အလေ့အကျင့်ကောင်းလေး ဖန်တီးပါ

 

ရှိုင်းဝေအောင်

 

စာအုပ်စာပေဆိုတာ ဝါသနာပါမှ ဖတ်လို့ရတာ မဟုတ်ပါဘူး။ စာဖတ်ဝါသနာပါဖို့အတွက် ဆိုတာ လေ့ကျင့်ပြီး လုပ်ယူလို့လည်း ရနိုင်ပါ တယ်။ ဘယ်လိုလုပ်ယူမလဲ။

 

(၁) အလေ့အကျင့်လုပ်ဆောင်ရမယ်

 

စာအုပ်စာပေ ဖတ်ရှုလေ့လာသင့်တယ် ဆိုတာ လူတိုင်းသိထားကြတယ်။ သို့ပေမယ့် လူတိုင်းမဖတ်ကြဘူး။ အကြောင်းကတော့ ဖတ်လေ့ဖတ်ကျင့် မရှိတာနဲ့လည်း ဆိုင်ပြန် တယ်။ ယနေ့လို တိုးတက်နေတဲ့ ခေတ်ကြီးမှာ စာဖတ်ကျင့်မရှိသေးတဲ့ လူတစ်ယောက်ကိုလေ့ကျင့်ဖို့ရာဟာလည်း ခက်တော့အခက် သား။ စာဖတ်ရမှာကို အပိုအလုပ်တစ်ခုလို့ ထင်မြင်လာကြတယ်။ ဒီလိုစိတ်မျိုးတွေကို ကျွန်တော်တို့ အဝေးကို လွှင့်ပစ်ရမယ်။ ဘယ်လိုအရာမဆို အလေ့အကျင့်ရှိဖို့က အဓိကပါ။

 

စာအုပ်တွေ ဖတ်ရင်းကနေ ကိုယ်ဖြစ်ချင်တာတွေအတွက် အားထုတ် လို့ရပါတယ်။ ကျွန်တော်တို့ သိပ်သဘော ကျရတဲ့ လူရွှင်တော်ကြီး ဦးမိုးဒီဟာ အားသည် ဖြစ်စေ၊ မအားသည်ဖြစ်စေ တစ်ရက်ကို ပုံမှန် နှစ်နာရီလောက် စာဖတ်ဖြစ်တယ်လို့ အင်တာ ဗျူးတစ်ခုမှာ နားထောင်ခဲ့ရဖူးတယ်။ ဘယ်လောက်တောင် လေးစားအတုယူ အားကျစရာကောင်းလိုက်သလဲ။

 

ကိုယ့်ရဲ့ စိတ်ထဲမှာ အင်မတန်ဖြစ်ချင်တဲ့ ရည်ရွယ်ချက်တစ်ခုတော့ ရှိမှာပေါ့။ ဥပမာ ကျောင်းဆရာလား။ ဆရာဝန်လား။ စာရေး ဆရာလား။ အင်ဂျင်နီယာလား။ အစရှိတဲ့ အရာတွေအပြင် အခြားသော ဖြစ်ချင်တဲ့ အရာတွေ အမျိုးမျိုးလည်းရှိ။ ဆိုင်ရာဝါသနာ တွေအတွက် လေ့လာစရာ မှတ်သားစရာတွေ အားလုံးကို စာအုပ်တွေထဲမှာ ရှာဖွေလို့ရတယ်။ စာအုပ်ချည်းပဲ ဖတ်ရမှာမျိုးတော့ မဆိုလိုပါဘူး။ ဆိုင်ရာပညာရပ်တွေကိုလည်း သင်ယူရင်းနဲ့ ဆိုင်ရာပညာရပ်အတွက် အထောက်အကူ ဖြစ်စေမယ့် စာအုပ်တွေကို ရွေးချယ်ဖတ်ရ မှာပေါ့။ ဒါ့ကြောင့် ကိုယ်စိတ်ဝင်စားတဲ့ အကြောင်းအရာတွေကနေစကာ တစ်နေ့ကို သက်မှတ်ချိန်လေးတစ်ခုပေးပြီး ပုံမှန်စာဖတ် ကျင့်လေးလုပ်ပေးမယ်ဆိုရင် အချိန်တွေ ကြာလာတာနဲ့အမျှ အလေ့အကျင့်ကောင်းတွေ ရလာမယ်။ စာဖတ်ရတာကို ငြီးငွေ့ခြင်းကင်းမဲ့ လာလိမ့်မယ်။

 

(၂)အလေ့အကျင့်ကနေ အလေ့အထသို့...

