အားလုံးအနာဂတ်ကောင်းမွန်ရေး ခရီးသွားအလုပ်အကိုင် ဖော်ဆောင်ပေး

နှင်းလဲ့ (Tourism)

ပညာရှင်မာစလိုး၏ လူသားတို့၏ လိုအပ်ချက်အဆင့်အလိုက်ပြ သီအိုရီပြဇယားအရ လူတစ်ဦး အောင်မြင်ပျော်ရွှင်သော ဘဝရှင်သန်နေထိုင်နေထိုင်ရေး၊ လုံခြုံစိတ်ချမှု၊ လူမှုဆက်ဆံရေး၊ အထင်ကြီးလေးစားမှုနှင့် မိမိအောင်မြင်မှုကို အသိအမှတ်ပြုခြင်းတို့ လိုအပ်ကြောင်း လေ့လာမှတ်သားဖူးပါသည်။ မာစလိုး၏ အဆိုအရ  ခရီးသွားလုပ်ငန်းသည် ဘဝရှင်သန်ရန် အလုပ်အကိုင်များ ဆောင်ပေးခြင်း၊ လူမှုဆက်ဆံရေး ကျယ်ပြန့်စေခြင်း၊ ခရီးသွားခြင်းဖြင့် စိတ်ကျေနပ်မှု ရသများ ဖန်တီးပေးနိုင်ခြင်း စသည်တို့ကြောင့်အဆိုပါ  လူသားလိုအပ်ချက်များကို ပြည့်စုံရန် တစ်စိတ်တစ်ပိုင်းအနေဖြင့် ဖြည့်ဆည်းပေးနေသည့် လုပ်ငန်းတစ်ခုဖြစ်သည်ဟု ဆိုနိုင်ပါသည်။

ခရီးသွားလုပ်ငန်းဟု ဆိုလိုက်လျှင် “အလုပ်အကိုင် ပေါများခြင်း၊ ဝင်ငွေကောင်းခြင်း၊ နိုင်ငံခြားသားများနှင့်ဆက်ဆံရခြင်း၊ လူနေမှုအဆင့်အတန်းမြင့်မြင့် အလုပ် လုပ်ကိုင်ရခြင်း စသည့် ဝိသေသများဖြင့် အသိအမှတ်ပြုထားကြလေသည်။ ခရီးသွားလုပ်ငန်းဆိုသည်မှာ ခရီးသွားဧည့်သည်များ၏ ရည်ရွယ်ချက် အမျိုးမျိုးဖြင့် ခရီးစဉ်ဒေသများသို့ သွားရောက် လေ့လာလည်ပတ်သော ဖြစ်စဉ်တခုဖြစ်ပြီး အဆိုပါဖြစ်စဉ်တွင် ခရီးသွား ဧည့်သည်၏ ငွေကြေးသုံးစွဲမှု၊ ခရီးသွားလုပ်ငန်းတွင် ပါဝင်လုပ်ကိုင် ဆောင်ရွက်နေသူများ၏ ဝန်ဆောင်မှုပေးခြင်း၊ အကျိုးစီးပွားရရှိမှု စသည်တို့ ပါဝင်နေပါသည်။ ထို့ပြင် ခရီးသွားဧည့်သည်များ၏ ခရီးစဉ်ဒေသများသို့ သွားလာလည်ပတ်ရေးသာမက ခရီးစဉ်ကာလအတွင်း နေထိုင်စားသောက်မှုဆိုင်ရာ ဝန်ဆောင်မှုများပေးခြင်း၊ ဘေးကင်းလုံခြုံရေး၊ အတွေ့အကြုံသစ်များနှင့် စိတ်ချမ်းမြေ့ ပျော်ရွှင်ရေးအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးရသည့် လုပ်ငန်းလည်း ဖြစ်သည်။

