မောင်ခင်မင် (ဓနုဖြူ)
“ ဦးလေး နေကောင်းတယ်နော်”
“တူတော်မောင်ပါလားဟေ့။ ရန်ကုန်ကို မျက်စိလည်ပြီး ရောက်လာတာလား။ မလာတာ ကြာပြီ”
“ဦးလေးနဲ့လဲ တွေ့ရင်း၊ အလုပ်ကိစ္စကလေးတွေလဲလုပ်ရင်း ဆိုပါတော့ ဦးလေးရယ်”
“ကဲ.. ဆိုပါအုံး၊ ဦးလေးနဲ့တွေ့ဖို့ကိစ္စက ဘာလဲ”
“မော်ကွန်းတင် ဆိုင်းဘုတ်ကြီး ကိစ္စပါ ဦးလေး”
“ဟေ၊ ဘယ်လိုမော်ကွန်းတင် ဆိုင်းဘုတ်ကြီးလဲ၊ မင်းပြောတာအရင်းမရှိ အဖျားမရှိနဲ့၊ ရှင်း အောင်ပြောစမ်းပါကွာ”
“ဟုတ်ကဲ့၊ ကျွန်တော်နည်းနည်းလောသွားလို့ပါ။ ဒီလိုပါ ဦးလေး ကျွန်တော်တို့ မြို့ထိပ်က ရှေးဟောင်းဘုန်းကြီး ကျောင်းကြီးကို ဦးလေး သိတယ်မဟုတ်လား”
“အေး၊ သိပါတယ်။ ဟို လေး ငါးနှစ်ကတို့ ရောက်သေးတယ်လေ”
"ဟုတ်ကဲ့၊ အဲဒီကျောင်းကြီးက လာမဲ့နှစ်မှာ နှစ်တစ်ရာပြည့်မယ်လေ။ အဲဒါ ရာပြည့်အမီ မော်ကွန်းတင် ဆိုင်းဘုတ်ကြီးတစ်ခု ခမ်းခမ်းနားနားစိုက်ထူဖို့ မြို့မိ မြို့ဖတွေက ဆုံးဖြတ်တယ်။ ရေးမဲ့စာသားကို ကျွန်တော့်ရေးခိုင်းတာပေါ့”
“ဒီတော့”
“ဒီတော့ ကျွန်တော်က “နှစ်တစ်ရာပြည့် သာသနိကအဆောက်အအုံ” ဆိုတဲ့ စာသားထည့်ရေးပြီး ဆိုင်းဘုတ်ကြီးကို ခမ်းခမ်းနားနားစီစဉ်လိုက်တာ၊ အဲ.. ပြီးတော့မှ ပြဿနာတက်တော့တာပဲ ဦးလေး ရယ်”
“ဘယ်လိုပြဿနာတက်တာလဲကွ”
“ကျွန်တော်က ‘အဆောက်အအုံ’လို့ ရေးထားတာကို မြို့မိမြို့ဖလူကြီးတချို့က မှားတယ်ဆိုပြီး အပြင်းအထန် ကန့်ကွက်နေကြတယ် ဦးလေးရယ်။ ‘အဆောက်အဦး’ လို့ ရေးရမယ်...တဲ့။ ‘အဆောက်အအုံ’ဆိုတာ တဲအုံတို့၊ ဘာတို့ အသေးအဖွဲကို ဆိုလိုတာမို့ ဒီနေရာမှာ အဆောက်အအုံလို့ ရေးတာ မှားတယ်လို့ပြောပြီး ဆိုင်းဘုတ်ကို ပြန်ပြင်ခိုင်းနေတယ်”
“မင်းက အကျိုးအကြောင်း ရှင်းမပြဘူးလား”
“ကျွန်တော်လဲ နားလည်သလောက်တော့ ရှင်းပြပါတယ်။ ဒါပေမဲ့သိပ်မရေလည်လို့ ဦးလေး ဆီရောက်လာတာပါပဲ ဦးလေးရယ်”
"အများအသိမှား၊ အသုံးမှားဖြစ်နေတဲ့ စကား လုံးတွေထဲမှာ ဒီစကားလုံးလဲ ပါတာပေါ့ကွယ်။ တို့လဲ အခွင့်ကြုံတဲ့အခါမှာ ဒီအကြောင်းရေးဖူးပါတယ်။ ဒီတော့ ဆင်တူယိုးမှားဖြစ်နေတဲ့ စကားလုံး ၃ လုံး အကြောင်းပြောဖို့လိုတယ်”
“ဘယ်စကားလုံးတွေလဲ ဦးလေး”
“အဆောက်အအုံရယ်၊ အဆောက်အဦရယ်၊ အဆောက်အဦးရယ် အဲဒီ ၃ လုံးပေါ့”
“ဟုတ်ကဲ့ပါ”
