အီကွေဒေါကပေးတဲ့သင်ခန်းစာနှင့် သတင်းမှားများကို ကာကွယ်ပါ

mdn

သတင်းဆောင်းပါး - ခင်ရတနာ

 

၂ဝ၂ဝပြည့်နှစ် ဧပြီလဆန်းပိုင်းက တောင်အမေရိကနိုင်ငံတစ်နိုင်ငံဖြစ်သည့်အီကွေဒေါတွင် ကိုဗစ်-၁၉ကြောင့် နိုင်ငံ၏ ကျန်းမာရေးစနစ်ပြိုလဲပြီး လမ်းပေါ်တွင်အလောင်းများကို သင်္ဂြိုဟ်မည့်သူမရှိ ပစ်ထားနေရသည် ဟူသည့် သတင်းများ၊ ဓာတ်ပုံများနှင့် ရုပ်သံများကြောင့် တစ်ကမ္ဘာလုံးက တုန်လှုပ်ခဲ့ရသည်။ လူမှုကွန်ရက်များ၊ ဒစ်ဂျစ်တယ်မီဒီယာများမှပျံ့နှံ့လာသည့် ထိုသတင်းသည် ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ ကိုဗစ်-၁၉ကို ခံစားနေရ သည့် ကမ္ဘာသူ၊ ကမ္ဘာသားများအတွက်တော့ အတော်ပင်ဝမ်းနည်းကြေကွဲဖွယ်ရာ ကောင်းလှသည်။

 

များပြားလှသည့် ကြည့်ရှုသူများ၊ ဆုတောင်းပေးသူများ၊ အစိုးရကို ဝေဖန်ပုတ်ခတ် ရှုတ်ချသူများ၏ မှတ်ချက်မျိုးစုံက သိန်းသောင်းချီခဲ့ကြသော်လည်း အီကွေဒေါအစိုးရ၏တတ်စွမ်းသလောက်ကြိုးပမ်းနေမှု၊ ပြန်လည်ဖြေရှင်းမှုများကိုမူ သတိပြုဖြန့်ဝေမိသူမှာ မူလသတင်းဖြန့်ဝေမှု၏ အပုံ ၁၀ဝ ပုံ တစ်ပုံပင်မပြည့်သည်ကို သတိပြုမိသည်။

 

သတင်းမှားဖြန့်ဝေနေမှုများ

 

ယင်းကိစ္စနှင့်ပတ်သက်၍ ယူနက်စကိုဆိုင်ရာ အီကွေဒေါ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးက ဧပြီ ၉ ရက်တွင် ယူနက်စကို အတွင်းရေးမှူးချုပ်ထံသို့ လိပ်မူကာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုအား ကာကွယ်တိုက်ဖျက်ရာ တွင် လူမှုကွန်ရက်နှင့် ဒစ်ဂျစ်တယ်မီဒီယာ တို့၌ သတင်းအမှားများဖြန့်ချိမှုအန္တရာယ် ကြီးမားကြောင်း ပေးပို့ခဲ့ပြီး ယူနက်စကိုကလည်း အဖွဲ့ဝင်နိုင်ငံ များအားလုံးသို့ သတိပြုမိရန် ပြန်လည်မျှဝေထားခဲ့ သည်။ သို့သော် အမှားကို အမှန်ပြင်သည့် သတင်း သည်ကား အမှောင်ထုကြီးထဲမှ ပိုးစုန်းကြူးငယ်၏ အလင်းရောင်သဖွယ် အမိုက်တိုက်ကို တိုးမပေါက်နိုင်ခဲ့။ ယနေ့ထက်တိုင်ပင် သတင်းမှားဖြန့်ဝေနေမှုများ ရပ်ဆိုင်းမသွားသေးသည်ကိုလည်း မြင်တွေ့ရသည်။

 