ယနေ့ခေတ်တွင် နိုင်ငံများသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံသူနိုင်ငံသားများအား လူနေမှုအဆင့် အတန်း မြင့်မားရေး၊ အလုပ်အကိုင်များ ဖန်တီးပေးခြင်းနှင့် အလုပ်လက်မဲ့လူဦးရေ လျှော့ချစေရေးကို အလေးပေးလုပ် ဆောင်လာကြသည်ဖြစ်ရာ အဆိုပါ ပြဿနာများကို ဖြေရှင်းရန် နည်းလမ်းတစ်ခုအဖြစ် ခရီးသွားလုပ်ငန်းကို အဓိက ကဏ္ဍတစ်ရပ်အဖြစ် နည်းဗျူဟာများချမှတ်ကာ လုပ်ဆောင်လာကြပါသည်။ ထို့ကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ခရီးသွားလုပ်ငန်းကို စီးပွားရေး နှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသော ကဏ္ဍအဖြစ် သတ်မှတ်လာကြသည်။

အလုပ်နေရာရရှိမှု

ကမ္ဘာ့ခရီးလှည့်လည်ရေးနှင့် ခရီးသွားလုပ်ငန်း ကောင်စီ (WTTC) ၏ ခရီးသွားလုပ်ငန်းဆိုင်ရာ စာရင်း ဇယားများအရ ခရီးသွားလုပ်ငန်းမှ ကမ္ဘာ့ဂျီဒီပီ ၁၀ ဒသမ ၄ ရာခိုင်နှုန်း၊ အလုပ်အကိုင်ပေါင်း ၃၁၉ သန်းနှင့် အလုပ်ခန့်ထားနိုင်မှု ၁၀ရာခိုင်နှုန်းရှိကြဘာင်း ဖော်ပြထားပါသည်။ WTTC ၏ ခရီးသွားလုပ်ငန်းဆိုင်ရာ စာရင်းဇယား များအရ မြန်မာနိုင်ငံ၌ ၂၀၁၈ ခုနှစ်တွင် ခရီးသွားလုပ်ငန်း မှ ဂျီဒီပီ ၆ ဒသမ ၈ ရာခိုင်နှုန်း၊ အလုပ်အကိုင်ရရှိမှု ၁ ဒသမ ၃ သန်းရှိကြဘာင်း ဖော်ပြထားသည်။

ထို့ပြင် ခရီးသွားလုပ်ငန်းမှ ဝင်ငွေနှင့် အလုပ်နေရာသည် ဆင့်ပွားအကျိုးသက်ရောက်မှုရှိပြီး ခရီးသွား လုပ်ငန်းကို ဖြည့်တင်းမှုပြုလုပ်နေကြသော အဖွဲ့အစည်းများအတွက်လည်း အကျိုးကျေးဇူးများ ရရှိစေပါသည်။ နိုင်ငံ့စီးပွားရေးအတွက် တစ်ဖက်တစ်လမ်းမှ ထဘာက်ပံ့ ပေးနိုင်ရုံမက ခရီးသွားလုပ်ငန်းမှ ရရှိသဘာဝင်ငွေများသည် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အလွှာပေါင်းစုံသို့ စီးဝင်သက်ရောက်နိုင်ပြီး အလုပ်အကိုင်များစွာကို ဖန်တီးပေးနေသော မီးခိုးမထွက်သည့်စက်ရုံဟု တင်စားခေါ်ဝေါ်ကြသည့် လုပ်ငန်းလည်းဖြစ်သည်။