“အဆောက်အအုံအကြောင်းက စရအောင်။ ကဲ...ဟောဒီမှာ မြန်မာအဘိဓာန်စာအုပ်၊ ဒုတိယ အကြိမ် ပြင်ဆင်ဖြည့်စွက်ပြီး ၂၀၀၈ခုနှစ်က ပုံနှိပ်တဲ့မူ။ စာမျက်နှာ ၄၀၃ မှာ အဆောက်အအုံကို ဖွင့်ထားတယ်။ ဖတ်ပြစမ်းပါ”
“အနက် ၂ ခုဖွင့်ထားပါတယ် ဦးလေး။ တစ်ခု က ‘စုစည်းတည်ရှိသောဒြပ် စုဖွဲ့တည်ရှိသောအရာ’”
“ဟုတ်ပြီ။ ပါရမီအဆောက်အအုံ၊ ရောဂါ အဆောက်အအုံ ဆိုပြီး သာဓကပြထားတယ် မဟုတ်လား။ ‘မင်းရောဂါက အဆောက်အအုံဖြစ်နေပြီ ပေါ့မနေနဲ့’ ဆိုတာမျိုး သုံးတယ်လေ”
“ဟုတ်ကဲ့ပါ။ နောက်အနက်တစ်ခုက ‘သစ်၊ ဝါး၊ အုတ် စသည်တို့ဖြင့် တည်ဆောက်ထားသော အိမ်စသည်’ တဲ့”
“တို့အခုပြောနေတဲ့ အဆောက်အအုံက အဲဒီအနက်ပေါ့။ ‘အိမ်စသည်’ လို့ ပြထားတာက လူနေ တဲ့အိမ်ဆိုရင်လဲ တဲအိမ်ကလေးကစပြီး မိုးထိမတတ် အထပ်မြင့်တွေအထိ အကျုံးဝင်တာပေါ့။ အိမ်လိုပဲ ကျောင်း၊ ဇရပ်၊ တန်ဆောင်း စတာတွေ အားလုံး ‘အဆောက်အအုံ’တွေပါပဲကွယ်”
“ဟုတ်ကဲ့ပါ ဦးလေး”
“ဪ... သတိရလို့ အရင်းအမြစ်ကစပြီး သိအောင် ‘အုံ’ ဆိုတဲ့ စကားလုံးကို ဘယ်လိုဖွင့်သလဲ။ စာမျက်မှာ ၄၄၆ ကို ကြည့်လိုက်ပါအုံး”
“ဟုတ်ကဲ့၊ ‘အုံ'က ဝိုင်းဝန်းစုပြုံသည်၊ စုဝေးသည်၊ အနာတွင်ဆေးစသည် စုပုံတင်သည်လို့ ကြိယာအနက် ပေးထားပါတယ်။ နာမ်အနက် ကတော့ စုဝေးခိုအောင်းနေထိုင်စရာရယ်၊ တစ်စုံတစ်ရာ၏ ဖောင်းကြွမို့မောက်နေသော အစိတ်အပိုင်း၊ ‘ရင်အုံ၊ နားအုံ’လို့ ပေးထားပါတယ်”
“ဟုတ်ပါပြီ။ ‘အုံ’ ရဲ့ အရင်းခံအဓိပ္ပာယ်က စုဝေးတဲ့အဓိပ္ပာယ်လေ။ လူတွေအုံနေတာပဲ၊ ယင်တွေ အုံနေတယ်ဆိုတာမျိုးသုံးတာ။ အဲဒီလို စုဝေး နေတဲ့နေရာကိုလဲ အုံ လို့ပဲ ခေါ်တာပေါ့။ ‘ပျားအုံ၊ ပဒူအုံ၊ တဲအုံ’ ဆိုတဲ့ အသုံးတွေရှိတယ်။ မို့မောက်နေတဲ့ အဓိပ္ပာယ်လဲရှိတာပေါ့။ အဲဒီလို စုဝေးနေထိုင်ဖို့ ‘ဆောက်’ထားတဲ့ ‘အုံ’ မို့လို့ ‘အဆောက်အအုံ’ လို့ခေါ်တယ်ဆိုတာ ဆက်စပ်ပြီး နားလည်နိုင်ပါ တယ်ကွယ်”
“နားလည်ပါပြီ ဦးလေး”
“ကဲ ‘အဆောက်အဦ’ ကို ကြည့်ရအောင်။ အဘိဓာန်စာမျက်နှာ ၄၀၃ မှာပဲရှိတယ်” ။
“ဟုတ်ကဲ့၊ အဆောက်အဦကို ‘အသုံးအဆောင် ပစ္စည်း’ လို့ ဖွင့်ပါတယ် ဦးလေး၊ ‘ကိရိယာတန်ဆာ ပလာ’ လို့လဲဖွင့်ပါတယ်”
“အဆောက်အဦက ရှေးသုံးစကားပါ။ ခုခေတ်မှာ အသုံးမတွင်တော့ပါဘူး။ ကဗျာလင်္ကာတွေမှာ ‘အဆောက်အဦ ‘လို့လဲ သုံးတယ်။ ပစ္စည်းအသုံး အဆောင်တွေအားလုံး လှူလိုက်တာကို ‘ပစ္စည်းဆောက်ဦ ဟူဟူသမျှ၊ ပေးကိုင်သည်’ လို့ ဖွဲ့ထားတာရှိတယ်။ အသုံးအဆောင်ပစ္စည်းဥစ္စာကို ‘အဆောက်အဦ ‘ လို့ ဆိုလိုတာပေါ့ကွယ်”
