အချိန်တိုင်း ကျန်းမာရေး အသိသတိဖြင့် လက်ဆေးဖို့လိုသည်

၂၃ သြဂုတ် 


ကုလသမဂ္ဂကလေးများ      ရန်ပုံငွေအဖွဲ့      (ယူနီဆက်ဖ်)က အောက်တိုဘာ ၁၅ ရက်ကို ‘ကမ္ဘာ့လက်ဆေးကြောရေးနေ့’ အဖြစ် သတ်မှတ်ခဲ့သည်။ ကမ္ဘာတစ်ဝန်းတွင် ‘ကမ္ဘာ့လက်ဆေး ကြောရေးနေ့’သည် ၂၀ဝ၈ ခုနှစ် အောက်တိုဘာ ၁၅ ရက်မှစ၍ ပထမဆုံးအကြိမ်အဖြစ်      ပေါ်ပေါက်လာခဲ့သည်။     ကမ္ဘာ့လက်ဆေးကြောရေးနေ့    သတ်မှတ်ရခြင်းနှင့်ပတ်သက်၍ ကမ္ဘာ့နိုင်ငံအားလုံးသို့ ယူနီဆက်ဖ်၏ တိုက်တွန်းချက်ကိုလည်း အောက်ပါအတိုင်း တွေ့ရသည်။

 

ကမ္ဘာ့လက်ဆေးကြောရေးနေ့ကို ကျင်းပခြင်းဖြင့် အာရှနှင့် အာဖရိကတိုက်တို့ရှိ    ကလေးသူငယ်ပေါင်းများစွာတို့၏ အသက်ဘေးအန္တရာယ်ကို ကယ်တင်ပေးရာ ရောက်ပေမည်။ တစ်ကမ္ဘာလုံးအတိုင်းအတာအားဖြင့် ခြုံငုံလေ့လာကြည့်လျှင်  ဝမ်းနှင့်  ပတ်သက်သော  ရောဂါများကြောင့်  နေ့စဉ်ကလေး သူငယ်ငါးထောင်ခန့် သေဆုံးနေကြရသည်။ ကလေးသူငယ်များအား  အစာမစားမီ  လက်ကိုဆပ်ပြာဖြင့်    စင်ကြယ်အောင် ဆေးရန်နှင့် အိမ်သာတက်ပြီးနောက် လက်များကို ဆေးကြောပေးရန်      လေ့ကျင့်ပေးခြင်းဖြင့်      ဝမ်းနှင့်ပတ်သက်သော ရောဂါများကင်းဝေးပြီး ကလေးသူငယ်သေဆုံးမှု လျှော့ချနိုင် မည်ဖြစ်သည်။

 

လက်ဆေးကြောခြင်းအလေ့အထ


ငယ်စဉ်ကတည်းက  အလေ့အထကောင်းများကို  သိရှိနားလည် သဘောပေါက်၍ စွဲမြဲသွားစေရန် လေ့ကျင့်ပေးရန်မှာ မူလတန်းအရွယ်ကလေးသူငယ်များသည်  အသင့်လျော်ဆုံး အရွယ်ဖြစ်သည်။  ကျောင်းများတွင်  သက်တူရွယ်တူကလေး သူငယ်တို့ကို အတန်းလိုက် စုစည်းပြီးသားဖြစ်ကာ တစ်ဦးနှင့် တစ်ဦး အတုယူတတ်ကြသည့် နေရာလည်းဖြစ်သည့်အတွက် ကလေးသူငယ်များသည် သူတို့၏ ဆရာ ဆရာမများကို ရိုသေ လေးစားပြီး    ဆိုဆုံးမသွန်သင်လမ်းညွှန်မှုကို    နားထောင် လိုက်နာတတ်ကြသည်။ ဆရာ ဆရာမများသည် ကျောင်းသား ကျောင်းသူတို့၏ စံပြများဖြစ်ကြရာ  ယင်းအခွင့်အလမ်း ကောင်းများကိုအသုံးချပြီး ကလေးသူငယ်များအား လက်ဆေး ကြောခြင်းအလေ့အထကို လေ့ကျင့်ပုံသွင်းပေးနိုင်မည်ဖြစ်သည်။  ‘မိဘဆရာပူးပေါင်း  ကလေးကျန်းမာရေးကောင်း’ အောင် နေအိမ်တွင်လည်း မိမိတို့သားသမီးများကို လေ့ကျင့် ပေးရပေမည်ဖြစ်သည်။