ခရီးသွားလုပ်ငန်း အမျိုးအစားများတွင် လှည်းသမားမှသည် ဧည့်လမ်းညွှန်၊ ခရီးလှည့်လည်ရေးလုပ်ငန်း၊ ဟိုတယ်နှင့် စားသောက်ဆိုင်ဝန်ဆောင်မှုလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ အမှတ်တရ ပစ္စည်း အရဘာင်းဆိုင်လုပ်ငန်းများ စသည်တို့ပါဝင်သည်။ ခရီးသွားလုပ်ငန်းမှ တိုက်ရိုက်အားဖြင့် လေကြောင်းလိုင်းစသည့် သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ ဟိုတယ်နှင့် တည်းခိုနေထိုင်ရေးလုပ်ငန်းများ၊ ခရီးသွား အေဂျင်စီလုပ်ငန်းများ အစားအစာနှင့် အဖျော်ယမကာ လုပ်ငန်းများသို့လည်းကောင်း၊ သွယ်ဝိုက်၍အားဖြင့် ခရီးသွားလုပ်ငန်းကို ပံ့ပိုးပေးနေသော လုပ်ငန်းများဖြစ်သည့် အခြားသော ဝန်ဆောင်မှုလုပ်ငန်းများ၊ လယ်ယာထုတ်ကုန်နှင့် အစားအစာထုတ်လုပ်သောလုပ်ငန်းများ၊ နည်းပညာလုပ်ငန်းများသို့လည်းကောင်း အလုပ်အကိုင်များ ဖော်ဆောင်ပေးလျက်ရှိသည်။

ခရီးသွားလုပ်ငန်းတွင် အဓိကပါဝင်ပတ်သက်နေသော အဖွဲ့အစည်းများမှာ အစိုးရ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ဒေသခံပြည်သူ လူထုတို့ ဖြစ်ကြသည်။

အစိုးရ၏ ခရီးသွားလုပ်ငန်းကဏ္ဍ

နိုင်ငံတော်၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရသည် ခရီးသွားလုပ်ငန်းဆိုင်ရာ မူဝါဒများ ဖော်ဆောင်ခြင်း၊ ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ခြင်း၊ ခရီးသွားအလုပ်အကိုင်နှင့် စီးပွားရေးလုပ်ငန်းများ လွယ်ကူ ချောမွေ့စွာ လုပ်ကိုင်နိုင်ရန် ဖန်တီးပေးခြင်း၊ ခရီးသွားဧည့်သည်များ လုံခြုံစိတ်ချစွာ လည်ပတ်နိုင်ရေးအတွက် စီစဉ်ပေးခြင်း၊ နိုင်ငံတကာခရီးသွားလုပ်ငန်း အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့အတွက် တာဝန်ယူ ဆောင်ရွက်ပေးနေသည့် အဓိကအကျဆုံး အဖွဲ့အစည်းဖြစ်ပါသည်။ ခရီးသွားလုပ်ငန်းမှ အစိုးရ၏ စီးပွားရေးကဏ္ဍ အပေါ် အကျိုးသက်ရောက်မှုမှာ ခရီးသွားဧည့်သည်များမှ ရရှိသော အခွန်နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများမှ ရရှိသော ဝင်ငွေများသည် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံ၏ ယဉ်ကျေးမှု အမွေအနှစ်များနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများတွင် ပြန်လည်အသုံးပြုခြင်း အထောက်အကူပြုလျက်ရှိသည်။

ဒေသခံလူထုအဖွဲ့အစည်း

ခရီးသွားလုပ်ငန်း၌ ခရီးသွားလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေသူများသာမက ဒေသခံများ၏ ခရီးသွား လုပ်ငန်းတွင် ပူးပေါင်းဆောင်ရွက်မှု၊ ခရီးသွားလုပ်ငန်းကို လိုလားစွာလက်ခံမှု အမြင်သဘဘာထား၊ ဒေသခံပြည်သူလူထု၏ ခရီးသွားဧည့်သည်များနှင့် လှိုက်လှဲပျူငှာစွာဆက်ဆံမှုတို့သည် ဒေသ၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါလှပါသည်။ အထူးသဖြင့် လူထုအခြေပြုခရီးသွားလုပ်ငန်း လုပ်ဆောင်နေရသော ဒေသများတွင် ဒေသခံများသည် ခရီးသွားလုပ်ငန်းတွင် ကိုယ်တိုင်ပါဝင်လုပ်ဆောင်ရသဖြင့် ၎င်းတို့၏ အကြံပြုဆွေးနွေးချက်၊ သဘဘာထားများရယူခြင်း၊ လိုအပ်သော သင်တန်းများ ပံ့ပိုးပေးခြင်း၊ ခရီးသွားလုပ်ငန်းမှ ရရှိသော ဝင်ငွေ နှင့် အကျိုးအမြတ်များကို ပွင့်လင်းမြင်သာစွာ သိရှိစေခြင်းဖြင့် ခရီးသွားလုပ်ငန်းတွင် ပါဝင်မှုကို မြှင့်တင်နိုင်ပါသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အလုပ်လက်မဲ့လူဦးရေ ပပျောက်ရေး၊ ဆင်းရဲမှုလျှာ့ချရေးတို့အတွက် လူထုအခြေပြုခရီးသွားလုပ်ငန်း၊ ကျေးလက်ခရီးသွားလုပ်ငန်းများ ဖော်ဆောင်ခြင်းဖြင့် ဒေသခံပြည်သူလူထု၏ လူမှုစီးပွားရေး တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်လျက်ရှိပါသည်။

