အာခါရိုးရာ ဒန်းစီးပွဲတော်နှင့် နမ့်လွှတ်အာခါရွာ

မိုင်းဖုန်း ၈ စက်တင်ဘာ 

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) သံလွင်အရှေ့ခြမ်းဒေသတွင် မျိုးနွယ်စုပေါင်း ၄၀ ကျော် အဓိကမှီတင်း နေထိုင်ကြပြီး ကျေးရွာတစ်ရွာ တည်တော့မည်ဆိုလျှင် မျိုးနွယ်စု တစ်စုတည်းက တည်လို့မရပေ၊ အနည်းဆုံး မျိုးနွယ်စုသုံးစု စုပေါင်းပြီးတော့မှ တည်ရသည်။ ဒီလိုတည်ရာမှာလည်း ဒန်းစင်တည်ဆောက်ရန်နေရာကို မပါမဖြစ်ထည့်သွင်း ရွေးချယ်ရသည်။ ဘာ့ကြောင့်ဆိုသော် မျိုးနွယ်စုသုံးစုထဲတွင် ပထမအင်အား အကြီးဆုံး မျိုးနွယ်က ဒန်းစင်တည်ဆောက်ရန် တိုင်လေးတိုင်၊ ဒုတိယအင်အားကြီးသည့် မျိုးနွယ်စုက နွယ်ကြိုး၊ တတိယမျိုးနွယ်စုက ဒန်းစင်ပေါ်က ထုပ်တန်းတို့ကို တာဝန်ယူရသည်။ အဓိပ္ပာယ်ကတော့ စည်းလုံးညီညွတ်မှုကို ဖော်ဆောင်ခြင်းပဲဖြစ်သည်။ ဒန်းစီးပွဲတော်သည် အာခါရိုးရာဓလေ့တွင် လွတ်လပ်ပျော်ရွှင်မှု အရှိဆုံးပွဲဖြစ်သလို ယင်းပွဲတော်၌ စည်းလုံးညီညွတ်ခြင်းကို ပြသသဖြင့် ကျေးရွာအတွက် လိုအပ်သည့် စည်းကမ်းများကို ရွေးချယ်အတည်ပြုသည့်ပွဲလည်း ဖြစ်သည်။

 

ထို့အပြင် အာခါတိုင်းရင်းသားများသည် တောင်ယာစိုက်ပျိုးခြင်းအား အဓိကထား ဆောင်ရွက်လေ့ရှိရာ အာခါရိုးရာပြက္ခဒိန်အရ “ရဲခူအာဗီလော” ခေါ် ဒန်းစီးပွဲတော်သည် တောင်ယာစိုက်ပျိုးခြင်းလုပ်ငန်းများ ပြီးဆုံးကာ အသီးအနှံများ သီးပွင့်မှုမဖြစ်ပေါ်မီ တောင်ယာလုပ်ငန်းခွင်တွင် ပင်ပန်းနွမ်းနယ်ခဲ့မှုများအား အပန်းဖြေရင်း အားလပ်သော အခါသမယဖြစ်သည်နှင့်အညီ အာခါရိုးရာ ဒန်းစီးပွဲတော်ကို ဩဂုတ်လနှင့် စက်တင်ဘာလအတွင်း ကျေးရွာအလိုက် သင့်တော်သလို ရက်ရွေးချယ်ပြီး လေးရက်တိုင်တိုင် ဆင်နွှဲလေ့ရှိကြောင်း စက်တင်ဘာ ၈ ရက်က တာချီလိတ်မြို့နယ် မိုင်းဖုန်း (ခ) ကျေးရွာအုပ်စု နမ့်လုတ်(အာခါ)ရွာတွင် ကျင်းပသော အာခါရိုးရာဒန်းစီးပွဲတော်တွင် တာချီလိတ်မြို့နယ် အာခါတိုင်းရင်းသားရိုးရာစာပေနှင့် ယဉ်ကျေးမှုကော်မတီ အတွင်းရေးမှူး ဦးအားလယ်က ရိုးရာဓလေ့များကို ရှင်းလင်းပြောပြသည်။ 

 

အာခါရိုးရာယဉ်ကျေးမှုတွင် ကျေးရွာအုပ်ချုပ်ရေးကဏ္ဍအား ဂျွေးမား၊ ဖီးမား၊ ညီးဖာ စသည့် အကြီးအကဲသုံးဦးက ရပ်ရွာ၏ အုပ်ချုပ်ရေး၊ ဘာသာရေး ဓလေ့ထုံးတမ်းနှင့် ကျန်းမာရေးဆိုင်ရာများကို ညှိနှိုင်းတိုင်ပင်ဆောင်ရွက်ကြကာ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများအား ထိန်းသိမ်းစောင့်ရှောက်လျက် ရှိကြသည်။ ယနေ့ကျင်းပသည့် အာခါရိုးရာဒန်းစီးပွဲတွင် မိတ်ဆွေဖွဲ့စကား၊ ဆုံးမစကားနှင့် ကျေးဇူးတင်စကားများကို ထုံးတမ်းစဉ်လာအတိုင်း အစီအစဉ်အလိုက် ပြောကြားကြကာ သားသမီးရတနာ ထွန်းကားရေး၊ ကောက်ပဲသီးနှံများ ဖြစ်ထွန်းအောင်မြင်ကာ စားနပ်ရိက္ခာဖူလုံရေး၊ ကျန်းမာရေး တိုးတက်ကောင်းမွန်စေရေး ဘိုးဘွားများကို တိုင်တည်ဆုတောင်းကြကာ ကျန်းမာရွှင်လန်းပါစေဟု အဓိပ္ပာယ်ဖော်ဆောင်သည့် “အိုးလိုချော်”ဟူသည့် ဆုတောင်းသံများကို သံပြိုင်သီဆိုကြကာ တပျော်တပါး ဒန်းစီးပျော်ပါးနေမှုကို သံလွင်အရှေ့ခြမ်းဒေသမှ ရိုးသားဖြူစင်သော အာခါတိုင်းရင်းသားတို့၏ ဒန်းစီးပွဲတော်ကို မှတ်တမ်းပြု ရေးသားလိုက်ရပါသည်။  

 

မြင့်မိုရ်(တာချီလိတ်)