အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက် ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့် လုပ်ငန်းအဖွဲ့၏ (၁၅) ကြိမ်မြောက် အစည်းအဝေးသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်

 

နေပြည်တော်၊ ဇွန် ၁၇

 

အင်ဒိုနီးရှားသမ္မတနိုင်ငံ၊ ဂျကာတာမြို့တွင် ဇွန် ၁၃ ရက်မှ ၁၅ ရက်အထိ ကျင်းပခဲ့သည့် အာဆီယံ အသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့၏ (၁၅) ကြိမ်မြောက် အစည်းအဝေးသို့ အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက် ရေးဆွဲရေးဆိုင်ရာ မြန်မာအဆင့်မြင့်ကိုယ်စားလှယ်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာ ဝါဝါမောင် ဦးဆောင်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာဦးစီးဌာနမှ အရာထမ်းတစ်ဦး တက်ရောက်ခဲ့သည်။

(၁၅) ကြိမ်မြောက် အစည်းအဝေးမတိုင်မီ အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက် ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့၏ အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေး အသိုက်အဝန်းနှင့် စပ်လျဉ်းသည့် မဟာဗျူဟာ စီမံချက်မူကြမ်းရေးဆွဲရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့သည်။

အစည်းအဝေးကို အာဆီယံဥက္ကဋ္ဌဖြစ်သည့် လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ၊ ထင်ပေါ်ကျော်ကြားပုဂ္ဂိုလ် Mr. Chatoulong Bouasisavath နှင့် အာဆီယံအသိုက်အဝန်း မျှော်မှန်းချက် စာတမ်းရေးဆွဲရေးဆိုင်ရာ အမြဲတမ်းဦးဆောင်အဖွဲ့ဝင် မလေးရှားနိုင်ငံ၏ ထင်ပေါ် ကျော်ကြားပုဂ္ဂိုလ်နှင့် အငြိမ်းစားသံအမတ်ကြီး Mr. Dato Zainuddin Yahya တို့က ပူးတွဲဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့ကြပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် လေ့လာသူ တီမောလက်စ်တေ နိုင်ငံတို့မှ ထင်ပေါ်ကျော်ကြားပုဂ္ဂိုလ်များ၊ အဆင့်မြင့်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

ဒုတိယဝန်ကြီးက အာဆီယံအသိုက်အဝန်း မဏ္ဍိုင်များအားလုံးနှင့် အာဆီယံပေါင်းစည်း ဆက်သွယ်ရေးဆိုင်ရာ ကော်မတီတို့အနေဖြင့် အာဆီယံအသိုက်အဝန်း မျှော်မှန်းချက် (၂၀၄၅) ၏ မဟာဗျူဟာစီမံချက်များ မူကြမ်းရေးဆွဲမှု အရှိန်မြှင့်တင်ရေးအတွက် မဏ္ဍိုင်များအကြား အပြီးသတ် ရေးဆွဲတင်ပြရမည့် အချိန်ကာလကို သတ်မှတ်ရန်လိုအပ်ပါကြောင်းနှင့် လုပ်ငန်းစဉ်အများစုတွင် မဏ္ဍိုင်များအားလုံးနှင့်ဆက်စပ်နေသည့် ကိစ္စရပ်များစွာ ပါရှိသည် ဖြစ်ရာ အာဆီယံစီးပွားရေး ပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့၊ အာဆီယံ လူမှု-ယဉ်ကျေးမှု အသိုက်အဝန်းမဏ္ဍိုင်၊ အာဆီယံ ပေါင်းစည်းဆက်သွယ်ရေးဆိုင်ရာ ကော်မတီတို့နှင့် ယခုနှစ်ကုန်ပိုင်းတွင် ထပ်မံတွေ့ဆုံခြင်းဖြင့် မဟာဗျူဟာစီမံချက်များကို အပြီးသတ်ဆွေးနွေးရန် အကြံပြုလိုကြောင်း ဆွေးနွေးခဲ့သည်။

ထို့နောက် နိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်းဆိုင်ရာ မဟာဗျူဟာစီမံချက်အပေါ်ခြုံငုံ၍ ဆွေးနွေးရာတွင် ပထဝီနိုင်ငံရေးတင်းမာမှုများနှင့် ပြိုင်ဆိုင်မှုများအကြား ဒေသတွင်းဗိသုကာ တည်ဆောက်မှု ပုံစံထွက်ပေါ်လာရေးတွင် အင်ဒို-ပစိဖိတ်ဆိုင်ရာ အာဆီယံသဘောထား အမြင်အကောင်အထည်ဖော်ခြင်းနှင့် အာဆီယံဦးဆောင်သည့် ယန္တရားများမှတစ်ဆင့် အာဆီယံအဓိကကျမှုကို ပိုမိုခိုင်မာအားကောင်းစေရန် အရေးကြီးကြောင်း၊ အာဆီယံတွင် လက်ရှိဆောင်ရွက်ဆဲ ယန္တရားအချို့ ပြုပြင်ပြောင်းလဲရေး စဉ်းစားရာတွင် အာဆီယံကို နိုင်ငံတကာက အသိအမှတ်ပြုထားသည့် “တူညီဆန္ဒဖြင့် ဆုံးဖြတ်သည့် အာဆီယံနည်းလမ်း” နှင့် “အာဆီယံစည်းလုံး ညီညွှတ်မှု” ဟူသည့် ကောင်းမွန်သည့် သမိုင်းကြောင်းနှင့်အမွေအနှစ်များကို ထိန်းသိမ်းရန် အလွန်အရေးကြီးပါကြောင်း ဆွေးနွေးခဲ့သည်။