 

မြန်မာနိုင်ငံတွင် ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့မှ ဌာနအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ အေဂျင်စီများနှင့် အစိုးရ မဟုတ်သော အဖွဲ့အစည်းများမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ စာသင် ကျောင်းများမှ ဆရာ ဆရာမများ ဦးဆောင်ပြီး နိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းများတွင်      က္ဘာ့လက်ဆေးကြော ရေးနေ့လှုပ်ရှားမှု အခမ်းအနားများကို နှစ်စဉ်ကျင်းပခဲ့ကြသည်။ ကျောင်းများရှိ ဆရာ ဆရာမများနှင့် ကျောင်းသားမိဘများ၊ ကျောင်းသား ကျောင်းသူများစုံညီစွာ တက်ရောက်ဆင်နွှဲကြ သောကြောင့်  ‘ကမ္ဘာ့လက်ဆေးပွဲတော်နေ့’  ဟူ၍လည်း အလေးထားဖော်ပြကြသည်ကို တွေ့ရသည်။

 

အောက်တိုဘာလ  ၁၅  ရက်နေ့  ကမ္ဘာ့လက်ဆေးကြောရေးနေ့ လှုပ်ရှားမှုက အမြဲတမ်း လက်သန့်ရှင်းရေးကို ဂရုစိုက်စေဖို့ အသိ၊ သတိနှင့် တွန်းအားပေးလိုက်သော၊ အရှိန်အဟုန် မြှင့်တင်ပေးလိုက်သော လှုပ်ရှားမှုသာဖြစ်သည်။ စင်စစ်ကား အောက်တိုဘာလ  ၁၅  ရက်နေ့သည်  လက်ဆေးခြင်းဓလေ့၊ လက်ဆေးခြင်း၏ အကျိုးကျေးဇူးကို လူအများသိရှိနားလည် သဘောပေါက်စေရန် အသိပညာပေးသောနေ့သာဖြစ်ပြီး ၃၆၅ ရက်သော  တစ်နှစ်တာရက်အားလုံးတို့သည်  နေ့စဉ်နေ့တိုင်း ကမ္ဘာ့လက်ဆေးကြောရေးနေ့များပင် ဖြစ်သည်။

 

ကမ္ဘာ့လက်ဆေးကြောရေးနေ့ 


ကမ္ဘာ့လက်ဆေးကြောရေးနေ့ ကျင်းပပေးခြင်းဖြင့် ကမ္ဘာလုံးဆိုင်ရာ တစ်ကိုယ်ရေသန့်ရှင်းရေး၊ အညစ်အကြေးကင်းစင် ရေးတို့ကို    တွန်းအားပေးဆောင်ရွက်ရာ      ရောက်ပေသည်။ လက်များကို  စင်ကြယ်စွာ  လက်ဆေးခြင်းသည် ကျန်းမာရေး အတွက်    အရေးတကြီးလိုအပ်သော    အခြေခံအလေ့အထ တစ်ခုဖြစ်သည်။    ကျန်းမာရေးနှင့်ညီညွတ်သော အပြုအမူကောင်းများ  ပြည့်စုံရေးအတွက်  ကျန်းမာရေးဆိုင်ရာ  အသိ ပညာတိုးချဲ့ ခြင်းနှင့်  အလေ့အထဖြစ်ထွန်းခြင်းတို့သည် မရှိ မဖြစ်လိုအပ်ချက်များဖြစ်ကြောင်း  ကျန်းမာရေးပညာဆိုင်ရာ ပညာရှင်များက မိန့်ဆိုထားသည်။ အလေ့အကျင့်မှ  အလေ့အထသို့ ကူးပြောင်းတတ်သော သဘာဝရှိသည်။