အီကွေဒေါနိုင်ငံသို့ ဆောင်းရာသီပြီးဆုံးခါနီးတွင် ကိုဗစ်-၁၉ ရောဂါပိုးသည် စပိန်နှင့် အီတလီနိုင်ငံပြန်များ မှတစ်ဆင့် ကူးစက်လာခဲ့ပြီး Guayaquil မြို့သည် ရောဂါအတော်လေး ကူးစက်ပျံ့နှံ့ခြင်းခံစားရသည့်မြို့ ဖြစ်သည်။ ဒေသခံများသည် သီးခြားစောင့်ကြည့်သည့် Quarantine လိုက်နာမှုအားနည်းသည့်အပြင် ရောဂါ ကူးစက်ပုံ ဇာစ်မြစ်ကိုလည်း ကောင်းစွာမဖော်ထုတ်နိုင်ခဲ့သဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ ပြည်သူများ ကူးစက် ခံရပြီး သေဆုံးသူများကိုလည်း လာရောက်သယ်ယူရန်  ကြန့်ကြာမှုများ ဖြစ်ခဲ့ရသည်။

 

သတင်းမှားအန္တရာယ် အထူးအလေးထား

 

အီကွေဒေါနိုင်ငံအနေဖြင့် ၎င်းတို့နိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်နိုင်စွမ်းထက် ကျော်လွန်၍ ဖြစ်ပွားလျက် ရှိသည့် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုကို အခြားနိုင်ငံများနည်းတူ အပြင်းအထန်ခံစားနေရပြီး အစိုးရက တတ်နိုင်သမျှ နည်းလမ်းများဖြင့် ရင်ဆိုင်ဖြေရှင်းလျက် ရှိပါကြောင်းနှင့် ယခုကဲ့သို့ ကူးစက်ရောဂါနှင့် ရင်ဆိုင် နေရချိန်တွင် လူမှုကွန်ရက်များနှင့် အင်တာနက်စာမျက်နှာ များပေါ်၌ ရည်ရွယ်ချက်ရှိရှိ သတင်းမှားများတင်သည့် အန္တရာယ်ကို အထူးအလေးထားကြရန် သတိပေးလိုကြောင်း ယူနက်စကိုဆိုင်ရာ အီကွေဒေါအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံးက ထုတ်ပြန်ကြေညာထားသည်။

 

အင်တာနက်စာမျက်နှာများပေါ်တွင် စတင်ပျံ့နှံ့ပုံမှာ လူကြည့်များသည့် အင်တာနက်ကျော်ကြားသူတစ်ဦးက သူ့စာမျက်နှာတွင် အီကွေဒေါ ဘာမှမဖြစ်ဘူး၊ အားလုံး သွားလာလို့ရတယ်ဆိုသည့်သဘော လွှင့်တင်ခဲ့ရာတွင် ဝေဖန်မှုများစွာ၊ ထပ်ဆင့်ဖြန့်ချိမှုများစွာဖြစ်ခဲ့ပြီး ရောဂါ ကူးစက်ခံရပြီး သေဆုံးသူများ၏ ရုပ်အလောင်းများကို လည်း အချိန်မီလာရောက်သယ်ယူမှု ပျက်ကွက်ခဲ့ခြင်း အပေါ် မကျေနပ်သူများက အခေါင်းများ၊ အိမ်ထောင် ပရိဘောဂများကို မီးရှို့ခဲ့ကြသဖြင့်လည်း မူရင်းအဖြစ် အပျက်ထက် ကျော်လွန်သည့် ပိုမိုဆိုးရွားသော သတင်း အမှားများအဖြစ်ရောက်ရှိကာ တစ်ကမ္ဘာလုံးသို့ ချက်ချင်း ပျံ့နှံ့သွားရခြင်းဖြစ်သည်။

 

အခက်အခဲများကြုံတွေ့

 