 

အလေ့အကျင့်တွေများလာရင် အလေ့ အထ အားကောင်းလာတတ်တယ်။ ကိုယ်နေ့စဉ် မြင်နေတွေ့နေကျ အရာဝတ္ထု တစ်ခုခုကို နေ့စဉ်ပုံမှန် မြင်နေကျနေရာအနား ရောက်ရင် အလိုလိုကြည့်မိတတ်တာမျိုးပေါ့။ အဲ့သလိုပဲ စာအုပ်စာပေကို ပုံမှန်အချိန်အတိုင်း အတာ တစ်ခုနဲ့ သတိထားဖတ်တဲ့အကျင့်ကလေးတွေများလာတဲ့အခါ စာအုပ်တွေကို မြင်တာနဲ့ အနည်းဆုံး ကောက်ကိုင်ကြည့်မိ မယ်။ ပြီးရင် ဟိုဟိုဒီဒီ လှန်လှောရင်း စာဖတ် လာမိလိမ့်မယ်။ ပြီးတော့ ပုံမှန်စာဖတ်နေတဲ့ အချိန်ရောက်ရင် ကိုယ့်အတွက် လိုအပ်မှု တစ်ခုဆိုတာမျိုးဖြစ်လာမယ်။ အလေ့အကျင့် အားကောင်းရင် ကောင်းသလောက် အလေ့ အထ အားကောင်းလာပါလိမ့်မယ်။ ဒီလိုနဲ့ စာစဖတ်တဲ့လူဟာ တဖြည်းဖြည်းနဲ့ စာအုပ် စာပေကို နှစ်သက်လာနိုင်ပါတယ်။ အလေ့ အကျင့်အားပေါ်မူတည်ပြီး အလေ့အထ အနိမ့်အမြင့်ဆိုတာတော့ ရှိတာပေါ့လေ။ ဒီနောက်မှာ ထပ်မံဖြစ်တည်လာတာက ဝါသနာဆိုတာပါပဲ။

 

(၃) ကိုယ်ဘာဝါသနာပါသလဲ သိအောင်လုပ်ရ မယ်။

 

အလေ့အထအားတွေ များလာတဲ့အခါ ကိုယ်ဝါသနာပါတာ ဘယ်ဟာလဲဆိုတာ ဝေဝေဝါးဝါးလေး ဖြစ်ပေါ်လာလိမ့်မယ်။ ပြီးနောက်မှာ ဝေးဝါးမှုပေါင်းစုံထဲကမှ ကိုယ် စိတ်အဝင်စားဆုံး အကြောင်းအရာတွေကို တွေ့လာရမယ်။ နေ့စဉ်ပုံမှန် အချိန်သတ်မှတ် ချက်တွေနဲ့ ဖတ်ရှုလေ့လာတဲ့အခါ အလေ့ အကျင့်ကနေ အလေ့အထကို ကူးပြောင်းလာ ပြီးတော့ စာဖတ်ချင်တဲ့စိတ်တွေ မြင့်တက် လာတဲ့အဆင့်ကို ရောက်ရှိလာမယ်။ အဲ့ဒီအခါ “စာဖတ်တယ်ဆိုတာ ပေါ့သေးသေးမတွက်နဲ့။ စာဖတ်တယ်ဆိုတာ တစ်ပါးသူရဲ့ အမှားကို ကိုယ်ဆက်မမှားအောင်လုပ်တာ။ တစ်ပါးသူရဲ့ အတွေ့အကြုံကို ကိုယ့်အတွေ့အကြုံအဖြစ် ရယူတာ” ဆိုတဲ့ ဆရာကြီးဦးအောင်သင်း ဆုံမစကားကို ကိုယ်တိုင်ခံစားနာလည် သဘောပေါက်လာလိမ့်မယ်။ စာပေရဲ့တန်ဖိုး ကို နားလည်လာလိမ့်မယ်။ စာတွေဖတ်လာရင်း ကနေ တဖြည်းဖြည်းနဲ့ စာဖတ်အား ရင့်သန် လာဖို့တော့ လိုမယ်။ ကိုယ်ဖြစ်ချင်တာကို သိလာရင် ကိုယ်ဝါသနာပါတဲ့ အရာတွေကို ပိုမိုဖတ်ဖြစ်လာလိမ့်မယ်။ ဆရာဝန်လား၊ ပညာရေးလား၊ စက်မှုလက်မှုလား၊ နယ်ပယ် ပေါင်းစုံတိုင်းရဲ့ ပညာရပ်တွေကို စာပေတွေ ထဲမှာ အစုံရှိတယ်။ ကိုယ်ဝါသနာပါရာ နယ်ပယ်ကို အားလပ်ချိန်လေးတွေမှာ စာအုပ်စာပေတွေထဲကနေ လေ့လာသင်ယူ နိုင်ပါတယ်။

 

(၄)အထုံရှိရမယ်

 

