အိမ်မှာနေရင်း…..စာဖတ်ပါ

ကိုယ်ခန္ဓာအတွက် အာဟာရမှာ အစာရေစာဖြစ်ပြီး စိတ်အတွက် အစာအာဟာရမှာ စာပေဖြစ်သည်။ ကိုယ်ခန္ဓာ အတွက် အစာရေစာဖြည့်တင်းပေးရသကဲ့သို့ စိတ်အတွက် ကိုလည်း အစာကျွေးမွေးရန် သုတစာပေ၊ ရသစာပေများ ဖတ်ရှုလေ့လာရန် လိုအပ်သည်။ ကိုယ်ခန္ဓာကျန်းမာ ရွှင်လန်းရှင်သန်စေသော လူ့စွမ်းအားအရင်းအမြစ်ကို အစိုးရ၊ ဆရာဝန်များ၊ ဆေးဆရာများ၊ သူနာပြုများက လမ်းညွှန် ပြုစုဖော်ထုတ်နေကြသည်။ စိတ်ဓာတ်ရှင်သန် ယဉ်ကျေးသုခရစေရန်အတွက် အစိုးရ၊ ဆရာ၊ မိဘ သာမက စာအုပ်စာပေတို့က လူ့စွမ်းအားအရင်းအမြစ် ဖော်ထုတ်လမ်းညွှန်ပေးနေကြသည်။

 

ကြိုတင်ကာကွယ်နိုင်မည့် နည်းလမ်း

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟူပေပြည်နယ် ဝူဟန်မြို့မှာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလကပင် ကိုရိုနာဗိုင်းရပ်စ် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ (ကိုဗစ်-၁၉) ဖြစ်ပွားခဲ့ပါသည်။ နှစ်လ၊ သုံးလအတွင်း တစ်ကမ္ဘာလုံးကို ပြန့်ပွားသွားခဲ့ပါသည်။ ယခုအခါ ကမ္ဘာ့နိုင်ငံ ၁၉၅ နိုင်ငံမှာ ကိုဗစ်- ၁၉ ရောဂါကူးစက်မှု သန်းနှင့် ချီရှိနေပြီး သိန်းနှင့်ချီသေဆုံးနေကြရပါသည်။ ကိုရိုနာ ဗိုင်းရပ်စ်သည် လူအချင်းချင်းကနေကူးစက်ပြီး ကူးစက် ပြန့်ပွားမှုနှုန်းထားသည် အလွန်မြန်ဆန်လှပါသည်။ ကုသပျောက်ကင်းနိုင်သည့် ဆေးဝါးကလည်း မပေါ်ပေါက် သေး၍ ကမ္ဘာ့နိုင်ငံအသီးသီးသည် ယင်းရောဂါဆက်လက် မပြန့်ပွားစေရန် ကြိုတင်ကာကွယ်နိုင်မည့် နည်းလမ်းတွေသာ အသုံးပြုနေရပါသည်။ လူစုလူဝေးမဖြစ်ဖို့ လိုပါသည်။ တချို့နိုင်ငံများတွင် ညမထွက်ရ အမိန့် ထုတ်ထားရသည်။ မြို့ရွာလမ်း အသွားအလာ ကန့်သတ် ပိတ်ပင်ထားရသည်။ သုံးဦး၊ ငါးဦးထက်မပိုစေရ၊ သုံးပေ အကွာ၊ ခြောက်ပေအကွာမှာ နေထိုင်ကြရန်၊ လက်ဆေးရန်၊ နှာခေါင်းစည်းတပ်ဆင်ကြရန်၊ တစ်ကိုယ်ရေသန့်ရှင်း ရေးပြုလုပ်ကြရန်စသည်ဖြင့် ကျန်းမာရေးအသိပညာပေးမှု များကိုပြုလုပ်နေကြပါသည်။ ၁ရက်ကန့်သတ်စောင့်ကြည့် မှုများ လုပ်နေကြပါသည်။ မြန်မာနိုင်ငံတွင် ကိုဗစ် - ၁၉ ကူးစက်ရောဂါဖြစ်ပွားသူ နှစ်ရာနီးပါးနှင့် သေဆုံးသူ ခြောက်ဦး ရှိသည်။

