အားကစားနှင့် ကာယပညာသိပ္ပံကျောင်း (၆)ကျောင်း ဆောင်ရွက်နေမှုများ သုံးသပ်ခြင်းနှင့် ပြုပြင်ပြောင်းလဲရေး အလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့ကျင်းပ 

နေပြည်တော် ၅ ဖေဖော်ဝါရီ 

အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော အားကစားနှင့် ကာယပညာသိပ္ပံကျောင်း (၆)ကျောင်း၏ ဆောင်ရွက်နေမှုများ သုံးသပ်ခြင်းနှင့် ပြုပြင်ပြောင်းလဲရေး အလုပ်ရုံဆွေးနွေးပွဲကိုယနေ့ နံနက်(၉) နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း(B) ရုံ၌ ကျင်းပသည်။

 

sp1

 

အခမ်းအနားသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ နယ်ပယ်အသီးသီးမှ ကျွမ်းကျင်ပညာရှင်များ၊ သိပ္ပံကျောင်း(၆)ကျောင်းနှင့် အခြေခံပညာ ဦးစီးဌာနမှတာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ညွှန်ကြားရေးမှူးများ၊ လက်ရွေးစင် အားကစားသမားဟောင်းများ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ နည်းစနစ် ကျွမ်းကျင်သူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ကျောင်းအုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေးနှင့် ထောက်ပံ့ရေး၊ သင်တန်းသား ရွေးချယ်မှုနည်းလမ်းများနှင့် စံနှုန်းများ၊ လေ့ကျင့်ရေးနှင့် အကဲဖြတ်စောင့်ကြပ်ကြည့်ရှုမှုစနစ်၊ အဟာရဖွံဖြိုးရေးနှင့် ကျန်းမာကြံ့ခိုင်ရေး၊ ပညာရေးနှင့် စာသင်ကြားရေး၊ အလုပ်အကိုင် အခွင့်အလမ်းနှင့် ဘဝရှေ့ရေး ခေါင်းစဉ်များဖြင့် အလုပ်ရုံဆွေးပွဲသို့ တက်ရောက်လာသူများက အုပ်စု(၆) အုပ်စုခွဲကာ ဆွေးနွေးထားရှိခဲ့မှုများအား အဖွဲ့တစ်ခုချင်း အလိုက်ပြန်လည် ရှင်းလင်းတင်ပြခဲ့ကြသည်။ 

ထို့နောက် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာသူများက အဖွဲ့တစ်ခုချင်းစီ၏ ရှင်းလင်းတင်ပြမှုများအပေါ် ဝေဖန်အကြံပြု သုံးသပ်ဖြည့်စွက်ဆွေးနွေးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် ယနေ့ကမ္ဘာကြီးတွင် ဖြစ်ပျက်နေသော အကြောင်းအရာများကို စောင့်ကြည့်လေ့လာသင့်ပါကြောင်း၊ မကြာမှီ Computer Group ဖွဲ့ပြီး လုပ်ငန်းများ လျင်လျင်မြန်မြန် ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ ယနေ့ဆွေးနွေးပွဲမှ ထွက်ပေါ်လာသော Results များကို မြန်မြန်ဆန်ဆန် လုပ်ဆောင်ပေးသွားမည်ဖြစ်ပါကြောင်း၊ အားကစားနှင့် ကာယပညာ သိပ္ပံကျောင်း (၆)ကျောင်းမှ တာဝန်ရှိသူများ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ အားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိသူများ စည်းစည်းလုံးလုံး ညီညီညွှတ်ညွှတ် ပူးပေါင်းဆောင်ရွက်သွားလျှင် မြန်မာ့အားကစား တိုးတက်လာမည် ဖြစ်ပါကြောင်း၊ ယနေ့တက်ရောက်လာကြသောသူများသည် အားကစားလောကတွင် Experience အတွေ့အကြုံရှိသော သူများဖြစ်သည့်အတွက် အားကစားလောက ပိုမိုတိုးတက်ရေးအတွက် ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာ မြလေးစိန်က  အားကစားသိပ္ပံကျောင်း (၆)ကျောင်းတွင် လူဦးရေ ကျစ်ကျစ်လစ်လစ်ဖြင့် ပိုမိုတိုးတက်အောင် လုပ်ဆောင်သင့်ပါကြောင်း၊ ယခုတက်ရောက် ဆွေးနွေးခဲ့သော အားကစား ကျွမ်းကျင်ပညာရှင်များကိုလည်း ကျေးဇူးအထူးတင်ရှိပါကြောင်း၊ အားကစားနှင့် ကာယပညာ သိပ္ပံကျောင်းများမှ ထူးချွန်ထက်မြက်သော နည်းပြများ/ အားကစားသမားများ ပေါ်ထွက်လာစေရန် ဝိုင်းဝန်းကြိုးပမ်းသင့်ပါကြောင်း၊ ယခုအချိန်မှစပြီး အားကစားနှင့် ကာယပညာသိပ္ပံ (၆)ကျောင်းတွင် အားနည်းချက်များကို ပြုပြင်ပြီး၊ အားသာချက်များကို လျင်လျင်မြန်မြန် လုပ်ဆောင်သွားရမည် ဖြစ်ပါကြောင်း၊ ယခုအလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် အားကစားနှင့် ကာယပညာသိပ္ပံ ကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူများ၊ ပညာရေးဝန်ကြီးဌာနမှ ကူညီပေးကြသော ဆရာ/ဆရာမများနှင့် တာဝန်ရှိသူများကိုလည်း ကျေးဇူးအထူး တင်ရှိပါကြောင်း၊ မကြာမီ ကျွမ်းကျင်အားကစား ပညာရှင်များကိုလည်း ဖိတ်ခေါ်၍ အားကစားလောက ပိုမိုတိုးတက်အောင် ပြုလုပ်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

သတင်းစဉ်