“နားလည်ပါပြီ ဦးလေး”
“ဪ - မြန်မာအဘိဓာန်မှာ ‘အဆောက်အဦ’ ကို ဖွင့်ရာမှာ ‘အဆောက်အအုံလည်းရှု’ လို့ ညွှန်း ထားတာပါတယ် မဟုတ်လား”
“ပါပါတယ် ဦးလေး”
“အဲဒါအ ‘ဆောက်အဦ’ နဲ့ ‘အဆောက်အအုံ’ ဟာ အနက်ချင်းမတူပေမဲ့ အနက်ချင်းဆက်စပ်မှု ရှိနေတယ်လို့ ဆိုလိုတာလေ။ သိအောင်ပြောပြတာပါ”
“ဟုတ်ကဲ့ပါ”
“ဒီတော့ “အဆောက်အအုံ'က ဆောက်လုပ်ထားတဲ့ ‘အုံ’ မှန်သမျှကို အဆောက်အအုံလို့ ခေါ်နိုင်တာမို့ အနက်အဓိပ္ပာယ် ကျယ်ကျယ်ပြန့်ပြန့် ရှိတယ်။ ဒီနေ့အထိ တွင်တွင်ကျယ်ကျယ် သုံးနေတယ်။ ‘တဲအုံ’ လိုအဆောက်အအုံ သေးသေးကလေး ကအစ သာသနာ့ဗိမာန်တော်ကြီးလို၊ မိုးထိ တိုက်ကြီးလို အဆောက်အအုံ အကြီးကြီးတွေအထိ ‘အဆောက်အအုံ’ တွေချည်းပဲပေါ့ကွယ်”
“ကဲ...ငါ့တူ။ မင်းတို့ မြို့မိမြို့ဖလူကြီးတွေ ကွဲကွဲပြားပြားသိရအောင် ဟောဒီမြန်မာစာလုံး ပေါင်းသတ်ပုံကျမ်းမှာ ယှဉ်ပြီးပြထားတာကိုပဲ ပြလိုက်ပါကွယ်။ ဒုတိယအကြိမ်တည်းဖြတ်ပြီး ၂၀၁၉ ခုနှစ်ကထုတ်တဲ့ မြန်မာစာလုံးပေါင်း သတ်ပုံကျမ်း စာမျက်နှာ ၂၈၀ မှာပါတယ်” ။
“ဟုတ်ကဲ့ပါ။ တွေ့ပါပြီ ဦးလေး။ အဆောက်အဦ (အသုံးအဆောင်ပစ္စည်းစသည်)၊ အဆောက်အအုံ(ရုံး ကျောင်း အိမ်စသည်) လို့ ခွဲပြီး ပြထားပါတယ် ဦးလေး”
“ကဲ - ဒီလောက်ဆို ရှင်းလောက်ပါပြီ။ နောက်ဆုံးစကားလုံးဖြစ်တဲ့ “အဆောက်အဦး ကတော့ မြန်မာအဘိဓာန်မှာလဲ မပါဘူး။ မြန်မာ စာလုံးပေါင်းသတ်ပုံကျမ်းမှာလဲ မပါဘူး”
“ဟင်၊ ဟုတ်လားဦးလေး။ ဘာဖြစ်လို့မပါတာ ပါလိမ့်”
“မရှိလို့ မပါတာပေါ့ကွယ်။ နဂိုကတည်းက ‘အဆောက်အဦး’ဆိုတဲ့စကားလုံးက မြန်မာစကား ထဲမှာ ရှိမှမရှိတာ။ ဒါကြောင့် မပါတာပဲလို့ နားလည်ရမှာပေါ့”
“ဒါဖြင့် ဘာဖြစ်လို့ ‘အဆောက်အဦး’လို့ ပြော နေကြတာလဲ ဦးလေး”
“’အဆောက်အဦ ဆိုတဲ့စကားက စာပေတွေ ထဲမှာပဲပါတဲ့ ရှေးစကားလေ။ အဲဒီစကားကို ‘အဆောက်အအုံ’ နဲ့မှားပြီး ပြောတာဖြစ်ဖို့များတယ်။ ဒါပေမဲ့ ‘အဆောက်အဦ’ လို့ ပြောရတာ ပြောလေ့မရှိလို့ ‘အဆောက်အဦး’ လို့ အသံပြောင်း ပြောရာက အသုံးတွင်သွားတာလို့ ယူဆရတာ ပေါ့ကွယ်”
“ဟုတ်ကဲ့ပါ။ ကျေးဇူးတင်ပါတယ် ဦးလေး။ ဒါဆိုရင် ‘အဆောက်အအုံ’ နဲ့ ‘အဆောက်အဦး’ အကြောင်း ကျွန်တော်ရေလည်အောင် ရှင်းပြနိုင် လိမ့်မယ်ထင်ပါတယ်”
“ကောင်းပါပြီကွာ”