 

အခြေခံပညာကျောင်းများ၊ တက္ကသိုလ်များ၊ သင်တန်းကျောင်းများနှင့် လူစုလူဝေးဖြစ်စေမည့် အခမ်း အနားများပိတ်ပင်ထားရသကဲ့သို့ စက်ရုံအလုပ်ရုံများ ရပ်နား ခဲ့ရသည်။ ညွှန်ကြားချက်မလိုက်နာပါက အရေးယူ ဆောင်ရွက်ချက်များရှိလာသည်။ ကမ္ဘာ့ကပ်ရောဂါသည် အနည်းဆုံးခြောက်လမှ တစ်နှစ်အထိကြာမြင့်တတ် ပါသည်။ ကပ်ဘေးကြောင့် ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာ ရေး၊ လူ့စွမ်းအားအရင်းအမြစ်များလည်း ယုတ်လျော့လာကြ ရပါသည်။ သို့သော် လူ့ဘဝဆိုသည်မှာ စိတ်ရော၊ ခန္ဓာပါ ဆက်၍ရှင်သန်နေကြရန် အရေးကြီးပါသည်။

 

ကမ္ဘာအနှံ့ ကြုံတွေ့နေကြရ 

 

ကျောင်းသား ကျောင်းသူများသည် ကမ္ဘာ့ကပ်ဘေးကြောင့် စာသင်ခန်းနှင့်ဝေးနေကြရသည်။ သို့သော် အားမလျှော့ကြပါနှင့်။ ကျွန်တော်တို့လည်း အရေးအခင်း ကာလများမှာ စာသင်ကျောင်းနှင့်ဝေးကာ အိမ်မှာနေခဲ့ကြ ရဖူးသည်။ ကျွန်တော်တို့ငယ်စဉ်က လမ်းပန်းဆက်သွယ်မှု အလွန်ခက်ခဲသော၊ လျှပ်စစ်မီးနှင့်ကားပင် မမြင်ဖူးသော ကျေးရွာတွင် မွေးဖွားကြီးပြင်းခဲ့ရသည်။ မူလတန်းအရွယ် မှစ၍ မိဘ၊ ဆရာတို့၏ လမ်းညွှန်ကူညီမှုနှင့်အတူ အိမ်တွင်နေရင်း လက်လှမ်းမီသော သုတစာပေ၊ ရသစာပေများ ဖတ်ရှုရင်းဖြင့် မြို့ကြီးပြကြီးနေထိုင်နိုင်သည့်ဘဝသို့ ရောက်ရှိခဲ့ရပါသည်။ ယခုခေတ်လူငယ်တို့သည် လက်ကိုင်ဖုန်းကိုင်၍ မွေးဖွားလာသူများဖြစ်ရာနည်းပညာပိုင်း ကျွမ်းကျင်ကြပါသည်။ တချို့ ဆရာ၊ မိဘများသည် အင်တာနက်အသုံးပြု၍ အွန်လိုင်းမှ တစ်ဆင့် ပညာသင်ကြားရန်အားထုတ်မှုများ ရှိလာပါသည်။ စမတ်ဖုန်း၊ စမတ်ကွန်ပျူတာ၊ စမတ်လောက ကို ဖန်တီးချင်ကြပေသည်။ ကမ္ဘာကို ရင်ပေါင်တန်းနိုင်ခြင်း သည်ကောင်းပါ၏။ သို့သော်ကလေး၊ လူငယ်များစွာအတွက် မူတန်ဆေး၊ လွန်ဘေးဆိုသကဲ့သို့ ဂိမ်းကစားခြင်းကြောင့် မူးယစ်ဆေးဝါးစွဲသကဲ့သို့ဘဝပျက်၊ လူ့စွမ်းအားအရင်းအမြစ်ပျောက်ကြသည့် ဘေးထွက်အဖြစ်များက ကမ္ဘာအနှံ့ ကြုံတွေ့နေကြရသည်ကို သတိပြုရန်လိုသည်။

 

အလွန်ပင်အကျိုးများ 

 