ဧပြီ ၂၅ ရက် နောက်ဆုံးရလဒ်များအရမူ အီကွေဒေါ နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်-၁၉ ရောဂါကူးစက် ခံရသူ ၂၂၇၁၉ ဦးခန့်ရှိနေပြီး သေဆုံးသူ ၅၇၆ ဦးနှင့် ပြန်လည်ကောင်းမွန်သူ ၁၃၆၆ ဦးခန့်ရှိနေပြီ ဖြစ်သည်။ အီကွေဒေါတွင် ရောဂါကာကွယ်ပေးနိုင်မှု အားနည်းခဲ့ပြီး သဂြိုဟ်သည့်စနစ်မှာလည်း ဝန်ထမ်းများနှင့် ရေခဲတိုက် များ မလုံလောက်ခြင်း၊ အရေးပေါ် မီးသင်္ဂြိုဟ်သည့် စနစ်များ အားနည်းခြင်းစသည့် လိုအပ်ချက်များကြောင့် ယခုကဲ့သို့ အခက်အခဲများ ကြုံတွေ့ခဲ့ရခြင်းဖြစ်သဖြင့် သက်ဆိုင်ရအစိုးရက တတ်စွမ်းသမျှပြုပြင်ဖြည့်ဆည်း နေသည်ကိုလည်း ခိုင်မာသည့်သတင်းရင်းမြစ်များတွင် မြင်တွေ့ရသည်။

 

အီကွေဒေါသည် ရောဂါကူးစက်မှုကို တိုက်ဖျက်နေ စဉ်ကာလအတွင်း ကျန်းမာရေးကဏ္ဍ၌ အကျပ်အတည်း များ ပိုမိုဖြစ်ပေါ်စေရန်၊ ပြတ်လပ်မှုများနှင့် ထိတ်လန့်မှု များ ဖြစ်ပေါ်စေရန်နှင့် နိုင်ငံရေးတည်ငြိမ်မှု ပျက်ပြား စေရန်၊ အုပ်ချုပ်မှုစနစ်ကို ထိပါးစေရန် ရည်ရွယ်ချက် ရှိရှိဖြင့် မှားယွင်းသော ဒစ်ဂျစ်တယ်သတင်းစကားများ ဖြန့်ချိသည့် နိုင်ငံတကာလှုပ်ရှားမှုများ၏ သားကောင် အဖြစ်သို့ ရောက်ရှိခဲ့ရခြင်းမှာ ဆင်ခြင်သတိပြုဖွယ်ပင် ဖြစ်ပါသည်။

 

တစ်ကမ္ဘာလုံး၌ ကူးစက်ရောဂါနှင့်ရင်ဆိုင်နေရချိန်တွင် လူမှုကွန်ရက်များနှင့် အင်တာနက်စာမျက်နှာ များပေါ်၌ ရည်ရွယ်ချက်ရှိရှိ သတင်းမှားများတင်သည့် အန္တရာယ်ကို အထူးအလေးထားကြရမည်မှာ အီကွေဒေါ နိုင်ငံက သာဓကတစ်ရပ်ပင် ဖြစ်ပါသည်။ အထင်အမြင် လွဲမှားစေသည့် သတင်းမှားများကို ဖြန့်ချိနေမှုသည် ကိုဗစ်-၁၉ ကူးစက်ရောဂါကို ရင်ဆိုင်နေရသည့် ဒီမိုကရေစီအဖွဲ့အစည်းများ၏ စွမ်းဆောင်နိုင်မှုအပေါ်ထားရှိ သည့် ပြည်သူလူထု၏ ယုံကြည်မှုကို လျော့ကျစေပြီး ရောဂါတိုက်ဖျက်ရေးနှင့် လူထု၏ကျန်းမာရေးအတွက် ဆက်သွယ်ဆောင်ရွက်မှုများအပေါ် ထိပါးစေသည်ကို သတိချပ်သင့်သည်ဟု ယူဆမိပါသည်။

 

အမှားနှင့်အမှန် တန်ဖိုး

 

