အဲကွန်းခန်းထဲမှာ အမြဲနေတဲ့သူတွေ အသားအရေကို ဒီလိုပြန်ထိန်းသိမ်းပါ 

နည်းပညာ တိုးတက်လာတဲ့ ခေတ်ကြီးထဲမှာ အိမ်ရော ရုံးတွေမှာပါမကျန် အဲကွန်းတွေ တပ်လာကြတာ သတိထားမိမှာပါ။ ကျွန်တော်တို့ နိုင်ငံကလည်း နဂိုကတည်းက ရာသီဥတုပူတဲ့ နိုင်ငံဖြစ်တာဆိုတော့ လူတွေ အေးအေးချမ်းချမ်းနဲ့ အလုပ်လုပ်နိုင်အောင်ဆိုပြီး မနက်ရုံးတက်၊ ညရုံးဆင်း တောက်လျှောက်ကို အဲကွန်းဖွင့်ထားတတ်ကြပါတယ်။


အဲကွန်းဖွင့်လို့ ဘာကောင်းကျိုးတွေရှိလဲ။


အဲကွန်းနဲ့ ပတ်သက်ပြီး လူတိုင်းအကြိုက်ဆုံးအရာကတော့ အေးစိမ့်နေတဲ့ ခံစားချက်မျိုးပါပဲ။ ဘယ်သူမဆို ပူပူလောင်လောင် နေရတာကို မကြိုက်ကြဘူးမလား။ ရုံးမှာဆိုလည်း ရုံးမှာမို့လို့၊ အိမ်မှာကျတော့လည်း မိသားစုဝင်တွေ ပူလောင်အိုက်စပ်တာတွေ မဖြစ်စေဖို့ ကာကွယ်ပေးနိုင်တယ်။ ပန်ကာနဲ့ မတူတဲ့အချက်ကတော့ အခန်းကို အလုံပိတ်ထားပြီး အခန်းတွင်းမှာရှိတဲ့လေကို လည်ပတ်ကာ အေးမြစေတဲ့အချက်ပါ။ သက်ကြီးရွယ်အိုတွေအတွက်လည်း အဆင်ပြေသလို လေဖြတ်နိုင်ခြေကိုလည်း လျော့နည်းသွားစေတာပေါ့။


ဒါဆို အဲကွန်းဖွင့်လို့ ဆိုးကျိုးလုံးဝမရှိတော့ဘူးလား။


သိထားရမှာတစ်ခုက အရာရာတိုင်းသည် အကောင်းနဲ့ အဆိုးအမြဲ ဒွန်တွဲနေတဲ့ အချက်ပါပဲ။ အဲကွန်းရဲ့ အေးမြစေတဲ့ ကောင်းကျိုးမှာလည်း လူတွေထင်မထားမိတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေက ရှိနေပါတယ်။ ဒါကတော့ အသားခြောက်တာပါ။ အဲကွန်းလေက အရေပြားရဲ့ အစိုဓာတ်ကို နည်းသွားစေသလို ရေဓာတ်ကိုလည်း ခမ်းခြောက်သွားစေတယ်။ ပြီးတော့ လူက ဒီအဲကွန်းလေနဲ့ အမြဲထိတွေ့နေရတဲ့အခါ အပြင်ထွက်ပြီး နေရောင်နည်းနည်းခံလိုက်တာနဲ့ အသားက ယားလာတယ်၊ နီရဲလာတယ်၊ ပျက်စီးဖို့ ပိုလွယ်သလို သူများတွေထက် ပိုပြီးပူနေတယ်လို့လည်း ခံစားလာရပါတယ်။ အရေပြားအနေနဲ့ အသားခြောက်လာမယ်၊ အသားပပ်မယ်၊ အသားဖတ်တွေ လန်ပြီး ကွာကျလာမယ်။ ကိုယ့်အရေပြားကို သေချာကြည့်လိုက်ရင် ပက်ကြားအက်နေသလို အက်ကွဲကြောင်းအရာလေးတွေပါ ထင်နေမယ်။ အဆီနည်းသွားတာကြောင့် ကြည့်လိုက်ရင် လူက မွဲခြောက်ခြောက်နဲ့ နဂိုအသားအရောင်ပါ မှိန်လာတော့တာပေါ့။


အဲ့ဒါဆို လုံးဝအဲကွန်းကို ရှောင်လိုက်ဖို့လိုမလား။


ကိုယ့်အိမ်မှာဆိုရင်တော့ အဲကွန်းကို ပိတ်ထားလိုက်လို့ရပေမယ့် ရုံးမှာကျတော့ ကိုယ်အဆင်မပြေဘူးဆိုတိုင်း ပိတ်လို့ရတာမှ မဟုတ်တာ။ ဒီတော့ အဲကွန်းခန်းထဲမှာ နေရင်းနဲ့ ကိုယ့်အသားအရေကို သိပ်မပျက်စီးအောင် ဒီနည်းလမ်းတွေကို သေချာလိုက်လုပ်ကြည့်ဖို့ အကြံပေးလိုက်ပါတယ်။