ယခုကဲ့သို့ ကမ္ဘာ့ကပ်ဘေးဖြစ်ပေါ်နေချိန်တွင် စားဝတ်နေရေးပြည့်စုံကုံလုံကြွယ်ဝနေကြသည့် လူနည်းစု မိသားစုအတွင်း စမတ်လောကသည် သင့်တော်သည် မှန်သော်လည်း တစ်နေ့လုပ်တစ်နေ့စား ဝမ်းစာရေး အတွက် လုံးချာလည်လိုက်နေရသည့် အများပြည်သူ အခြေခံဆင်းရဲသားမိသားစုများအတွက် စမတ်လောကသည် စိတ်ကူးယဉ်သက်သက် အလှမ်းကွာဝေးနေပါ သေးသည်။ စားဖို့သောက်ဖို့တောင်မရှိသော မိသားစု အတွက် ဖြစ်သင့်ဖြစ်ထိုက်သည်ကို စဉ်းစားဖို့လိုသည်။ ဘယ်မှာလဲ စမတ်၊ ဘယ်မှာလဲ အင်တာနက်၊ အွန်လိုင်း၊ ကုန်ကျငွေ၊ ဘေလ်ဖိုးများ မတတ်နိုင်ကြပါ။ မိမိ ပတ်ဝန်းကျင်တွင် သတင်းစာ၊ စာစောင်များ နေ့စဉ်ထွက်ရှိ နေပါသည်။ သုတ၊ ရသစာအုပ်များလည်းရှိပါသည်။ လက်လှမ်းမီသမျှ သုတ၊ ရသစာအုပ်စာပေ၊ စာစောင်များ အိမ်မှာနေရင်းဖတ်ရှုပါက အလွန်ပင်အကျိုးများပါမည်။

 

ကုန်ကာဘဝအကျိုးကျေးဇူးရှာဖွေရာတွင် အကျိုးကျေးဇူး ရှိလှသဖြင့် အချိန်မလောက်မငဖြစ်သည်ကို ခံစား ထိတွေ့လာကြရပါလိမ့်မည်။ ရောက်သည့်နေရာ ရောက်သည့်ဘဝတွင် အကျိုးရှိအောင်မြင်အောင် လုပ်ကြရပါမည်။

 

ကိုဗစ်- ၁၉ ကမ္ဘာ့ကပ်ဘေးရောဂါကာလအတွင်း အိမ်မှာနေရင်း စာအုပ်၊ စာပေဖတ်ရှုလေ့လာဆည်းပူးကြရန် တိုက်တွန်းရပါသည်။ မြန်မာပြည်သူပြည်သားများ စာဖတ်အားနည်းကြ၍ စာပေဖတ်ရှုကြဖို့အထူး လိုသည်။ လက်လှမ်းမီသမျှ မိမိပတ်ဝန်းကျင်ရောဂါဘယကင်းစွာ ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာဖြစ်အောင် လူတိုင်း တွေးခေါ်ကြံဆ၊ စီမံ၊ ဖန်တီးလုပ်ဆောင်နိုင်ကြဖို့လိုပါသည်။ မိမိမှ မိသားစု၊ မိသားစုမှ ရပ်ရွာ၊ ရပ်ရွာတို့မှ မြို့ပြနိုင်ငံ၊ မြို့ပြနိုင်ငံအသီးသီးမှ ကမ္ဘာသို့ သာယာလှပသော ပတ်ဝန်းကျင်ကောင်းများ အဆင့်ဆင့်ဖန်တီးကြဖို့ လိုပါသည်။ သဘာဝဘေး၊ ရောဂါဘေး၊ စစ်ဘေး၊ အငတ်ဘေး၊ ကမ္ဘာ့ကပ်ဘေးသည် တစ်ဦးတစ်ယောက်၊ တစ်နိုင်ငံတည်း ဖြင့် ဖြေရှင်း၍မရနိုင်ပါ။ ကမ္ဘာသူကမ္ဘာသားများသည် မေတ္တာ၊ နှလုံးသား၊ စိတ်ချင်းနီးကပ်စွာဖြင့် အသိပညာ ဖြင့် စုပေါင်းကာကွယ်နှိမ်နင်းမှသာ ကပ်ဘေးကြီး အောင်မြင်နိုင်ပါကြောင်း ရေးသားလိုက်ရပါသည်။ ။

 

သင်္ချာအောင်သင်း