 

ကမ္ဘာ့ဖွံ့ဖြိုးဆဲနိုင်ငံပေါင်း ၆၀ ကျော်တို့ရှိ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများ၊  စေတနာ့ဝန်ထမ်းပုဂ္ဂိုလ်များအနေဖြင့် စာသင်ကျောင်းများသို့သွားရောက်ကာ ကျောင်းသားလူငယ် ကလေးများအား လက်များဆေးကြောခြင်းအပါအဝင် တစ်ကိုယ်ရေသန့်ရှင်းရေးအတွက်   ကျန်းမာရေးပညာပေး လုပ်ငန်းများတွင် စီမံချက်များ ချမှတ်ပါဝင်လုပ်ဆောင်သွားကြရန် လိုအပ်သည်။ ကလေးသူငယ်များ လက်ဆေးကြောရေး လုပ်ငန်းစီမံချက်ကို  ပိုမိုအလေးပေးလုပ်ဆောင်သင့်သည်။ အနောက်အာဖရိကတွင် သေဆုံးလျက်ရှိကြသည့် ကလေးငယ် သုံးပုံတစ်ပုံမှာ တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းချက်ကြောင့် ဖြစ်ကြောင်း    ယူနီဆက်ဖ်အဖွဲ့မှ    စိစစ်တွေ့ရှိခဲ့ရ၍      ကမ္ဘာ့လက်ဆေးကြောရေးနေ့    လှုပ်ရှားမှုများကို        အလေးထား လုပ်ဆောင်ကြပါရန် တိုက်တွန်းထားသည်။

 

မြန်မာလူမျိုးများ၏ လက်ဆေးခြင်းဓလေ့ကို  စစ်တမ်းကောက် သုတေသနပြုကြည့်သောအခါ    လူငါးယောက်မှာ တစ်ယောက် (ရာခိုင်နှုန်းအားဖြင့် ၂၀ ရာခိုင်နှုန်း) သောလူများသာလျှင် အိမ်သာအထွက်တွင်  လက်ကိုဆပ်ပြာဖြင့်  စင်စင်ဆေးကြောသည်ကို တွေ့ရသည်။

 

လက်ကိုဆပ်ပြာဖြင့် ဆေးရန်လိုမြန်မာလူမျိုးအများစုတို့သည် ထမင်းစားပြီးခါမှ လက်ကို ဆပ်ပြာဖြင့် စင်စင်ဆေးကြသည်ကို တွေ့ရသည်။ ထမင်းမစားမီ  လက်ဆေးသည်ဆိုရာမှာ ဇလုံထဲကရေထဲတွင် လက်ကိုနှစ်၍ ရေစွတ်ရုံစွတ်ကြပြီး လက်ရှိအညစ်အကြေးများ၊ ချေးများကို နူးသလိုသာ ဖြစ်ပေသည်။ ထမင်းမစားမီမှာသာ လက်တွင်ရှိနေသော အညစ်အကြေးများနှင့် ရောဂါပိုးများ စင်ကြယ်သွားစေရန် လက်ကိုဆပ်ပြာဖြင့် ဆေးရန်လိုအပ်သည်။ အစာမစားမီ လက်ကိုဆပ်ပြာဖြင့် စင်စင်ဆေးသူနှင့် အစားအသောက်များကို မကိုင်တွယ်ခင် လက်ကိုစင်စင်ဆေးသူ နည်းလှသည်။ ထမင်း၊ ဟင်းပြင်ဆင်ချက်ပြုတ်ကြသော အိမ်ရှင်မအများစု လက်ဆေးခြင်းဓလေ့ မရှိကြသည့်အပြင် ချက်ပြီးသား အစားအစာထမင်း၊ ဟင်းတို့ကို    ခူးခပ်ပြင်ဆင်ရာတွင်လည်း    လက်သန့်ရှင်းမှုကို အလေးမထားတတ်ကြပေ။