ဓာတ်ပုံတစ်ပုံသည် သတင်းစာသားများစွာထက် ပိုမိုထိရောက်သည်ဟု အဆိုရှိသည်။ သို့သော် ဓာတ်ပုံ တစ်ပုံသည် အမှန်တရားကို မည်မျှကိုယ်စားပြုသည်။ မည်မျှထပ်တူကျနိုင်သည်ကိုကား မည်သူမျှ အတိအကျ မခန့်မှန်းနိုင်သည့်အခါမျိုးလည်း ရှိတတ်ခဲ့ဖူးသည်။ ၁၉၆၀ ပြည့်လွန်နှစ်များဆီက အရှေ့ တောင်အာရှနိုင်ငံ တစ်နိုင်ငံ၏ ပြည်တွင်းစစ်ပွဲကာလအတွင်း စစ်ဝတ်စုံ အပြည့် ဝတ်ဆင်ထားသည့် အရာရှိတစ်ဦးက အရပ်ဝတ် ဝတ်ဆင်ထားသူတစ်ဦးကို သေနတ်ဖြင့် ပစ်သတ် ကွပ်မျက်နေပုံတစ်ပုံ ကမ္ဘာကျော်ခဲ့ဖူးပြီး ယင်းဓာတ်ပုံကြောင့် စစ်ပွဲအပေါ် လူထု၏အမြင်ကို ပြောင်းလဲသွားစေခဲ့သည်။ သို့ရာတွင် ယင်းဓာတ်ပုံ၏ နောက်ကွယ်မှ အကြောင်းအရာများ ပေါ်ပေါက်လာသည့်အခါ ဝိဝါဒကွဲပြားမှုများ ပေါ်ပေါက်ခဲ့ဖူးသည်။ အမှန်စင်စစ် စစ်ပွဲ ကာလအတွင်း အကျဉ်းနည်းဖြင့် ကွပ်မျက်ခံလိုက်ရသည့် အရပ်ဝတ်ဝတ်ထားသူသည် အပြစ်မဲ့သည့် မိသားစု ဝင်များကို အစုလိုက်အပြုံလိုက်သတ်ခဲ့သည့် စစ်ရာဇဝတ်ကောင် တစ်ဦးဖြစ်ပြီး သတင်းဓာတ်ပုံ ဆရာသည် သူကိုယ်တိုင် ခက်ခဲပင်ပန်းစွာ ရိုက်ကူးခဲ့သည့် ယင်းဓာတ်ပုံ၏ အမှားနှင့်အမှန်တန်ဖိုးများကို ပြန်လည်ချင့်ချိန်ရင်း များစွာ တွေဝေမှုဖြစ်ခဲ့ရသည်ဟုလည်း ဖတ်ရှုခဲ့ရဖူးသည်။

 

ယူနက်စကိုသည် မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှုနှင့် အဖြစ်မှန်များ စိစစ်နိုင်ရန် နည်းလမ်းအချို့ ကိုလည်း တစ်ကမ္ဘာလုံးကို ဖြန့်ဝေထားသည်ကို မြင်တွေ့ရသည်။ ယနေ့ခေတ်တွင် သတင်း တစ်ခုကို မြင်တွေ့ရပါက အဖြစ်မှန် စိစစ်နိုင်ရန်နှင့် အတည်ပြုနိုင်ရန် မြန်ဆန်သည့်နည်းလမ်းများစွာရှိနေပြီး ကိုဗစ်-၁၉ နှင့် ပတ်သက်၍လည်း ဆက်စပ်သည့် သတင်းအချက်အလက်တစ်ခုရရှိသည့်အခါ မိမိကိုယ်မိမိ ပြန်လည်မေးခွန်းထုတ်သင့်ပြီး ယင်းမေးခွန်းများသည် အဖြစ်မှန်နှင့် လုပ်ကြံသတင်းများကို ဝေဖန်ပိုင်းခြားရန် အထောက်အကူပြုနိုင်ပါသည်။

