပြောင်းသွားလာမှု လွယ်ကူချောမွေ့စေ ရေးနှင့် ယင်းတို့၏ မိသားစုများနှင့် ပြန်လည်ပေါင်း စည်းရေးအတွက် အာဆီယံနိုင်ငံများ သို့မဟုတ် တတိယနိုင်ငံတွင် ရောက်ရှိနေသော ကပ်ရောဂါ ကြောင့် ထိခိုက်ခံစားရသော အာဆီယံရွှေ့ပြောင်း အလုပ်သမားများကို သင့်လျော်သော အကူအညီ အထောက်အပံ့များပေးရန်၊

- အလုပ်အကိုင်ရရှိရန်၊ ဘေးအန္တရာယ်ကျရောက် နေသော အလုပ်သမား၏ ထိခိုက်လွယ်မှုကို လျှော့ချရန်နှင့် ၎င်းတို့၏ခံနိုင်ရည် တိုးတက်ရေး အတွက် နိုင်ငံအဆင့်နှင့် ဒေသဆိုင်ရာအဆင့်တွင် တုံ့ပြန်မှုရှိသော အလုပ်သမားဈေးကွက်မူဝါဒ၊ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး စံနှုန်းများ၊ လူမှုရေးအကာအကွယ်စနစ်များ၏ ထိရောက်မှုကို အကျိုးရှိပြီး ဟန်ချက်ညီသော လူမှုရေးတွေ့ဆုံဆွေးနွေးမှုမှတစ်ဆင့် အားဖြည့် ဆောင်ရွက်စေရန်၊

- နိုင်ငံအများတွင် ယာယီသွားလာမှုကန့်သတ် ထားစဉ် အလုပ်သမား၊ အလုပ်အကိုင်နှင့် ပတ်သက်၍ ကပ်ရောဂါ၏သက်ရောက်မှုကို နိုင်ငံ အဆင့်တုံ့ပြန်ရေး၊ ဒေသအဆင့် ပူးပေါင်းဆောင် ရွက်ရေးတို့အတွက် ဆက်သွယ်ရေးနှင့် တိုင်ပင် ဆွေးနွေးရေး၊ မီဒီယာအဖြစ် ဒီဂျစ်တယ်နည်းပညာ ကိုအသုံးပြုရန်၊

- သတင်းအချက်အလက် အမှားများနှင့် ကပ်ရောဂါ ကိုတုံ့ပြန်ရန် အစိုးရ၏ အလုပ်သမားနှင့် အလုပ် အကိုင်မူဝါဒများနှင့် ဆောင်ရွက်ချက်များကို အချိန်နှင့်တစ်ပြေးညီ တရားဝင် သတင်းမီဒီယာမှ တစ်ဆင့်ထုတ်ပြန်၍ ထိရောက်ပြီး ပွင့်လင်းမြင်သာ မှုရှိသော လူမှုဆက်သွယ်ရေးကို မြှင့်တင်ရန်၊

- ကပ်ရောဂါအလွန် ပြန်လည်ထူထောင်ရေး အစီ အစဉ်များနှင့် လျင်မြန်သော တုံ့ပြန်ဆောင်ရွက် ရေးကို ထောက်ပံ့ကူညီရန် ဗဟုသုတများ မျှဝေခြင်း၊ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ နည်းပညာအကူအညီပေးရေး၊ အရင်းအမြစ်များ ရွှေ့ပြောင်းခြင်းကဲ့သို့သော အပြန်အလှန်သဘော တူညီထားသည့် နယ်ပယ်များတွင် အာဆီယံ ဆွေးနွေးဖက်များနှင့် အခြားသောပါဝင်ပတ်သက် သူများ၊ သုံးပွင့်ဆိုင်မိတ်ဖက်များ၊ အရပ်ဖက်လူမှု အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်၊

- ထိခိုက်ခံရနိုင်ခြေများသော အလုပ်ရှင်နှင့် အလုပ် သမားများကို ကူညီရန်နှင့် ယင်းတို့၏ ခံနိုင်ရည် ရှိမှုကို တိုးမြှင့်စေရန် ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ အာဆီယံအဖွဲ့ဝင် နိုင်ငံများအကြား ကောင်းမွန်သောအလေ့အထများနှင့် သင်ခန်း စာများကို ဆက်လက်မျှဝေရန်၊