မြန်မာနိုင်ငံတွင်လည်း ၂၀၁၅ ခုနှစ်မှ စတင်၍ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ပုဂ္ဂလိက ကဏ္ဍတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် ရပ်ရွာလူထု အဖွဲ့အစည်းများ ခရီးသွားလုပ်ငန်းတွင် ပါဝင်လာရေး၊ ခရီးသွားလုပ်ငန်းမှ အကျိုးအမြတ်များကို တိုက်ရိုက်ခံစားနိုင်ရေးနှင့် ၎င်းတို့၏ လူမှုစီးပွားတိုးတက်စေရန် ရည်ရွယ်၍ လူထုအခြေပြု ခရီးသွားလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ ကျေးရွာပေါင်း ၄၂ ရွာတွင် လူထုအခြေပြုခရီးသွားလုပ်ငန်းဒေသ ၁၈ ခု ဖော်ဆောင်နိုင်ခဲ့ပြီဖြစ်သည်။

ခရီးသွားလုပ်ငန်းနှင့် အမျိုးသမီးများ၏ကဏ္ဍ

ခရီးသွားလုပ်ငန်းသည် အခြားသောစီးပွားရေး ကဏ္ဍများထက် အလုပ်အကိုင်အခွင့်အလမ်း ရှာပေးနိုင်သည့် လုပ်ငန်းဖြစ်သည့်အပြင် အထူးသဖြင့်အမျိုးသမီးနှင့် လူငယ်များအား အများဆုံးအလုပ်ခန့်ထားရာ ကဏ္ဍတစ်ခု ဖြစ်ပါသည်။ အခြားသောဏ္ဍများနှင့် နှိုင်းယှဉ်လျှင် ခရီးသွားလုပ်ငန်းတွင် အမျိုးသမီးလုပ်သားပါဝင်မှုသည် နှစ်ဆရှိပြီး လက်မှုပစ္စည်းထုတ်လုပ်ရောင်းချသော လုပ်ငန်းမှသည် ဧည့်ဝန်ဆောင်မှုလုပ်ငန်းများအထိ အမျိုးသမီးများ ပါဝင်လုပ်ကိုင်လျက်ရှိပါသည်။ အမျိုးသမီးများ ခရီးသွားလုပ်ငန်းတွင် ပါဝင်လာခြင်းဖြင့်  ၎င်းတို့ကို မှီတည်နေသော မိသားစုများ၏ လူမှုနေထိုင်မှုဘဝမြင့်မားလာခြင်း၊ သားသမီးများအား အဆင့်မြင့် ကောင်းမွန်သော ပညာရေးဖြည့်စွမ်းပေးနိုင်ခြင်း စသည့်အကျိုးများ ဖြစ်ထွန်းစေနိုင်ပါသည်။ ထို့ကြောင့်အမျိုးသမီးများ ခရီးသွားလုပ်ငန်းတွင် ပါဝင်မှုကိုမြှင့်တင်ရန် အမျိုးသမီးများအား အလုပ်ခွင်တွင် ခွဲခြားဆက်ဆံမှုများ မပြုလုပ်ဘဲ အမျိုးသားများ တန်းတူအခွင့်အရေးပေးခြင်း၊ ဦးဆောင်မှုပေးခြင်းနှင့် လုပ်ပိုင်ခွင့်ပေးခြင်း၊ သက်မွေးဝမ်းကျောင်း သင်တန်းများပေးခြင်း၊ ခရီးသွားလုပ်ငန်းဆိုင်ရာ အသေးစား၊ အလတ်စားလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ပံ့ပိုးဖော်ဆောင်ပေးခြင်းများ ပြုလုပ်ပေးသင့်ပါသည်။