 

ယင်းအချက်များကိုတော့ ဘခြောက်လုံးဟူ၍ သတင်းသမားများအားလုံးသိရှိကြမည်ဖြစ်ပြီး မှန်ကန်ပြီး ကျင့်ဝတ်စောင့်ထိန်းသည့် သတင်းသမားတိုင်းသည် ယင်းအချက်အလက်များကို မှန်ကန်ပြည့်စုံအောင်၊ တိကျ ခိုင်မာအောင် တင်ဆက်ကြသည်ချည်း ဖြစ်ပါသည်။

 

ဘယ်သူကလဲ (Who)

 

ဘယ်သူက ဒီသတင်းကို လွှင့်တင်တာလဲ။ ပညာရပ် ဆိုင်ရာ ကျွမ်းကျင်သူမျိုးလား၊ သတင်းလွှင့်တင်သူသည် အမှီအခိုကင်း၍ ဓမ္မဓိဋ္ဌာန်ကျကျတွေးခေါ်သူ ဟုတ်နိုင် ရဲ့လား သို့မဟုတ် မိမိတစ်ဦးတည်းခံစားချက်ကို ဦးစား ပေးသူလား။ သတင်းသည် သတင်းရင်းမြစ်များစွာ ကိုးကား ထားသလား။ ကိုးကားသည့် သတင်းရင်းမြစ်များ သည်အခြားသောသတင်းများတွင်ဖော်ပြထားရှိသလား။ သတင်းကို မည်သူရေးသလဲနှင့် ရေးသားသူသည် မည်သို့ သောလူမျိုးဖြစ်သလဲ။ သတင်းတွင်ပါဝင်သည့် အချက် အလက်များသည် နာမည်ကောင်းရထားသည့် အဖွဲ့ အစည်းတစ်ခုခုနှင့် ဆက်စပ်ပါသလားဆိုသည်ကို သတိပြု ရန် လိုအပ်ပါသည်။

 

ဘယ်အကြောင်းအရာပါသလဲ (What)

 

အစီအစဉ်သည် ဘယ်လိုအစီအစဉ်မျိုးလဲနှင့် မည်သည့်နောက်ခံအကြောင်းအရာ ရှိသလဲ။ မည်သို့သော သတင်းအမျိုးအစားလဲနှင့် သတင်းတုများကို လူစိတ်ဝင် စားစေရန်နှင့် ဝင်ရောက်ဖတ်ရှုစေရန် ရေးထားသည့်ပုံစံ လားဆိုသည်ကိုလည်း စိစစ်နိုင်ပါသည်။

 

ဘယ်နေရာမှာပါသလဲ(Where)

 

သတင်းတစ်ခုကြားရပါက ဘယ်ကနေသိရသလဲ။  ယုံကြည်စိတ်ချရသည့် သတင်းရင်းမြစ်မှသိရှိရပါသလားနှင့် သတင်းတင်ထားသည့် ဝက်ဘ်ဆိုက်သည် သရော်စာနှင့် အလေ့အငေါ့စာများကို အသားပေးသည့် ဝက်ဘ်ဆိုက် မျိုးဖြစ်နေသလား။ ဓမ္မဓိဋ္ဌာန်မကျသည့်၊ မိမိတစ်ဦးတည်း ခံစားချက်ကို သိသိသာသာ ဦးစားပေးထားသော သတင်း များသာတွေ့ရသည့် ဝက်ဘ်ဆိုက်မျိုး ဖြစ်နေသလား။ အခြားမည်သည့်နေရာတွင် အဆိုပါသတင်းကို တွေ့ရသေး သလဲဆိုသည့်အချက်များနှင့်လည်း ချိန်ကိုက်နိုင်ပါသည်။

 

ဘယ်အချိန်ကလဲ(When)

 