အစည်းအဝေးတွင် အာဆီယံအသိုက်အဝန်း မျှော်မှန်းချက် (၂၀၄၅) ၏ အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေး အသိုက်အဝန်း မဟာဗျူဟာစီမံချက် ဒုတိယအကြိမ် ညှိနှိုင်းဆွေးနွေးမှု၏ တိုးတက်မှုများကို မှတ်သားခဲ့ကြပြီး အာဆီယံအသိုက်အဝန်း မျှော်မှန်းချက် (၂၀၄၅) နှင့် ၎င်း၏ မဟာဗျူဟာစီမံချက်များ ရေးဆွဲမှု၏ တိုးတက်မှုအစီရင်ခံစာမူကြမ်းကို ပြုစုတင်ပြရန် အာဆီယံ အတွင်းရေးမှူးချုပ်ရုံးအား တာဝန်ပေးအပ်ခဲ့သည်။

ထို့နောက် အာဆီယံနိုင်ငံရေးနှင့်လုံခြုံရေးအသိုက်အဝန်း မဟာဗျူဟာစီမံချက်အကောင်အထည် ဖော်ခြင်းအား ပြန်လည်သုံးသပ်ခြင်းနှင့် ပြန်လည်မွမ်းမံခြင်းအတွက် အချိန်ကာလသတ်မှတ်ရေး ဆွေးနွေးခဲ့ကြပြီး အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်း မဟာဗျူဟာစီမံချက် မူကြမ်းကို အခြားမဏ္ဍိုင်များ ကိုးကားအသုံးပြုနိုင်ရန် မျှဝေသွားရန် သဘောတူညီခဲ့ကြသည်။ ဆက်လက်၍ အာဆီယံစွမ်းဆောင်ရည် မြှင့်တင်ခြင်းနှင့် အာဆီယံအဖွဲ့အစည်း ပိုမိုခိုင်မာ အားကောင်းစေရေးဆိုင်ရာ မဟာဗျူဟာ လုပ်ငန်းစဉ်များ ထည့်သွင်းဖော်ပြမည့်ကဏ္ဍကို သင့်လျော်သည့်အချိန်မှ စဉ်းစားဆုံးဖြတ်ရန် သဘောတူညီခဲ့ကြသည်။ ယင်းနောက် အာဆီယံ အသိုက်အဝန်း မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့ (၁၄) ကြိမ်မြောက် အစည်းအဝေး၏ အစီရင်ခံစာကို အတည်ပြုခဲ့ကြသည်။

အစည်းအဝေးကာလအတွင်း အာဆီယံပါလီမန်များညီလာခံ အထွေထွေအတွင်းရေးမှူးချုပ်၊ အင်ဒိုနီးရှားနိုင်ငံရှိ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးဌာန အမှုဆောင် ညွှန်ကြားရေးမှူးတို့နှင့် မျက်နှာစုံညီအစည်းအဝေး ပြုလုပ်ခဲ့ရာ သက်ဆိုင်ရာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက ၎င်းတို့၏လုပ်ငန်းစဉ်များနှင့် အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေး အသိုက်အဝန်း အခြေပြမြေပုံ အကောင်အထည်ဖော်ခြင်းတွင် ပံ့ပိုးဆောင်ရွက်နေမှုများကို ရှင်းလင်းဆွေးနွေးခဲ့ကြပြီး ဦးစားပေးလုပ်ငန်းစဉ်များနှင့် အနာဂတ်စိန်ခေါ်မှုများကို ဆွေးနွေးကာ အကြံပြုချက်များကို တင်ပြခဲ့ကြသည်။ သက်ဆိုင်ရာကိုယ်စားလှယ်များက တင်ပြလာသည့် အကြံပြုချက်များနှင့် အနာဂတ်တွင် ကြုံတွေ့လာနိုင်သည့် စိန်ခေါ်မှုများအပေါ် ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ်ခဲ့ကြသည်။

အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့် လုပ်ငန်းအဖွဲ့သည် အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက်ဆိုင်ရာ ဟနွိုင်း ကြေညာချက်နှင့် လမ်းပြမြေပုံနှင့်အညီ အာဆီယံအသိုက်အဝန်းမဏ္ဍိုင် (၃) ရပ်တို့အကြား နီးကပ်စွာ ညှိနှိုင်းဆွေးနွေးခြင်းဖြင့် အာဆီယံအသိုက်အဝန်း မျှော်မှန်းချက် ၂၀၄၅ ရေးဆွဲရန် အတွက် ၂၀၂၂ ခုနှစ်က ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်းစဉ်