လူမှုယဉ်ကျေးမှုဆိုင်ရာ အကျိုးကျေးဇူးများ

ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာခြင်းဖြင့် ကျေးလက်နှင့် ဝေးလံသောဒေသများတွင် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာခြင်းနှင့် ရေ၊ မီး၊ လျှပ်စစ် စသည့် အခြေခံ လူမှုအဆောက်အအုံများ တိုးတက်လာပေမည်။ ထို့ပြင် ဒေသခံများ၏ ဘာသာစကားကျွမ်းကျင်လာမှု၊ ပညာရေး၊ အသိပညာများ မြင့်မားလာခြင်း၊ အမြင်ကျယ်လာခြင်းနှင့် ယဉ်ကျေးမှုများ အချင်းချင်းဖလှယ်ကာ ဆက်ဆံနိုင်ခြင်း၊ မိမိတို့၏ ယဉ်ကျေးမှုကို လူအများ သိရှိစေရန် ထုတ်ဖော်ပြသနိုင်ခြင်း၊ မြတ်နိုးတန်ဖိုးထား တတ်လာခြင်း၊ သမိုင်းဝင် ရှေးဟောင်းအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်နိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိစေပါသည်။

နိဂုံးချုပ်ဆိုရသော် ကမ္ဘာ့ခရီးသွားလုပ်ငန်း အဖွဲ့အစည်း၏ ခရီးသွားလုပ်ငန်း ၂၀၃၀ ပြည့်နှစ်ဆီသို့ အစီရင်ခံစာအရ အနာဂတ်ခရီးသွားလုပ်ငန်းကဏ္ဍသည် ကမ္ဘာလုံးဆိုင်ရာ ထူးခြားတိုးတက်သော လုပ်ငန်းတစ်ရပ်အဖြစ် ပေါ်ထွန်းလာမည်ဖြစ်ပြီး နိုင်ငံများ၏ စီးပွားရေး ဖွံ့ဖြိုးမှု၊ လူမှုရေးတိုးတက်မှု၊ ပတ်ဝန်းကျင်ရေရှည်တည်တံ့မှုနှင့် ယဉ်ကျေးမှုအမွေအနှစ်များ မပပျောက်အောင် ထိန်းသိမ်းခြင်းများတွင် ဦးဆောင်မှုပြုနိုင်မည့် ကဏ္ဍဖြစ်လာနိုင်မည်ဟု ဖော်ပြထားသည်။ ထို့ကြောင့်ကမ္ဘာပေါ်ရှိ လူမှုအဖွဲ့အစည်းအားလုံးအတွက် လူမှုစီးပွားဘဝ တိုးတက်ရေး၊ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် ခရီးသွားလုပ်ငန်းသည် အရေးပါသော ကဏ္ဍတစ်ရပ်အနေဖြင့် ပါဝင်နေသည့်အတွက် “အားလုံးအနာဂတ် ကောင်းမွန်ရေး ခရီးသွား အလုပ်အကိုင် ဖော်ဆောင်ပေး ”ဟူသည့် ဆောင်ပုဒ်အတိုင်း သာယာလှပသော အနာဂတ်များ ဖန်တီးရန် ခရီးသွားလုပ်ငန်းတွင် အားလုံးပူးပေါင်းပါဝင်ရေးနှင့် ခရီးသွားအလုပ်အကိုင်များ ဖော်ဆောင်ကြပါစို့ဟု တိုက်တွန်းရင်း ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရေးသားလိုက်ရပါသည်။ ။

မြန်မာ့အလင်း