မည်သည့်အချိန်က သတင်းလွှင့်တင်ခဲ့သည်။ ကြေညာခဲ့သည်ဟူသည့်အချက်ကို သတိပြုခြင်းဖြင့်လည်း သတင်းမှန်မမှန် ချိန်ကိုက်နိုင်ပါသည်။

 

ဘာကြောင့်လဲ(Why)

 

မည်သည့်ရည်ရွယ်ချက်ဖြင့် သတင်းကို လွှင့်တင်ခဲ့သလဲ။ ဘာကြောင့်ယခုအချိန်တွင် သတင်းကိုတိုက်ဆိုင်စွာ မြင်တွေ့ရသလဲ။ အဆိုပါအချက်သည် တစ်စုံတစ်ရာကိုဆောင်ရွက်မိစေရန် ရည်ရွယ်ချက်ရှိရှိ စေ့ဆော်တိုက်တွန်း ပေးနေသည့်သဘောမျိုးဖြစ်မလားဆိုသည်ကိုလည်း သတိ ပြုမိရန် လိုအပ်ပါသည်။

 

ဘယ်လိုလဲ(How)

 

မည်သည့်ပုံစံမျိုးဖြင့် သတင်းရေးသားထားသလဲနှင့် လိုအပ်သည်ထက် ပိုမိုနေသည့် ပုဒ်ဖြတ်ပုဒ်ရပ်များ၊ စာလုံးကြီးကြီးဖြင့် ရေးသားထားခြင်းများ တွေ့ရသလား။ လူစိတ်ဝင်စားစေရန်နှင့် တမင်သတင်းကို ကြီးအောင် ဖန်တီးထားသည့်ခေါင်းစီးများ တွေ့ရသလား။ သတင်းကို မီဒီယာများ သို့မဟုတ် အခြားအဖွဲ့အစည်းတစ်ခုခု သို့မဟုတ် တစ်ဦးဦးကသင့်ကိုမသိစေချင်သည့် အကြောင်း အရာများဖြစ်သည်ဟု ဖော်ပြချက်များကို တွေ့ရသလား စသည်ဖြင့် မိမိကိုယ်ကိုယ် ပြန်လည်မေးခွန်းထုတ်ခြင်း အားဖြင့် သတင်းမှားများကို ကိုယ်ပိုင်အသိဖြင့် ဝေဖန် ပိုင်းခြားစေလိုကြောင်း ယူနက်စကိုက အသိပေးချက် ထုတ်ပြန်ထားပါသည်။

 

မိမိတို့နိုင်ငံသည်လည်း ကိုဗစ်-၁၉ ရောဂါကို အခြား ကမ္ဘာသူကမ္ဘာသားများနည်းတူ ခံစားနေရချိန်ဖြစ်ရာ ပြည်သူများအတွက် မှန်ကန်သောသတင်းအချက်အလက် များရရှိနိုင်မှုသည် အရေးကြီးချိန်ဖြစ်ပါသည်။ သတင်း အမှားများကို ကာကွယ်တားဆီးရန် နိုင်ငံတော်အစိုးရ ကလည်း နေ့စဉ်သတင်း ထုတ်ပြန်ချက်များ၊ တိုက်ရိုက် ထုတ်လွှင့်ချက်များ၊ အသိပေးချက်များဖြင့် သတင်းမှန် သိရှိစေရေး ကြိုးပမ်းနေသည်ဖြစ်ရာ ခံစားချက်မျိုးစုံ၊ ရည်ရွယ်ချက်မျိုးစုံဖြင့် ပေါ်ပေါက်လျက်ရှိသည့် မှားယွင်းသော ဒစ်ဂျစ်တယ်သတင်းစကားများအား မိမိတို့အသိ။ သတိတရားဖြင့် တွန်းလှန်တိုက်ဖျက်နိုင်ပါရန် ဆန္ဒပြု လိုက်ရပါသည်။