အားကစားလုပ်ရင်း ဖြစ်နိုင်တဲ့ ထိခိုက်မှုတွေ

အားကစားတစ်ရပ်ရပ်ကို လုပ်ဆောင်တဲ့အခါ အားကစားလုပ်တာကြောင့် ထိခိုက်မှုတွေကို ခံစားရနိုင်ပါတယ်။ အားကစားလုပ်နေသူတွေအနေနဲ့ လေ့ကျင့်ခန်းတွေ ပြင်းပြင်းထန်ထန် လုပ်ရင်းဖြစ်ဖြစ်၊ မတော်တဆပဲဖြစ်ဖြစ် ထိခိုက်မှုတွေကို ခံစားရနိုင်ပါတယ်။

 

အားကစားလုပ်ရင်း ထိခိုက်မှုတွေ ဘာကြောင့်ဖြစ်

အားကစားလုပ်ရင်း ထိခိုက်မှုတွေ ဖြစ်ရတာက

          ပုံမှန် လှုပ်လှုပ်ရှားရှားမရှိလို့ (လှုပ်ရှားမှုနည်းလို့)

          အားကစား မလုပ်ခင် သွေးပူလေ့ကျင့်ခန်း မလုပ်လို့

          ကိုယ်နေဟန်ထား မမှန်လို့

          မတော်တဆ ထိခိုက်မှုတွေရှိလို့

          လိုအပ်တဲ့ကိရိယာတွေ ပြည့်စုံစွာ မရှိလို့

          နည်းစနစ်မမှန်လို့

          ပြင်းပြင်းထန်ထန် လုပ်လို့ စတဲ့အချက်တွေကြောင့် အားကစားလုပ်ရင်း ထိခိုက်မှုတွေကို ခံစားရနိုင်ပါတယ်။

 

အားကစားလုပ်ရင်းဖြစ်နိုင်တဲ့ ထိခိုက်မှုတွေက ဘာတွေလဲ။

အားကစားလုပ်ရင်း ထိခိုက်နိုင်တဲ့ ထိခိုက်မှုတွေကတော့ အများကြီးပါ။ ထိခိုက်ဒဏ်ရာအလိုက် လက္ခဏာတွေကလည်း ကွာခြားနိုင်ပါတယ်။ အဖြစ်အများဆုံး အားကစားလုပ်ရင်း ထိခိုက်မိနိုင်တဲ့ ထိခိုက်မှုတွေကတော့

အရွတ်စုတ်ခြင်း – လေ့ကျင့်ခန်းတွေ အပြင်းအထန်လုပ်တာ၊ နာကျင်နေတာကို မနားဘဲ လေ့ကျင့်ခန်းတွေ ဆက်လက်လုပ်ဆောင်တာကြောင့် အရိုးနှစ်ခုကို တွယ်ဆက်ပေးထားတဲ့ အရွတ်တွေ စုတ်ပြဲတာ၊ ထိခိုက် သွားတာမျိုးပါ။

ကြွက်သားနာကျင်ခြင်း – ရေလုံလောက်အောင် မသောက်တာ၊ လေ့ကျင့်ခန်းတွေကို ပြင်းပြင်းထန်ထန် လုပ်ဆောင်မှုတွေကြောင့် ကြွက်သားတွေ နာကျင်တာပါ။ ကြွက်သားမှာ ဒဏ်ဖြစ်တာ၊ စုတ်ပြုတာမျိုးတွေပါ ခံစားရနိုင်ပါတယ်။

ဒူးနာခြင်း – အားကစားလုပ်တာကြောင့် အများဆုံးထိခိုက်နိုင်တဲ့ အစိတ်အပိုင်းတစ်ခုက ဒူးပါ။ ဒူးနာတာက ဒူးဆစ် ထိခိုက်မိတာကနေစလို့ တစ်ရှူးတွေ၊ အရွတ်နဲ့။ ကြွက်သားတွေ ထိခိုက်မှုအထိ အမျိုးမျိုး ဖြစ်နိုင်ပါတယ်။

ကြွက်သားရောင်ခြင်း – ကြွက်သားရောင်တာက ထိခိုက်မှုတွေကြောင့် ဖြစ်နိုင်သလို ကြွက်သားကို လုံလော်ကတဲ့ နားနေမှု မပေးတာ၊ အာဟာရနဲ့ ရေမပြည့်ဝတာတွေကြောင့်ဖြစ်နိုင်ပါတယ်။