အထုံဆိုတာ အလေ့အကျင့်နဲ့အလေ့အထ ကနေ ဝါသနာအား အလွန်ရင့်သန်လာမှ ဖြစ်ပေါ်လာတတ်တာမျိုးပေါ့။ မလုပ်ရ မနေနိုင်တော့တာမျိုးပေါ့။ တစ်ခါတစ်ခါ ကျွန်တော်တို့တွေ အလုပ်တွေများလို့ ပင်ပန်း နွမ်းနယ်လာတဲ့အခါ စာဖတ်ချင်စိတ်မရှိတော့တာမျိုးဖြစ်ပြီးတော့ မဖတ်ဖြစ်တာတွေလည်း ဖြစ်ဖူးကြတယ်။ ဒီလိုနဲ့ အချိန်တွေ ကြာလာတဲ့အခါ ဆင်ခြေအမျိုးမျိုးပေးပြီး အလေ့အကျင့်ကောင်းတွေကို မသိကျိုးကျွံ ပြုလာတတ်ကြပြန်တယ်။ ဒီတော့ ဝါသနာ ဆိုတာဟာလည်း အားပျော့လာတတ်တယ်။ အထူးသဖြင့် ယနေ့ ဆိုရှယ်မီဒီယာခေတ်မှာ စိတ်အပန်းဖြေစရာတွေ အလွန်များလာတော့ ဝါသနာအဆင့်ကနေ အထုံပါဖို့အတွက် အတော်လေးကို ခက်ခဲလာတယ်။ ဒါ့ကြောင့် ပထမအဆင့်ဖြစ်တဲ့ အလေ့အကျင့်ကောင်း ကလေးကို မြဲမြဲဆုပ်ကိုင်ထားမှသာ ဝါသနာ ရင့်သန်လာပြီး စာဖတ်ခြင်းကို အလိုလို နှစ်သက်လာမယ်။ အထုံအား အလွန်ကောင်းသူ တွေဟာ အားလပ်ချိန်များ စာမဖတ်ရရင် သူ့အတွက် ဆားမပါတဲ့ဟင်းတစ်ခွက်လို ဖြစ်နေတတ်တော့တယ်။ ဒါ့ကြောင့် လူအတော် များများက စာကြမ်းပိုးလို့ သွယ်ဝိုက်ပြီး ပြောလေ့ရှိကြတယ်။

 

(၅) ပါရမီရှိရမယ်

 

ပါရမီဆိုတာကတော့ ကိုယ်ကျင့်ကြံ ထားတဲ့ အသိပညာ အတတ်ပညာတွေ အတော်များများ ပြည့်စုံလာတဲ့အခါ နောင်မျိုးဆက်သစ်တွေအတွက် သူတို့ အတွေး အမြင်တွေကို ချပြလာချင်တာမျိုးပါ။ သူတို့ သိသလို သိလာစေချင်တဲ့အတွက် နည်းလမ်း အမျိုးမျိုးနဲ့ မျှဝေပေးတတ်သလို ကိုယ်ကိုယ် တိုင်လည်း အစွမ်းကုန် ကြိုးစားတတ်ကြတယ်။ ဥပမာ - စာရေးဆရာလိုမျိုးပေါ့။ အခြားလည်း အများကြီးပေါ့။ ရဟန်းသံဃာတို့၊ တရားဟော ဆရာတို့ဟာလည်း အနှိုင်းမဲ့ ဗုဒ္ဓမြတ်စွာဘုရား ရှင်ရဲ့ တရားတော်တွေကို ကိုယ်တိုင်လည်း ဖြည့်ကျင့်ရင်းနဲ့ များလူသတ္တဝါတွေကိုလည်း မျှဝေပေးကြတာပေါ့။ ကိုယ်သိပြီး ဘယ်သူ့မှ မျှဝေမပေးဘူးဆိုရင် အဲ့ဒီလူဟာ လောက အတွက် လူပိုပါပဲ။

 

အလေ့အကျင့်ဆိုတာ စာအုပ်စာပေ တစ်ခုထဲမှာတင်မဟုတ်ဘူး။ လူထူထပ်တဲ့ နေရာမှာ ဆေးလိမ်မသောက်ရတာ၊ အမှိုက်ကို အမှု့မဲ့ အမှတ်မဲ့မစွန့်ပစ်တာ၊ အစာစားပြီး ပုံမှန်သွားတိုက်တာ၊ သူများပစ္စည်းမခိုးတာ၊ သူများအသက်မသတ်တာ၊ သူများသားမယား ကို မပြစ်မှားတာ၊ သူများကို လိမ်မပြောတာ၊ ကိုယ်ကိုယ်တိုင်သာမက အခြားသူတွေကိုပါ သေရည်သေရက် မသောက်သုံးစေတာအပြင် အခြား အလေ့အကျင့်ကာင်းလေးတွေ အများ ကြီးကိုပါ ကျင့်ကြံဖို့လိုအပ်တာပါ။ ဒါ့ကြောင့် ဘယ်လိုအရာမျိုးကိုမဆို အလေ့အကျင့်ကောင်း သာရှိရင် ကမ္ဘာလောကကြီးဟာ အင်မတန့် အင်မတန် ကျက်သရေအပေါင်းနဲ့ ခညောင်း နိုင်မယ် မဟုတ်ပါလား။ ဒါ့ကြောင့် ကျွန်တော် တို့တွေအားလုံး အလေ့အကျင့်ကောင်းလေး တွေကို မမှိတ်မသုန် ကျင့်ကြံကြိုးစား အားထုတ်ရင်း နောင်မျိုးဆက်သစ်တွေအတွက် မှန်ကန်သောလမ်းကို ပြနိုင်အောင် ကျင့်ကြံ ကြိုးစားအားထုတ်ကြပါစို့။

 

ကြေးမုံ (မျိုးဆက်သစ်ရင်ပြင်)