ထို့နောက် ILO ညွှန်ကြားရေးမှူးချုပ် Mr. Guy Ryder က အာဆီယံအလုပ်သမားဝန်ကြီးများ၏ အထူးအစည်း အဝေးကျင်းပ၍ ကမ္ဘာ့ကပ်ရောဂါ COVID-19 ကြောင့် အလုပ်သမားနှင့် အလုပ်အကိုင်တို့အပေါ် ထိခိုက်မှုအား စုပေါင်းအဖြေရှာခြင်းကို အားရပါကြောင်း၊ ILO အနေဖြင့် ကပ်ရောဂါ စတင်ဖြစ်ပွားချိန်မှစ၍ အရေးကြီးသော သုတေ သနနှင့်လေ့လာမှုများပြုလုပ်၍ အလုပ်အကိုင်လောက အတွက် အရေးကြီးသော လမ်းညွှန်ချက်များကို အာဆီယံ အပါအဝင် အဖွဲ့ဝင်နိုင်ငံများအားလုံးသို့ မျှဝေပေးခဲ့ကြောင်း၊ ကပ်ရောဂါကြောင့် ပုံမှန်လူနေမှုဘဝပျောက်ဆုံးနေပြီး အဆိုပါအခြေအနေ၌ပင် ပိုမိုကောင်းမွန်သော ပုံမှန်လူနေမှု ဘဝတစ်ခု ပြန်လည်ရရှိရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် လူသားဗဟိုပြုသည့် ပြန်လည် နာလန်ထူရေးအစီအစဉ်ဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အာဆီယံတွင် အချိန်ပြည့်လုပ်သား ၂၆ သန်း၊ ဆုံးရှုံးသော အလုပ်ချိန်နာရီပေါင်း ၉ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းမည် ဟု ခန့်မှန်းကြောင်း၊ သမားရိုးကျမဟုတ်သော အလုပ် သမား ၂၁၈ သန်းသည် ၎င်းတို့၏ အသက်မွေးဝမ်းကျောင်း များကို ပြင်းပြင်းထန်ထန်ထိခိုက်စေသည့် အန္တရာယ် ရှိနေကြောင်း၊ အလုပ်အကိုင်လောကအပေါ် ကပ်ရောဂါ ၏ထိခိုက်မှုကို လျှော့ချရန် ILO က လက်ရှိအချိန်အထိ လေ့လာတွေ့ရှိမှုအရ အဓိကထားဆောင်ရွက်ရမည့် လုပ်ငန်း (၄)ရပ်ကို အဆိုပြုလိုပါကြောင်း၊ ၎င်းတို့မှာ -

- စီးပွားရေးပြန်လည်အသက်ဝင်ရန်နှင့် အလုပ် အကိုင်များကို ကာကွယ်ပေးရန် တုံ့ပြန်မှု ရှိသော ငွေကြေးမူဝါဒ ချမှတ်ဆောင်ရွက်ရန်၊

- အလုပ်အကိုင်ဌာနများ၊ အလုပ်အကိုင်ရရှိရေးနှင့် ပုံမှန်ဝင်ငွေပြန်လည်ရရှိရေး ထောက်ပံ့ပေးရန်၊

- လုပ်ငန်းခွင်အတွင်းရှိ အလုပ်သမားများကို ကပ်ရောဂါပြန့်ပွားကူးစက်မှုမှ ကာကွယ်ပေး ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် မဖြစ်မနေ ပေးရမည့် ဝန်ဆောင်မှု အစီအမံများ ဆောင်ရွက်ပေးရန်၊

- ကပ်ရောဂါ တားဆီးကာကွယ်ရေး အဖြေရှာရာ တွင် ထိရောက်သောမူဝါဒ အစီအမံများ ချမှတ် နိုင်ရန်အတွက် သုံးပွင်ဆိုင် အပြန်အလှန် ညှိနှိုင်းဆွေးနွေးမှုမှတစ်ဆင့် ဆောင်ရွက်ရန် တို့ဖြစ်ကြောင်း၊ ILO အနေဖြင့် ကပ်ရောဂါ ကာလအတွင်းနှင့် ကပ်ရောဂါ ကာလအလွန် တွင်လည်း အာဆီယံနှင့် လိုအပ်သလို ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြော ကြားခဲ့ပါသည်။

မြန်မာနိုင်ငံအနေနှင့် COVID-19 ကပ်ရောဂါကာလ အတွင်းနှင့် ကပ်ရောဂါကာလအလွန်တွင် အလုပ်သမား များအတွက် အလုပ်အကိုင် အခွင့်အလမ်းများ မဆုံးရှုံး စေရေး၊ စီးပွားရေးလုပ်ငန်းများ ဆက်လက်ရှင်သန် ရပ်တည်ရေး၊ လုပ်ငန်းအသစ်ရင်းနှီးမြှုပ်နှံမှု နယ်ပယ် အသစ်များတွင် ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာရေး၊ ငွေကြေးဆိုင်ရာ မူဝါဒ၊ ဘဏ္ဍာရေးဆိုင်ရာ မူဝါဒ၊ ကုန်သွယ်ရေးဆိုင်ရာ မူဝါဒ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာမူဝါဒများကို အချိန်အခါနှင့်ကိုက်ညီအောင် လိုအပ်သလို ပြုပြင်ထိန်းညှိဆောင်ရွက်၍ ပြည်သူသာအဓိကအဖြစ် လူသားဗဟိုပြုအစီအစဉ်၊ လူသားစွမ်းရည်တွင် ရင်းနှီး မြှုပ်နှံမှု တိုးမြှင့်မည့်အစီအစဉ်၊ လုပ်ငန်းအဖွဲ့အစည်းများ တွင် ရင်းနှီးမြှုပ်နှံမှု အစီအစဉ်၊ ကောင်းမွန်သော စဉ်ဆက် မပြတ်သော လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှု အစီအစဉ် တို့ဖြင့် အလုပ်သမား၊ အလုပ်ရှင်၊ အစိုးရ သုံးပွင့်ဆိုင်နီး ကပ်စွာ ညှိနှိုင်းဆွေးနွေးအဖြေရှာသည့် လုပ်ငန်းစဉ်များ ပိုမိုရှင်သန် ခိုင်မာအားကောင်းလာစေသည့် လက်တွေ့ကျ သည့် ဘက်ပေါင်းစုံဆောင်ရွက်မှု လုပ်ဆောင်မှုများဖြင့် COVID-19 ကပ်ရောဂါ အလွန်ကာလတွင် ပြန်လည်ရှင်သန် အောင်မြင်လာမည်ဖြစ်သည်ဟု ယုံကြည်ပါကြောင်း ရေးသားလိုက်ရပါသည်။

မြင့်မြတ်ရန်ပိုင်