 

လူကြီးမိဘများနှင့် ကလေးသူငယ်များအားလုံးက အိမ်သာအထွက်လက်ဆေးပါ။  အစာမစားမီလက်ဆေးပါ။  အစားအစာများကို ကိုင်တွယ်ချက်ပြုတ်ခြင်းမပြုမီ လက်ဆေးပါ။ အညစ်အကြေးများကို ကိုင်တွယ်ထိတွေ့မိတိုင်း လက်ဆေးပါ။ သောက်သုံးရေများမခပ်မီ လက်ဆေးပါဟူသော စည်းကမ်းချက်များကို    ပင်ကိုအသိစိတ်ဓာတ်ဖြင့်    ဓလေ့တစ်ခုအဖြစ် လိုက်နာကျင့်သုံးကြရန်လိုသည်။

 

ပတ်ဝန်းကျင်ရှိ အရာဝတ္ထုတိုင်းတွင်  မျက်စိဖြင့်  မမြင်နိုင်သော  ရောဂါပိုးများနှင့်အညစ်အကြေးများရှိနေတတ်ရာ ယင်းအရာဝတ္ထုများကို ကိုင်တွယ်ထိတွေ့မိသော လက်များတွင် ရောဂါပိုးများနှင့် အညစ်အကြေးတို့ တွယ်ကပ်ပါလာတတ်သဖြင့် လက်ကိုစင်ကြယ်အောင်  ဆေးကြောဖို့လိုအပ်ကြောင်း သဘောပေါက်ရန် လိုအပ်သည်။

 

လက်ဆေးဖို့ ဆပ်ပြာအတွက် ကုန်ကျစရိတ်ကို အကြောင်းပြကြ၏။ သို့သော် လက်ဆေးရန်ဆပ်ပြာမှာ မပြောပလောက်သော ပမာဏမျှသာ ကုန်ကျခြင်းဖြစ်သည်။  ဆပ်ပြာဖိုးကုန်ကျမည့် ငွေကြေးနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်၍ ဆေးကုသမှု ကုန်ကျစရိတ်တို့ကို    နှိုင်းယှဉ်တွက်ချက်ကြည့်ပါက  အမှန်ကို သဘောပေါက်သိမြင်နိုင်မည်ဖြစ်သည်။ ယုတ်စွအဆုံး ဆပ်ပြာ မတတ်နိုင်ပါက (အခြေအနေတစ်ရပ်ရပ်ကြောင့်  ဆပ်ပြာမရရှိ နိုင်ပါက)မီးဖိုချောင်ကရသည့်  ပြာသည်ပင် ရောဂါပိုးများကို သေစေနိုင်သော  အာနိသင်ရှိသဖြင့်  ဆပ်ပြာအစား  ပြာမှုန့် သို့မဟုတ် ပြာရည်(ပြာကြာတက်ရည်)ကို အသုံးပြုနိုင်ကြောင်း၊ ပညာရှင်များက အကြံပြုထားကြောင်း သိရသည်။

 