ခြေချင်းဝတ်အရွတ်စုတ်ခြင်း – ခြေချင်းဝတ်က အရွတ်က ပါးလွှာပေမယ့် ခိုင်ခန့်ပါတယ်။ လေ့ကျင့်ခန်းတေါ ပြင်းပြင်းထန်ထန် လုပ်တဲ့အခါ အရွတ်စုတ်ပြုနိုင်သလို ရုတ်တရက် ခြေခေါက်လဲတာကြောင့်လည်း အရွတ်စုတ်ပြဲ နိုင်ပါတယ်။ ဒီအရွတ်စုတ်ပြဲတဲ့အခါ လမ်းလျှောက်ဖို့ ခက်တာ၊ အထိမခံနိုင်အောင် နာကျင်တာမျိုး ခံစားရနိုင်ပါတယ်။

အရိုးကျိုးခြင်း – အရိုးကျိုးတာကတော့ ထိခိုက်မှုတွေကြောင့် ဖြစ်တာများပါတယ်။

အဆစ်လွဲခြင်း – အရိုးတွေ ပုံစံတကျ မရှိတဲ့ အနေအထားမျိုးပါ။ အရိုးကို အားနဲ့ ထိခိုက်မိတဲ့အခါ အဆစ်လွဲတာမျိုး ဖြစ်နိုင်ပါတယ်. အဆစ်လဲတဲ့အခါ အဆစ်လွဲတဲ့နေရာက ရောင်ရမ်းတာ၊ အားပြုဖို့ခက်တာမျိုး ခံစားရနိုင်ပါတယ်။

 

ဘယ်လို သက်သာအောင်လုပ်ရမလဲ။

အားကစားလုပ်ရင်းဖြစ်တဲ့ ထိခိုက်မှုတွေက ပုံမှန်အားဖြင့် မပြင်းထန်ဘူးဆိုရင် အိမ်တွင်းကုထုံးလေးတွေလုပ်ရင်း သက်သာသွားတာ များပါတယ်။

ထိခိုက်မိပြီး ၄၈ နာရီကနေ ၇၂ နာရီအတွင်းမှာ ထိခိုက်မိတဲ့နေရာကို အနားပေးပါ။

          အရောင်ကျစေဖို့အတွက် ရေခဲကပ်ပါ။

          ရေနွေးဝတ်ကပ်ပါ။

          အကိုက်အခဲပျောက်ဆေး သောက်ပါ။

          ဆေးလိမ်းပါ။

          အာဟာရပြည့်ဝအောင် စားပါ။

          ရေများများသောက်ပါ။

ဒီလိုတွေ လုပ်ပေမယ့် သက်သာလာမရှိဘူး၊ ထိခိုက်တဲ့နေရာက ပိုနာလာမယ်ဆိုရင်တော့ ဆေးခန်းကို အမြန်ဆုံးသွားရောက်ဖို့ ပြောပါရစေ။

 

ဘယ်လိုကာကွယ်မလဲ။

အားကစားလုပ်ရင်း ထိခိုက်ဒဏ်ရာရတာ ကင်းစေဖို့အတွက်

          လေ့ကျင့်ခန်း မလုပ်ခင်သွေးပူလေ့ကျင့်ခန်း လုပ်ပါ

          လေ့ကျင့်ခန်းကို ဖြည်းဖြည်းမှန်မှန်ပဲ လုပ်ပါ

          အပြင်းအထန် လုပ်တာမျိုးကို ရှောင်ပါ

          အနေအထား မှန်မှန် လုပ်ပါ

          ထိုက်သင့်တဲ့ ကာကွယ်မှုတွေ လုပ်ပါ (ဒူးကာ ဝတ်တာမျိုး၊ အားကစားဖိနပ်စီးတာမျိုးပါ)

          နည်းစနစ် မှန်မှန် လုပ်ပါ။

 

Takeaways

အားကစားလုပ်တာက ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် အားကစားလုပ်ရင်း မတော်တဆ ထိခိုက်တာတွေ မဖြစ်စေဖို့ သေချာလေး ဂရုစိုက်မှုတွေလုပ်သင့်သလို ဖြစ်လာခဲ့ရင်လည်း သေချာလေး သက်သာအောင် လုပ်ဆောင်ပေးပါ။

 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn

ရေးသားသူ Aye Thi Mon

 

ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်