၁။ ရေဘူးဆောင်ထားပါ။ နာရီဝက်ခြားတစ်ခါ ရေသောက်ပါ။ လူက အေးနေတယ်လို့ခံစားရရင် ရေသောက်ဖို့ကို မေ့နေတတ်ပါတယ်။ အထူးသဖြင့် အေးလွန်းတဲ့အခါ ကိုယ်ခန္ဓာက ရေဓာတ်ဆုံးရှုံးမှုဖြစ်နေပြီး ကိုယ်မသိလိုက်ခင်မှာပဲ အရေပြားက ရေဓာတ်ခမ်းခြောက်နေပါပြီ။ ဒါကြောင့် ရေသောက်ဖို့ကို မမေ့နဲ့နော်။


၂။ နေ့လည်နေ့ခင်း ဗိုက်ဆာရင် သစ်သီးတွေ လှီးစိတ်ပြီး စားလိုက်ပါ။ အဆီများတဲ့ မုန့်တွေ၊ အကြော်အလှော်တွေကို ရှောင်ပါ။


၃။ ဘယ်သူမဆို အဲကွန်းခန်းထဲ အေးစိမ့်နေတဲ့အချိန် ကော်ဖီပူပူလေးတစ်ခွက်လောက် သောက်လိုက်ရမှ နေသာထိုင်သာ ရှိတတ်ကြတယ်မလား။ ဒါပေမယ့် ဒီကော်ဖီမှာပါတဲ့ ကဖင်းဓာတ်က အသားခြောက်စေတယ်ဆိုတာ မေ့လို့ မဖြစ်ဘူးနော်။ ဒါကြောင့် နေ့တိုင်းလိုလို ကော်ဖီသောက်တာထက် တစ်ရက်ခြား တစ်ခွက်လောက် သောက်ပေးတာ ပိုအဆင်ပြေမှာပါ။


၄။ မျက်နှာကို စပရေး အမြဲဖျန်းပေးပါ။ မျက်နှာအတွက် သီးသန့်ထုတ်ထားပြီး အမွှေးနံ့သိပ်မပြင်းတဲ့ အစိုဓာတ်ထိန်း စပရေးမျိုးဆိုရင်တော့ အကောင်းဆုံးပါပဲ။


၅။ အစိုဓာတ်ထိန်းခရင်မ်ကို အိမ်ကနေ မထွက်ခင်ကတည်းက တစ်ကိုယ်လုံး လိမ်းထားပါ။


၆။ ရုံးမှာလည်း နို့ ဒါမှမဟုတ် အဆီတစ်မျိုးမျိုးပါတဲ့ အစိုဓာတ်ထိန်းခရင်မ်ကို ဆောင်ထားပါ။ လက်ဖဝါး၊ လည်ပင်း၊ တံတောင်ဆစ်၊ ပေါင်တံ၊ ခြေသလုံးတွေကို ၂ နာရီ တစ်ခါလောက် လိမ်းပေးရပါမယ်။


၇။ အဲကွန်းခန်းထဲမှာ အချိန်ပြည့်နေတာထက် ခဏတစ်ဖြုတ် အပြင်ထွက်ပြီး အိမ်သာသွားတာ၊ လမ်းလျှောက်ထွက်တာ၊ အပြင်က လေကောင်းလေသန့်ရှူရှိုက်တာမျိုး လုပ်ပေးပါ။


၈။ အပြင်ကနေ အဲကွန်းခန်းထဲ မဝင်ခင် ခဏလောက်စောင့်ပေးပါ။ ချွေးတိတ်ပြီး ခန္ဓာကိုယ်တွင်း အပူချိန်ငြိမ်သွားပြီဆိုမှ ဝင်ပါ။ အဲကွန်းခန်းကနေ အပြင်ထွက်တော့မယ်ဆိုရင်လည်း တန်းမထွက်လိုက်ပါနဲ့။ ခဏလောက်တော့ ကိုယ်ထဲကို အအေးဓာတ်တွေ လျော့သွားအောင် စောင့်သင့်ပါတယ်။


၉။ အဲကွန်းကို အေးစိမ့်နေအောင် အအေးမမြှင့်ထားပါနဲ့။


၁၀။ အိမ်မှာ ရေချိုးပြီးသွားပြီဆိုရင် တစ်ကိုယ်လုံးကို Lotion ဒါမှမဟုတ် အစိုဓာတ်ထိန်းခရင်မ် ပြန်လိမ်းပေးပါ။ အထူးသဖြင့် အိပ်ခါနီးအချိန်မှာ မျက်နှာ၊ လက်၊ ခြေထောက်တွေကို သေချာလေး လိမ်းပြီးမှ အိပ်ပါ။


၁၁။ အားလပ်ရက်တွေမှာ အိမ်တွင်းပစ္စည်းတွေဖြစ်တဲ့ ကြက်ဥ၊ ပျားရည်၊ ထောပတ်သီး၊ သကြားညို၊ စတာတွေနဲ့ အသားအရေကို ပြန်ပြီး နူးညံ့ချောမွေ့အောင် ထိန်းသိမ်းပေးပါ။


ခုပြောပြခဲ့တဲ့ နည်းလမ်းတွေကို သေချာလိုက်နာမယ်ဆိုရင် အဲကွန်းထဲမှာ အမြဲရှိနေလည်း အသားအရေပျက်စီးမှာကို ပူစရာမလိုတော့ဘူးပေါ့။


Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


ရေးသားသူ - Ye Myo Myat
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ - Dr. Thurein Hlaing Win


“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် www.hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။”