ကျန်းမာရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ


လူသားအားလုံးတွင် ကျန်းမာရေးဆိုင်ရာ အထောက်အကူပြု အစားအသောက်ဆိုင်ရာ      အလေ့အကျင့်ကောင်းများ လေ့ကျင့်ပျိုးထောင်ပြီး  သက်ရှည်ကျန်းမာစွာနေထိုင်နိုင်ခွင့် ရှိသည်။  မိခင်နို့ချိုဖြင့်   အသက်ရှင်သန်ရသည့်  မွေးကင်းစကလေးအရွယ်မှ  အဘိုးအဘွား၊  သက်ကြီးရွယ်အိုဘဝအထိ နေထိုင်စားသောက်မှုပုံစံက အရေးပါနေမည်ဖြစ်သည်။ ကွမ်းအလွန်အကျွံဝါးခြင်း၊ ဆေးလိပ်အလွန်အကျွံသောက်ခြင်း၊ အရက်သေစာလွန်ကဲစွာ သောက်စားခြင်းအစရှိသော ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်နိုင်သည့်  မကောင်းသောအမူအကျင့်များကို ရှောင်ကြဉ်သင့်လှသည်။

 

မြန်မာနိုင်ငံအနေဖြင့် အမျိုးသားကျန်းမာရေးကဏ္ဍ၏ အဓိကအစိတ်အပိုင်းများဖြစ်သည့်  လူတိုင်းသက်တမ်းစေ့ အသက်ရှည်ကျန်းမာစွာ  နေထိုင်နိုင်ရေး၊ ရောဂါဘယကင်းရှင်းရေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး မြို့ ပြလူနေမှု၊ ကျေးလက်လူနေမှုဘဝများစွာအထိ ကျန်းမာရေးအသိပညာ ပေးခြင်း၊  ရောဂါကာကွယ်တားဆီးခြင်း၊  ရောဂါဖြစ်ပွားလျှင် အမြန်ဆုံးထိရောက်စွာ  ကုသပေးနိုင်သည့်အခြေအနေတို့ကို အများပြည်သူတို့လက်တွေ့ကျင့်သုံးလိုက်နာနိုင်ရေး၊ ကုသရေး၊ အသိပညာပေးရေးလုပ်ငန်းများ  စဉ်ဆက်မပြတ်ဆောင်ရွက် ပေးလျက်ရှိကြောင်း တွေ့ရှိရသည်။

 

အစားအသောက်များ  မူမမှန်မှုကြောင့်  လက်ဆေးခြင်း အလေ့အကျင့်မရှိခြင်း၊ အသီးအနှံများကို ရေစင်ကြယ်အောင် မဆေးကြောခြင်း၊ အစာအဆိပ်သင့်မှုဖြစ်ပွားရခြင်း ဖြစ်သည်။ အသီးအနှံများတွင် ဓာတုဆေးဝါးများ၊ ပိုးသတ်ဆေးများ  အများအပြား ပါဝင်နိုင်ခြင်းကြောင့်  ရေဖြင့်စင်ကြယ်အောင် ဆေးကြောရန်လိုအပ်သည်။ အိမ်ရှင်မများအနေဖြင့်    ဓာတု ဆေးဝါးနှင့် ပိုးသတ်ဆေးများ ပျော်ဝင်သွားစေရန် အိမ်သုံးဆားကို အသုံးပြု၍ ရေနှင့်စင်ကြယ်အောင်ဆေးကြောပြီး ဟင်းလျာများ ချက်ပြုတ်စီမံသင့်သည်။ ရေစင်ကြယ်အောင် ဆေးကြော ခြင်းမရှိသဖြင့် အစာအဆိပ်သင့်မှု အခြေအနေများ ပေါ်ပေါက် လာနိုင်ခြင်းကြောင့် အစာအဆိပ်သင့်မှုဖြစ်ပွားသည့် လက္ခဏာများကို ဗဟုသုတအဖြစ် သိရှိခြင်းဖြင့် အိမ်ရှင်မများသာမက မိသားစုဝင်အားလုံး ပျို့အန်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ခေါင်းမူးခြင်း၊ အပြင်းဖျားနာခြင်းတို့မှ ကင်းဝေးစေနိုင်ကြောင်း ရေးသားလိုက် ရပါသည်။               ။

 

မေယု -  မျိုးအောင် (MANA)